ကွင်းလယ်ဒိုင်အားထိုးသည့် ကစားသမားနှင့် နည်းပြများအား ရာသက်ပန်ပွဲပယ်

0
457

ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့ သည့် မောင်မယ်ရှောင်ကျေးရွာ ဘောလုံး အသင်းမှ ကစားသမား ၂ ဦးနှင့် နည်းပြ ၂ ဦးတို့အား ရာသက်ပန်  ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ထားဝယ်မြို့နယ် အား /ကာ ဦးစီးဌာနမှ သိရသည်။


ဇူလိုင်လ ၂၆ ရက်က ရှင်မုတ္ထီး ရွာဘောလုံးအသင်းနှင့် မောင်မယ်ရှောင် ရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားရာတွင် ပွဲချိန် ၇၉ မိနစ်ခန့်တွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့် မောင်မယ်ရှောင်ရွာ အသင်း နောက်ခံလူမှ ဒိုင်ဖြစ်သူအား ခြေထောက်ဖြင့်ကန်ပြီး အခြားဘောလုံး သမားတစ်ဦးနှင့် နည်းပြနှစ်ဦးမှ လက် သီးဖြင့် ထိုးခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း မှတ်တမ်းအရ သိရသည်။

 
နည်းပြ ၂ ဦးနှင့် ဘောလုံးသမား ၂  ဦးအား အား / ကာ ကော်မတီနှင့် အားကစားဦးစီးဌာနမှ ကျင်းပပြုလုပ် သည့် ပွဲစဉ်များတွင် ရာသက်ပန် ပွဲပယ် ပြစ်ဒဏ်အပြင် ဥပဒေအရ အရေးယူ နိုင်ရန် သက်ဆိုင်ရာ အား / ကာ ကော် မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် အား / ကာ ဦးစီးမှူးက ဆိုသည်။
” ဒိုင်ဆိုတာက လူသားပဲဖြစ်တော့ အမှား မကင်းနိုင်ဘူး၊ ဒီဆုံးဖြတ်ချက် အပေါ် ချင့်ချိန်ပြီး သုံးသပ်စေချင်တယ်၊ အားကစား စိတ်ဓာတ်အပြည့်နဲ့ပဲ ကစား စေချင်တယ်” ဟု မြို့နယ်အား/ကာ ဦးစီးမှူး  ဦးသန်းဇော်မိုးက ပြောသည်။ှ

 
မောင်မယ်ရှောင်ရွာ ဘောလုံး အသင်းကိုမူ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် တစ်နှစ် ပွဲပယ် ပြစ်ဒဏ် သတ်မှတ်လိုက်ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကွင်းလယ်ဒိုင်မှာ နဖူးကွဲသွားကာ လေးချက်ချုပ်လိုက် ရသည်။
ယင်းဖြစ်စဉ်ကြောင့် ပွဲရပ်နား လိုက်ရပြီး ပွဲရပ်နားချိန်တွင် ရှင်မုတ္ထီးရွာ အသင်းမှ ၃ ဂိုး ၊ မောင်မယ်ရှောင်ရွာမှ ဂိုးမရှိဟု ထားဝယ်မြို့နယ် အား၊ကာ ဦးစီးဌာနမှ သိရသည်။

 
ထားဝယ်မြို့နယ်တွင် ကျင်းပသည့် ဘောလုံးပွဲများတွင် ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယင်းသို့ ခိုက်ရန်ဖြစ်ပွားမှုများသည် လောင်း ကစားကိစ္စနှင့် ပတ်သက်နိုင်သည်ဟု ဝေဖန်သူများလည်း ရှိသည်။
ကွင်းလယ်ဒိုင်အား ထိုးနှက်ခဲ့သည့် နည်းပြ ၂ ဦးနှင့် ကစားသမား ၂ ဦးအား အရေးယူနိုင်ရန် ဇူလိုင်လ ၂၇ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် ရာဇဝတ် ကြီး အမှု အမှတ် (၆၀၀/ ၂၀၁၆) ဖြင့် ဦးတိုက်လျှောက်ထားကြောင်း ထားဝယ် မြို့မ ရဲစခန်းမှ သိရသည်။