လယ်သမားများရဲ့ ဘ၀ကို ပြောင်းပေးပါ။

0
1404

လေးစားအပ်ပါသော တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးမြင့်စန်း ခင်ဗျား

ကျွန်တော်ကတော့ ထားဝယ်စိုက်ပျိုး ရေးသိပ္ပံမှ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့စိုက်ပျိုးရေးသိပ္ပံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တနင်္သာရီတိုင်း အတွင်းက တောင်သူလယ်သမားများရဲ့ လူမှုဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ ရဲ့ဘ၀ကို မြှင့်တင်ပေးဖို့အတွက်ဆိုရာမှာ တောင်သူလယ်သမားတွေရဲ့ စားရေး၊ နေရေး၊ ဝတ်ရေး၊ လူမှုရေးအားလုံးကို ဆိုလိုပါတယ်။


ကျွန်တော်တို့ တောင်သူ လယ် သမားတွေဟာ အစား ဆင်းရဲ၊ အဝတ် ဆင်းရဲ၊ အနေဆင်းရဲ အခြားဆင်းရဲခြင်း ပေါင်းများစွာနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ ရတယ်ဆိုတာကို ဝန်ကြီး သိမှာပါခင်ဗျား။ မြန်မာပြည်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက် မှာနေပြီး အများစုက  တောင်သူလယ် သမားတွေပါ။ ဒါကြောင့် တောင်သူ လယ်သမား ဆင်းရဲတယ်ဆိုတာ တစ်တိုင်း ပြည်လုံး ဆင်းရဲတာပါပဲ။
တောင်သူလယ်သမားများရဲ့ ဝင်ငွေ ကောင်းလာပါမှ တိုင်းပြည်ရဲ့စီးပွားရေးဟာ လည်း တိုးတက်လိမ့်မယ်လို့ ထင်ပါ တယ်။ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒတွေဟာ အလုပ် မဖြစ်ဘူးဆိုတာ ဆင်းရဲတွင်းက မတက် နိုင်သေးတဲ့ တောင်သူလယ် သမားတွေက သက်သေပါပဲ ခင်ဗျား။ ဒီလိုအခြေအနေမှာ တောင်သူ လယ်သမားတွေဟာ သူတို့ ရဲ့ဘ၀ကို အစစရာရာ ပြောင်းလဲပေး နိုင်မယ်လို့ ယုံကြည်တဲ့ NLD ပါတီကို မျှော်လင့်ခြင်းများစွာနဲ့ ထောက်ခံမဲပေး ခဲ့ကြပါတယ်။

 

” ပြောင်းလဲချိန်တန်ပြီ (It is time to change ) ဆိုတဲ့ NLD ပါတီရဲ့ ကြွေးကြော်သံကိုလည်း ပြည်သူ တွေက တစ်ခဲနက် ကြိုဆိုထောက်ခံ ခဲ့ကြပါ တယ်။ ဒါကြောင့် မျှော်လင့်ခြင်း ပေါင်းများစွာဖြင့် NLD ပါတီကို အကြွင်း မဲ့ ယုံကြည်ကြသော ဒီဒေသအတွင်းက တောင်သူလယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲများထဲကနေ အနည်းငယ်ကို တောင်သူတွေရဲ့ကိုယ်စား တနင်္သာရီ တိုင်းဒေသကြီးရဲ့ NLD စိုက်ပျိုးရေး ဝန်ကြီးကို အသိပေးတင်ပြလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျား။
ဒီဒေသ အတွင်းမှာရှိတဲ့ တောင်သူ လယ်သမားတွေဟာ စိုက်ပျိုးရေးနှင့် ပတ်သက်တဲ့ အထွေထွေဗဟုသုတ တော် တော်လေးကို နည်းပါးလှပါတယ် ခင်ဗျား။ ဒါဟာ ဒီဒေသ အတွင်းမှာရှိတဲ့ စိုက်ပျိုးရေး ရုံးဝန်ထမ်းတွေက တောင်သူတွေကို ပညာပေးတဲ့အပိုင်းမှာ အားနည်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာ တွေကို ရုံးဝန်ထမ်းတွေက ကွင်းထဲထိ ဆင်းပြီး တောင်သူတွေကို ထိထိရောက် ရောက် ကူညီပေးဖို့ လိုပါတယ်ခင်ဗျား။

 

ဒါ့အပြင် တောင်သူလယ်သမားတွေကို သူတို့ရဲ့ရပ်ကွက်၊ ကျေးရွာအလိုက် ဖိတ်ခေါ်ပြီး  “တောင်သူပညာပေး ဆွေး နွေးပွဲ ” တွေကို ထိထိရောက်ရောက် လုပ်ဖို့ လိုမယ်လို့ထင်ပါတယ်။ နောက်ပြီး တနင်္သာရီတိုင်းအတွင်းကို ထိုင်းက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေ ဒလဟော ဝင်လာပါတယ်ခင်ဗျား။ တနင်္သာရီတိုင်းအတွင်းမှာ ထိုင်းပစ္စည်း တွေဟာ တော်တော်လေးကို လွှမ်းမိုးထား တယ်ဆိုတာကို ဝန်ကြီးလည်း သိမှာပါ ခင်ဗျား။ တနင်္သာရီတိုင်းအတွင်း ရှိ ဟင်းသီးဟင်းရွက် ဈေးကွက်တွေမှာ လည်းထိုင်းက တင်သွင်းလာတဲ့ ဟင်းသီး ဟင်းရွက်တွေဟာ တော်တော်လေးကို နေရာ ရနေပါတယ်ခင်ဗျား။

 

ထိုင်းက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဒီဒေသထုတ်  ဟင်းသီးဟင်းရွက်တွေထက် ရောင်းပန်း လည်းလှသလို စိုက်ပျိုးတဲ့ နည်းပညာတွေဟာလည်း မြင့်မားလှပါ တယ်။ ဒါကြောင့်မို့ ဒီဒေသခံ စားသုံး သူတွေဟာ ထိုင်းက တင်သွင်းတဲ့ ဟင်း သီး၊ ဟင်းရွက်တွေကို ဒေသထုတ် ဟင်း သီးဟင်းရွက်တွေထက်ပို ပြီးတော့ ဝယ်ယူစားသုံးကြပါတယ် ခင်ဗျား။ ထိုင်းက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက် တွေ ဈေးကွက်အတွင်း ဝင်လာလေလေ ဒေသထုတ် ဟင်းသီးဟင်းရွက်တွေကို စားသုံးသူ ကြိုက်နှစ်သက်မှု နည်းလေလေ ဖြစ်ရပါတယ်။ ဒီလို ထိုင်းကတင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ဖြစ်နိုင်မည် ဆိုလျှင် အကန့်အသတ်ဖြင့် တင်သွင်း ခွင့်ပြုဖို့ တောင်သူတွေရဲ့ ကိုယ်စား ဝန်ကြီးကို မေတ္တာရပ်ခံ တောင်းဆိုချင် ပါတယ် ခင်ဗျား။

 

အောင်သူ(ဝါး)
စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)