အစိုးရနှင့်လွှတ်တော် ပြေလည်ရေး မွန်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဦးဝင်းထိန် ဆွေးနွေး

0
496

မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည် နယ် လွှတ်တော်အကြား ပြေလည်မှု ရှိစေရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်က မွန်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များနှင့် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဦးဝင်ထိန်သည် မွန်ပြည်နယ် အတွင်းရှိ NLD ပါတီမှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတာဝန်ယူထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် နိုဝင်ဘာလ ၁၃ရက်က မော်လမြိုင် မြို့ရှိပြည်နယ်ရုံးချုပ်တွင် တွေ့ဆုံခဲ့ ကြ ပြီး ပြည်နယ်အတွင်းအစိုးရနှင့် လွှတ် တော်အကြား ပွတ်တိုက်မှု အနေအထား များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 
” အစိုးရရယ် လွှတ်တော်ရယ်၊ မွန် ပြည်နယ်နယ်က ပါတီတွေရယ် သုံးဦး သုံးဖလှယ် အလုပ်တွေကို ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြဖို့၊ အချင်းချင်း တည့်မျှ နေကြဖို့၊ ရှင်းရှင်းပြောရရင် ရန်မဖြစ် ကြဖို့ပေါ့၊ လွှတ်တော်နဲ့အစိုးရကြား ပြဿနာ မဖြစ်အောင်လာတာ၊ အခုဆွေး နွေးချက်က အောင်မြင်တယ်”  ဟု ဦးဝင်း ထိန်က ပြောသည်။
မွန်ပြည်နယ်တွင် အစိုးရအဖွဲ့ ဝန် ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များအကြား ကန့်ကွက်မှု မကြာခဏ ဖြစ်ပေါ်နေ သည့်အတွက် ဒီမိုကရေစီ ဆန်ဆန် တိုင်ပင်နှီးနှောသွားရန် ယခု ကဲ့သို့ လာရောက် တွေ့ဆုံခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆက်ပြောသည်။
” ဦးဝင်းထိန်ကိုယ်တိုင်လာပြီး အစိုးရနဲ့လွှတ်တော် ညီညီညွတ်ညွတ်နေ ဖို့ လာဆုံးမတာပါ၊ ကျွန်တော်တို့ကသူတို့ (အစိုးရ) လုပ်ဆောင်ချက်တွေ အားနည်း နေတယ်ဆိုတာကိုထောက်ပြ တင်ပြတယ်၊ ပူးပေါင်းပြီး ပြည်သူအကျိုး ရှိ အောင် လုပ်မယ်လို့တော့ ပြောသွားတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

 
မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန် ပြည်နယ်လွှတ်တော်တို့သည် အပြန်အလှန်ထိန်းကျောင်းသည့်နေရာတွင် ပွတ် တိုက်မှုရှိနေသည့် အနေအထားဖြစ်သည်။ ထိုအနေအထားကြောင့် ဇွန်လ ၁၇ ရက် ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မွန်ပြည်နယ်သို့ လာရောက် ခဲ့ပြီး မွန်ပြည်နယ် ပြည်သူ့၊ အမျိုးသား နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့ကာ အစိုးရကို ဝေဖန် ထောက်ပြမှု မလုပ်ရန်လွှတ်တော် ကိုယ် စားလှယ်များကိုလမ်းညွှန်သွားခဲ့ ဖူးသည်။