ပြည်တော်ပြန်တစ်ဦးရဲ့ စတုတ္တအကြိမ် ထားဝယ်မြို့အဝင်

0
949

မော်လမြိုင်မှ ထားဝယ်သို့
ဒီတခေါက် ရန်ကုန်-ထားဝယ်ခရီး စဉ်ကို လေယာဉ်နဲ့မသွားဘဲ ကားနဲ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုဆုံးဖြတ်ခြင်းရဲ့ ပထမ အချက် က နိုင်ငံခြားသား စာအုပ်ကိုင်ထားသူ တွေကို လေယာဉ်ခ နှစ်ဆယူတဲ့အပြင် ထားဝယ်လေယာဉ်ကွင်း ရောက်ရင် စာ အုပ်ကိုသိမ်းပြီး ဟိုမေးဒီမေးလုပ်တာကို မခံချင်လို့ ဖြစ်ပါတယ်။


ဒုတိယ အချက်ကတော့ ရန်ကုန်နဲ့ ထားဝယ်ကြား၊ အထူးသဖြင့် မော်လ မြိုင်နဲ့ ထားဝယ်ကြားက တောတောင် ရေမြေ သဘာဝအနေအထားတွေ၊ ကား လမ်းအခြေအနေ၊ ခရီးသွားတွေရဲ့ အခြေ အနေကို လေ့လာချင်လို့ ဖြစ်ပါတယ်။

 
ရန်ကုန်နဲ့ မော်လမြိုင်ကြား ကား လမ်းအခြေအနေက ဘာမှ ပြောစရာမလို။ ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူဖောက်ပြီး ဂိတ်ကြေး ကောက်နေတာ ဆိုတော့ နေပြည်တော်လမ်းနီးပါး ကောင်းပါတယ်။ မကောင်းသေးတာက မော်လမြိုင်နဲ့ ထားဝယ်အပိုင်း ဖြစ်ပါတယ်။ ကျွန် တော်က အဲဒီလိုထင်နေပေမဲ့ ထားဝယ် ဒေသခံအများစုကတော့ “လမ်းတွေ သိပ်ကောင်းသွားပြီ” လို့  ပြောကြပါတယ်။ ဟုတ်ပါတယ်။ အရင် (၁၉၈၈ ဝန်းကျင် က) ရေးနဲ့ ထားဝယ်ကိုတောင် တနေကုန် မောင်းနေရတဲ့ ကားတွေဟာ အခုတော့ ရန်ကုန်ကနေ နေ့လယ် ၃ နာရီထွက်၊ နောက်တနေ့ မနက် ၅ နာရီ လောက်မှာ ထားဝယ်ကို ရောက်နေပြီ ဖြစ်ပါတယ်။

 
ဒါပေမဲ့ မော်လမြိုင်-ထားဝယ်ကား လမ်းဟာ မော်လမြိုင်-ရန်ကုန် လမ်းနဲ့ စာရင် အများကြီး ထပ်ပြင်ဖို့လိုနေဆဲပါ။ မော်လမြိုင်နဲ့ ထားဝယ်ကြားမှာ အဓိက တိုးတက်လာတဲ့နေရာက သံဖြူဇရပ်နဲ့ ရေးကြားက ကားလမ်းပိုင်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ပထမ အခေါက် ပြည်တော် ပြန်ခရီးစဉ်တုန်းက ဒီနေရာတဝိုက် လမ်း တွေ အတော်ဆိုးပါတယ်။ အခု အတော် တိုးတက်နေပါပြီ။ တစ်ဖက် ၂ ပေစီ ထပ်ချဲ့တာ၊ တံတားတွေ ပြင်နေတာကိုပါ တွေ့ခဲ့ရပါတယ်။ အနှစ်ချုပ်ရရင် အရင် က ကားတစ်စီးစာ မောင်းနိုင်ရုံသာ ကျယ်တဲ့လမ်းဟာ အခုတော့ ကား ၂ စီး လွှဲနိုင်တဲ့အထိ တိုးတက်လာနေပါပြီ။

 
အသိသာဆုံးနဲ့ အထင်ရှားဆုံး ပြုပြင်မှုလုပ်ထားတဲ့နေရာကတော့ ဒီလမ်း မှာ အရေးပါဆုံးနေရာဖြစ်တဲ့ မလွှဲတောင် ပါပဲ။ အရင်ခေတ်ကလို ဓားပြရန်၊ သူပုန် ရန်၊ စစ်သားရန်မရှိတော့သလို ဂိတ်ကြေး လည်း (မြို့အဝင်ကြေးမှအပ) ပေးစရာ မလိုတော့ပါ။ တောင်တွေကိုဖြိုပြီး လမ်းတွေချဲ့၊ တောင်မပြိုအောင် ရေထိမ်း နံရံတွေလုပ်၊ ရေမြောင်းတွေဖော်ထားတဲ့ အပြင် အရင်က ကွေ့ကောက်နေတဲ့ လမ်း တွေကို တတ်နိုင်သမျှ အဖြောင့်ဖြစ်အောင် ပြန်ဖောက်နေတာကိုလည်း တွေ့ရပါ တယ်။ ဒါပေမဲ့ ပြုပြင်ဆဲကာလမို့လား၊ မိုးရာသီမို့လို့လား မပြောတတ်။ တချို့ နေရာတွေမှာ မြေပြိုတာ၊ လမ်းပေါ် ဗွက် အိုင်ကြီးဖြစ် နေတာတွေကတော့ ရှိနေ ဆဲပါ။

 
ဒီလမ်းတစ်လျှောက်တွေ့ရသမျှ ကားဂိတ်တွေထဲ သံဖြူဇရပ်ကားဂိတ်က အသပ်ရပ်ဆုံးပါ။ ရေးမြို့မှာရပ်ပြီး ထမင်းစားတဲ့ဆိုင်တွေလည်း သိပ်မဆိုး လှ။ ၁၁၅ မိုင်စခန်း၊ သထုံ၊ ဘီးလင်းရှိ ဆိုင်တန်းတွေ၊ အိမ်သာခန်းတွေနဲ့ စာရင် နဲနဲ အဆင့်နိမ့်နေဆဲဖြစ်ပေမဲ့ သိပ် အဆိုးကြီးတော့ မဟုတ်ပါ။

 
ဒါဖြင့် ဘယ်မှာဆိုးသလဲလို့ မေး စရာရှိလာပါတယ်။ ပထမ အခေါက် ခရီးစဉ်တုန်းက တင်ပြခဲ့ဖူးတဲ့ အတိုင်း ရွာဟောင်းကို ဆိုင်းဘုတ်သစ် တင်ပြီး မြို့နယ်အသစ်ဖွင့်ထားတဲ့ ကလိန်အောင် က ထမင်းဆိုင်တန်းပါပဲ။ ဒါတောင် ၂၀၁၃ နဲ့ စာရင် မနည်းတိုးတက် လာခဲ့ ပါတယ်။ ဒါပေမဲ့ ဒီလမ်းမှာ ခရီးသွား သူတိုင်း ဒီဆိုင်မှာထမင်းစားတာကြောင့် (ထမင်းဖိုးထဲ အိမ်သာကြေး ထည့်မထား သည့်တိုင်) ဒီထက်ကောင်းတဲ့ ဝန်ဆောင် မှုပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။

 
၂၀၁၃ တုန်းက ပြုပြင်နေဆဲဖြစ်တဲ့ ကလိန်အောင်ဝန်းကျင်က လမ်းတွေဟာ အခုအတော်ကောင်းနေပါပြီ။ ကလိန် အောင်တံတားသစ်ကလည်း အတော်လှပ နေပါတယ်။ ရေဖြူမြို့နယ်ထဲဝင်တော့ ထားဝယ်မြစ်ကို ဖြတ်ပြီး ရေဖြူ အရှေ့နဲ့ အနောက်ကို ဆက်သွယ်ထားတဲ့ ကွန် ကရစ်တံတားက လွန်ခဲ့တဲ့ ၃ နှစ်တာ အတွင်း တိုးတက်မှုတွေကို သက်သေပြ နေပါတယ်။ အဲဒီတံတားကို ဖြတ်ပြီး ဖြစ်စေ၊ ခုတ်လှဲခံထားရတဲ့ ဆီအုန်းပင် တန်းအလွန်က မြေနီလမ်းအတိုင်း ဖြစ် စေ၊ အနောက်ဘက် ပင်လယ်ဆီသွား မယ်ဆိုရင်တော့ နာမည်ကြီးပြီး အခုထိ လက်တွေ့ မစနိုင်သေးတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း (စီမံကိန်း) ဆီရောက် နိုင်ပါတယ်။

ထားဝယ်မြို့မှ ကြိုဆိုပါ၏
ဟိုလမ်းမကောင်းဘူး၊ ဒီလမ်းဆိုး တယ်၊ ဒီဆိုင်ညစ်ပတ်တယ်ဆိုပြီး လမ်းတလျှောက် တွေ့သမျှနေရာတွေကို ဝေဖန်လာခဲ့တဲ့ ထားဝယ်သားသတင်း ထောက်ဟာ ထားဝယ်မြို့အဝင် အဝေး ပြေးကားဂိတ်ရောက်မှ ပက်လက်လန် သွားပါတယ်။ ဒီလောက်ဆိုးတဲ့ ကားဂိတ် မျိုး ပြည်တော်ပြန်ခရီးစဉ် ၄ ခုတာ အတွင်းသွားခဲ့ဖူးတဲ့ ပြည်နယ်-တိုင်း ၁၀ ခုကျော်မှာ ဘယ်နေရာမှာမှ မတွေ့ခဲ့ဖူးပါ။
ထားဝယ်ဒေသရှိ ဆောင်းပါးရှင် တစ်ဦးကတော့လကမ္ဘာလို ချိုင့်တွေများ လှ တယ်လို့ စာဖွဲ့ဖူးပါတယ်။ ဒါပေမဲ့ လကမ္ဘာမှာ အမှိုက်ပစ်တဲ့ လူမရှိပါ။ ထားဝယ်အဝေးပြေးကွင်းမှာတော့ ချိုင့် ခွက်ပေါလွန်းလို့ ရေအိုင်၊ ဗွက်အိုင် များလွန်းတဲ့အပြင် အဲဒီအိုင်တွေ၊ ရပ်ထားတဲ့ကားတွေကြားမှာ ပစ်ထားတဲ့ အမှိုက်တွေက နည်းတာမဟုတ်။
နောက်ထပ် ထူးခြားတာက ခရီး သည်ယာဉ်နဲ့ ကုန်တင်တဲ့ ယာဉ်ကို တစ်နေရာတည်းမှာ စခန်းသွင်းထား ခြင်းပါ။ ဒီတော့ ကွင်းမပျက်ရင် ဘယ်ခံ နိုင်ပါ့မလဲ။ ဒီအဝေးပြေးကွင်းပြုပြင် ရေးအတွက် တိုင်းအစိုးရသစ်က လာ ရောက်စစ်ဆေးခဲ့တယ်၊ အစီအစဉ်တွေဆွဲ နေတယ်ဆိုပြီး သတင်းတွေကြားခဲ့ရဖူး ပေမဲ့ အခု ရက် ၁၀၀ ကျော်တဲ့အထိတော့ ဘာမှ မပြုပြင်ဘဲ အရင်အတိုင်း ရှိနေဆဲ ပါ။ တိုင်းအစိုးရဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ လိုင်းကား မစီးဘဲ ကိုယ်ပိုင်ကား၊ အစိုးရကား၊ ဒါမှမဟုတ် နိုင်ငံတော်စရိတ်နဲ့ လေယာဉ်စီးပြီး သွားနေကြတာကြောင့် ဒီလိုပြုပြင်ရေး နှေးကွေးနေတာလားလို့ မေးခွန်းထုတ်ချင် စရာပါ။
အဝေးပြေးကားဂိတ်ကနေ ဆင်ဆိပ်၊ ဝဲကျွန်းဘက်ထွက်လာတော့ ကောင်း လိုက်တဲ့လမ်းတွေ၊ အရင်အခေါက်တွေ တုန်းကထက် အများကြီးတိုးတက်လာ ပါတယ်။ ဒေသခံတွေက နိုင်လွန်ကတ္တရာ လမ်းလို့ခေါ်ကြတဲ့ ဒီလိုလမ်းမျိုး ထားဝယ် တမြို့လုံးမှာ ဖောက်ပြီး သွားပါပြီ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အဝေးပြေးကားဝင်နေရာမှအပ ကျန် ထားဝယ်တမြို့လုံးမှာ (အဓိက လမ်းမ ကြီးတွေကိုသာ ဆိုလို) လမ်းတွေကောင်း နေပြီ ဆိုပါတော့။

 
လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ နာမည်ကြီး နေတဲ့ ကမြောကင်း လမ်းဘက်ရောက်တဲ့ အခါမှာတော့ အရင်အခေါက်က တွေ့ပြီး သား ဝန်ကြီးအိမ်ရာတွေအပြင် ဆောက် လုပ်ဆဲ တိုင်းလွှတ်တော်ရုံး သစ်ကြီးကိုပါ တွေ့ရပါတယ်။ ကမြောကင်းတံတား ထိပ်နားမှာတော့ အသစ်ဆောက်ထားတဲ့ ကုန်တိုက်နဲ့ စားသောက် ဆိုင်တန်း၊ ပုံစံ တူနှစ်ထပ်တိုက် အတွဲလိုက်အခန်းတွေကို အစီအရီတွေ့ ရပါတယ်။ ဒါပေမဲ့ ဒီလို လှပသန့်ရှင်းမှုဟာ ဝန်ကြီးအိမ် ဝန်းကျင် မှာပဲ ရှိနေပြီး အဲဒီအိမ်တန်းအလွန် ကမ်းနားလမ်း တစ်လျှောက်ဟာ ရှေ့မှာ တင်ပြခဲ့တဲ့ အဝေးပြေးကားဝင်းလိုပဲ ညစ်ပတ် စုတ်ပြတ်နေဆဲလို့ ဒေသခံ တွေက ပြောပါတယ်။

 
နောက်ထပ် ထူးခြားချက်တစ်ခု ကတော့ ကမြောကင်း တံတားဆောက်က တည်းက ရှိနေတဲ့ ဝါးတားဂိတ်တွေ အခု မရှိတော့ပါ။ တံတားကြေး၊ ဂိတ်ကြေး ပေးစရာမလိုတဲ့အပြင် ဂိတ်မရှိ၊ လူမရှိ တော့တဲ့အတွက် တံတားဝန်းကျင်ဟာ အတော် လှပသန့်ရှင်းသွားပါတယ်။ တံတားအလွန် လောင်းလုံးမြို့နယ်ထဲ ရောက်တာနဲ့ ဗိုလ်မှူးကြီးဗထူး ရုပ်ထုနဲ့ ပန်းခြံကို တွေ့ရပါတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က ဗထူး နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်နဲ့ တိုက် ဆိုင်နေလို့ ဒီဝန်းကျင်မှာ အတော်လေး စည်ကားနေပါတယ်။

 
ကမြောကင်း တံတားထိပ်ကနေ ကျွန်တော်တို့ (မင်းရပ်) ရွာအကြား လမ်း တွေ အတော်ကောင်းမွန် ကျယ်ပြန့် နေပါပြီ။ ကားတွေ၊ ဆိုင်ကယ်တွေ ကလည်း များသလား မမေးနဲ့။ ရွာလမ်း ဟိုဘက် ဒီဘက်ဖြတ်ကူးဖို့ အရေးတောင် သက်စွ့န့် ဆံဖျား ရန်ကုန်မျဉ်းကြားမှာ လမ်းကူးရသလိုပါပဲ။ တကယ်မလွယ် ပါ။ မလွယ်ဆို ဒီဒေသမှာက အဝေးပြး ကားလမ်းနဲ့ မြို့တွင်း၊ ရွာတွင်းလမ်းက သီးခြားစီ ရှိတာမဟုတ်။ ရွာတွင်းလမ်းကို အဝေးပြေးလမ်း အဖြစ်အသုံးပြုနေတဲ့ သဘော။ အဝေးပြေးလမ်းမှာ သတ်မှတ် မိုင်နှုန်း ဘယ်လောက်၊ ရွာတွင်းလမ်းမှာ သတ်မှတ် မိုင်နှုန်းဘယ်လောက်ဆို တာ လဲ ရှင်းရှင်းလင်းလင်း ကြေညာထားပုံမရ။

 
ဒါက လမ်းတစ်လျှောက် မြင်ရတဲ့ အခင်းအကျင်း အပြောင်းအလဲ။ လူထုက ရွေးချယ်ထားတဲ့ အစိုးရသစ်တက်နေ ပြီဆိုတော့ နေ့စဉ်အုပ်ချုပ်ရေး ယန္တရား မှာကော ဘာတွေပြောင်းလဲနေပြီလဲ။ ဧည့်စာရင်းတိုင်ဖို့ လိုနေဆဲလား။ ၈၈ တုန်းက ရွာမှာအတူလှုပ်ရှားခဲ့ပြီး အခု NLD အစိုးရရဲ့ တိုင်းဒေသ ဝန်ကြီး ဖြစ်နေသူ ရဲဘော်သူငယ်ချင်းကိုမေး ကြည့်တော့ အရင်အခေါက်တွေကအတိုင်း မြို့နယ် လ၀က ဆီ သတင်းပို့ထားဖို့လို နေသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရင်အခေါက်တွေကလိုတော့ အမေး အမြန်း သိပ်မထူတော့ပါ။ နယ်ထိန်းတွေ၊ အထူးရဲတွေ အိမ်အထိလာပြီးမေးမြန်း တာမျိုးလည်း မရှိတော့ပါ။

 
ဒါကိုပင် တိုးတက်လာမှုတခု အဖြစ် ကြိုဆိုသင့်တယ်မဟုတ်ပါလား။ ဒါတင် လားဆိုတော့ မဟုတ်သေး။ လျှပ်စစ်မီး တိုင်အသစ်တွေ တစ်လမ်းလုံးမှာ စိုက်ထူ နေတာတွေ့ရပြီး ၂၄ နာရီ မီးရအောင် အစိုးရသစ်က စီစဉ်နေတယ် ဆိုပါတယ်။ မီတာခဈေးကြီးတာ၊ မီးကြိုးဖိုးထပ်ပေးရမယ်ဆိုတာတွေကိုတော့ နောက်တပိုင်း ထားလိုက်ပါ။ အခုလာနေတဲ့ မနက် ၂ နာရီ၊ ည ၄ နာရီမီးနဲ့ စာရင်တော့ ၂၄ နာရီမီးက ကျေးလက်ဒေသရဲ့ ကုန် ထုတ်လုပ်မှုနဲ့ လူနေမှုအဆင့်အတန်းကို တစ်စုံတစ်ရာ တိုးတက် လာစေလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။

pyi_daw_pyan
ဒီလို ပြောလိုက်လို့ လောင်းလုံး မြို့နယ်ထဲက လူတွေ လျှပ်စစ်မီးကို အခြေခံပြီး ကုန်ထုတ်လုပ်မှု လုပ်နေပြီ၊ စက်မှုခေတ်ကို ရောက်နေပြီလို့ မထင် လိုက်ပါနဲ့။ လယ်ယာမြေ၊ ဥယျာဉ်ခြံနဲ့ ရော်ဘာစိုက်ခင်းတွေကိုသာ အဓိက အား ထားရုန်းကန် နေရဆဲပါ။ ဒါပေမဲ့ စပါး ဈေးက မကောင်း၊ ရော်ဘာဈေးက ကျ ဆိုတော့ လူငယ်အများစုဟာ ကျေးလက် ဒေသကို စွန့် ပြီး ထိုင်းဘက် (ဒေသခံတွေ အခေါ် ရှမ်းကမ်း) မှာ သွားအလုပ်လုပ်နေ သူသာ တဖြေးဖြေး ပိုများများလာနေပါ တယ်။ ဒီရွာတန်း တစ်လျှောက်မှာ တွေ့ ရတဲ့ တိုက်အိမ်သစ် အားလုံးဟာ အဲဒီ ရှမ်းကန်းဘက်က ပို့လိုက်တဲ့ငွေနဲ့ ဆောက်ထားတာ တွေပေါ့။

 
သူများနိုင်ငံမှာသွားပြီး ကျွန်ခံနေရ တယ်လို့ စာဖတ်သူက ပြောချင်နေတာ လား။ အဲဒိလို မဟုတ်တော့ပါ။ အစိုးရ သစ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ထိုင်းနိုင်ငံဆီသွားပြီး မြန်မာနိုင်ငံက အလုပ်သမားတွေကို ဥပဒေနဲ့အညီ၊ လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေး တွေနဲ့အညီ အကာအကွယ် အကူအညီ ပေးဖို့ ထိုင်းအစိုးရဆီ တရားဝင် တောင်းဆိုထားခဲ့ပြီးပြီ မဟုတ်ပါလား။ ထိုင်းရောက် အလုပ်သမား ၃ သန်း လောက်အထဲ တနင်္သာရီတိုင်းသားတွေ ချည်း ၃ သိန်းလောက်ရှိမယ် ထင်ပါ တယ်။

 
အစိုးရသစ်နဲ့ နိုင်ငံရေး ပွင့်လင်းလာမှု

 
နေ့စဉ် အုပ်ချုပ်ရေး ယန္တယားကို ပြည်ထဲရေးဌာန လက်အောက်ခံ (ပြည် နယ် -တိုင်း အစိုးရအဆင့်မှာတော့ နယ်-လုံ ဝန်ကြီးလက်အောက်ခံ) ထွေ-အုပ်ဌာနက ကိုင်ထားဆဲဆိုပေမဲ့ နိုင်ငံရေး ပွင့်လင်းမှုအပိုင်းမှာတော့ ထားဝယ်ဒေသ က အတော်ကြီးကို တိုးတက်ပြောင်းလဲ လာနေတာ တွေ့ရပါတယ်။ ဝန်ကြီးဖြစ် နေလို့၊ ဝန်ထမ်းဖြစ်နေလို့ အရင် အ ခေါက်တွေက ကျွန်တော်နဲ့တွေ့ဖို့ တွန့် ဆုတ်နေသူတွေဟာ အခု လုံးဝပြောင်းလဲ သွားပါပြီ။ ထားဝယ်မှာ တွေ့ရတဲ့ ဝန် ကြီးအသစ်၊ အမတ်သစ်အားလုံး နီးပါးက ၈၈ အရေးတော်ပုံနဲ့ အဲဒီနောက်ပိုင်း နိုင်ငံရေးထဲ ပါဝင်ခဲ့ဖူးတဲ့ အသိမိတ်ဆွေ NLD ပါတီဝင်တွေချည်းသာ ဖြစ်ပါတယ်။

 
ဒါကြောင့်ဖြစ်မယ်။ အရင်အစိုးရ ခေတ်အဆက်ဆက်က တစ်ခါမှမကြားဖူး တဲ့၊ စိတ်ကူးယဉ်လို့တောင် မဖြစ်နိုင်တဲ့ ဖြစ်ရပ်မျိုး ကျွန်တော် ထားဝယ်ရောက် နေစဉ်ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်း သားသမဂ္ဂအဆောက်ဦ မိုင်းခွဲဖျက်ဆီး ခံရခြင်း ၅၄ နှစ်မြောက် ၇ Jကူပ ဝမ်းနည်း ဖွယ်အခမ်းအနားကို ထားဝယ်မြို့တော် ခန်းမမှာ ကျင်းပခွင့် ပေးလိုက်ခြင်းပါ။ ထူးခြားတာလား၊ တိုက်ဆိုင်မှုလားတော့ မပြောတတ်။ အဲဒီအခမ်းအနားမှာ စကားတက်ပြောပေးဖို့ ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂက ကျွန်တော့်ကို ဖိတ်ကြားခဲ့ပါတယ်။

 
ဒါဟာ အရင်ခရီးစဉ် ၃ ခေါက် တုန်းက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေ အထားပါ။ အခု နိုင်ငံရေး အခြေအနေတွေ တကယ် ပြောင်းလဲနေပြီလား။ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအပင်းတွေကြား တကယ် ပူးပေါင်း ဆောင်ရွက်မှုရှိနေပြီလား။ အပြည့် အဝ မဟုတ်သေးရင်တောင် အတိုင်း အတာတခုထိတော့ ပူးပေါင်းဆောင် ရွက်မှုရှိနေပြီလို့ ထင်ပါတယ်။ ဘာကြောင့် လဲဆို ထားဝယ်ကျောင်းသားသမဂ္ဂက ကျွန်တော့်ကို ဖိတ်စာလာပို့တဲ့နေရာဟာ ထားဝယ်နယ်ရှိ နိုင်ငံရေးအဖွဲ့ပေါင်းစုံ စုပေါင်း တာဝန်ယူဆောင်ရွက်နေတဲ့ ဗိုလ်မှူးဗထူး နှစ် ၁၀၀ ပြည့် ရုံးခန်းမှာ ဖြစ်နေလို့ပါ။

 
ဒီထက်ပိုထူးခြားတာက NLD အစိုးရအဖွဲ့ဟာ ၇ Jကူပ အခမ်းအနားကို မြို့တော်ခန်းမမှာ ကျင်းပခွင့်ပြုရုံတင်မက၊ တိုင်းအစိုးရ ဝန်ကြီးတွေ၊ အမတ်မင်းတွေ ဒါဇင်နဲ့ချီပြီး ဒီအခမ်းအနားကို တက် ရောက်အားပေးခဲ့ခြင်းပါ။ ဒါဟာ နိုင်ငံ ရေးအရ မဟာခုန်ပျံ ကျော်လွှားတိုး တက်လာခြင်း မဟုတ်ပါလား။ အခမ်း အနားပြီးတဲ့အထိ တက်တာ၊ မတက်တာ။ ကျောင်းသားလှုပ်ရှားမှုအပေါ် ပါတီနဲ့ ကျောင်းသားတွေကြား သဘောထား ကွဲတာမကွဲတာကတစ်ပိုင်း ထားလိုက်ပါ။

 
ဇူလိုင်လ ၁၂ ရက်မှာ ကျင်းပတဲ့ ဗိုလ်မှူးဗထူး နှစ် ၁၀၀ ပြည့်အခမ်း အနားမှာလဲ အလားတူ ဝန်ကြီးအဖွဲ့နဲ့ အမတ်မင်းတွေအစုံအညီ တက်ရောက် လာတာ တွေ့ရပါတယ်။ NLD ပါတီ အာဏာမရခင် လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း ဒီကိစ္စကိုအဓိက တာဝန်ယူ ဆောင်ရွက် ခဲ့တဲ့ ထားဝယ်တိုင်းရင်းသားများပါတီနဲ့ NLD ပါတီ၊ တခြားပါတီ၊ အသင်းအဖွဲ့ တွေ ကြား ပူးပေါင်း ဆောင်ရွက်မှုဟာ အားရစရာပါ။ ၇ Jကူပ အခမ်းအနားကို တက်တဲ့ ဝန်ကြီးတွေ၊ အမတ်မင်းတွေအပြင် တိုင်းဝန်ကြီးချုပ်နဲ့ (စစ်ယူနီဖောင်းဝတ် ထားဆဲ) နယ်-လုံ ဝန်ကြီးတွေပါ ဒီပွဲကို အစုံအညီ တက်လာတာ တွေ့ရပါတယ်။

 
ဒါပေမဲ့ ဝေဖန်သူ တချို့ကတော့ ဝန်ကြီးနဲ့အမတ်မင်းတွေဟာ ဒီလို အခမ်း အနားတက်တာ၊ ဖွင့်ပွဲ-ပိတ်ပွဲ တက်တာ တွေဘက်မှာ အချိန်များနေပြီး နိုင်ငံရေး ပြဿနာ၊ စီးပွားရေး ပြဿနာတွေကို    ဖြေရှင်းနိုင်မှုအပိုင်းမှာ အားနည်းနေဆဲလို့ ဆိုကြပါတယ်။ လွှတ်တော်ရုံးသစ်နေရာ အပါဝင် တစ်တိုင်းလုံးမှာ ဖြစ်ပွားခဲ့တဲ့ မြေသိမ်းမှုပြဿနာတွေ၊ အလုပ်အကိုင် ရှားပါးမှုပြဿနာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ ပညာရေး၊ ကျမ်းမာ ရေးစသဖြင့် အများပြည်သူ နေ့စဉ်ကြုံ နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေး နိုင်မှုအပိုင်းမှာ အားနည်းနေဆဲဖြစ် ပါတယ်။

 
ဒါကဝေဖန်သူတွေဖက်က အမြင် ပါ။ အစိုးရကို ထောက်ခံသူတွေဘက်က တော့ နှစ်ပေါင်း ၄၀ ကျော် စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ တိုင်းပြည်တစ်ခုကို ရက် ၁၀၀ အတွင်းဘယ်လိုလုပ်လုပ် အကောင်း ပကတိဖြစ်အောင် လုပ်နိုင်မှာလဲ လို့မေး ခွန်း ထုတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သေချာတာ တစ်ခု ကတော့ လက်ရှိ ဒီမိုကရေစီတပိုင်း အစိုးရခေတ်မှာတက်လာတဲ့ ဝန်ကြီးနဲ့ အမတ်မင်းတွဟာ အရင် စစ်တစ်ပိုင်း အစိုးရခေတ် ဝန်ကြီးတွေ၊ အမတ်မင်း တွေလို ကိုယ်ကျိုးမဖက်တာ သေချာပါ တယ်။ အများပြည်သူအပေါ် စေတနာ ပိုရှိတာသေချာပါတယ်။ ဒါပေမဲ့ အဲဒီ စေတနာတွေကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်တဲ့အပိုင်းမှာတော့ အားနည်းနေဆဲလို့ ထင်ပါတယ်။ ဒီ အတွက် အများပြည်သူ ပါဝင်ခွင့်ရတဲ့ ဆွေးနွေးငြင်းခုံမှုတွေ၊ အများပြည်သူနဲ့ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ လုပ်ဆောင်ဖို့လိုနေဆဲလို့ ထင်မြင် မိပါတယ်။