ဂျင်းခရုကောက်ခွင့် အငြင်းပွားမှု နှစ်ဦးနှစ်ဖက် ပြေလည်မှုရ

0
416

ကျွန်းစုတွင် ဂျင်းခရုကောက်သည့် နေရာကိစ္စ ဒေသခံများနှင့် လုပ်ငန်း ရှင်များ အငြင်းပွားမှုအား ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းပေးရာ နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိခဲ့ကြောင်း ရေကန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးထံမှ သိရသည်။


ရေကန်တောင်ကျေးရွာအုပ်စု ရေအေးကျေးရွာနှင့် သဲချောင်းကြီးကျေး ရွာအနီးရှိ သဘာဝဂျင်းခရု ကောက် သည့်နေရာတွင် ရေကန်တောင် ကျေးရွာ နေ လုပ်ငန်းရှင် ၂ ဦးက ဂျင်းခရုများ မွေးမြူထားသောနေရာကို မှတ်တိုင်များ စိုက်ထားပြီး ယင်းနေရာတွင် ဒေသခံ များက မိရိုးဖလာ ကောက်နေကျအတိုင်း ဂျင်းခရု ဝင်ကောက်သဖြင့် အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်သည်။
” ဂျင်းခရုကောက်တာနဲ့ ပတ်သက် ပြီး၊ ကျွန်တော်တို့ရွာမှာ ဘယ်လိုပဲ ရှင်းရှင်း မပြေလည်ပါဘူး၊ ကြာလာရင် တော့ လုပ်ငန်းရှင်နဲ့ ရွာသားတွေအကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် သက်ဆိုင်လူကြီးတွေနဲ့ ခေါ်ယူညှိနှိုင်းခဲ့ ပါတယ် ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အထောက်အကူပြု ဦးလှဝေက ပြော သည်။

 
လုပ်ငန်းရှင်များသည် ၎င်းတို့ မွေးမြူထားသည့် ဂျင်းခရုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ အပြီးကောက် ရမည်ဟု ရက်သတ်မှတ်ပေးခဲ့သည်။ဒေသခံများအတွက်မူ လက်ရှိ ကောက်ယူရန် ဂျင်းခရုကျင်းအနီးတွင် ပေ ၃၀ ပတ်လည် ဧရိယာ သတ်မှတ် ပေးထားပြီး ၂၀၁၇ ဇန်နဝါရီလကုန်ပြီးမှ ကြိုက်သည်နေရာတွင် ယခင်အတိုင်း လွတ်လပ်စွာ ကောက်ယူရန် သတ်မှတ် ပေးလိုက်ကြောင်း ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောသည်။
ကျွန်းစုဒေသထွက် ဂျင်းခရု အကောင်ကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချပြီး ရောင်းတန်းဝင် အကောင် ခြင်းတစ်ခြင်းကို ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။