ထားဝယ်မြို့နယ်အတွက် မေးခွန်း မမေးနိုင်မည်ကို စိတ်မပူပါနှင့်

0
461

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင်ထားဝယ်မြို့နယ် အတွက် မေးခွန်း မမေးနိုင်မည်ကို ပြည်သူများ အနေဖြင့် စိတ်မပူကြရန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြား လိုက်သည်။


ရွေးကောက်ပွဲတွင် ထားဝယ်မြို့ နယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ် စားလှယ် နှစ်ဦးတွင် ဦးဟိုပင်က တိုင်း အစိုးရအဖွဲ့တွင် လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးတာဝန် ယူထားပြီး ဦးခင်မောင်အေးမှာ တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ကြောင့် တိုင်းလွှတ်တော် အစည်းအဝေးများတွင် မေးခွန်း မေးနိုင်ခြင်း မရှိပေ။
“ထားဝယ်မြို့နယ် အတွက် လွှတ် တော်မှာ မေးခွန်း မမေးနိုင်တာကို စိတ်မ ပူပါနဲ့။ ပေါ့ပေါ့ပါးပါး ကိစ္စတွေကို ဌာန ဆိုင်ရာနဲ့ တိုက်ရိုက် ဆွေးနွေးပြီး ညှိနှိုင်း လုပ်ဆောင် သွားမယ်” ဟု ဦးခင်မောင် အေးက ပြောသည်။
ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဖြစ် သည့်လမ်း၊ တံတား၊ စာသင်ကျောင်း စသည့် အခြေခံ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများဖြင့် တွေ့ဆုံညှိနှိုင်း လုပ်ဆောင်ခြင်း၊ တိုင်းအစိုးရ အဖွဲ့သို့ ကြယ်ပွင့်မပြမေးခွန်းပေးပို့ မေးမြန်းခြင်း တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” တကယ်လို့ အရေးကြီးတဲ့ ကိစ္စ တွေဆိုရင် ထားဝယ်ခရိုင်ထဲက လွှတ် တော် ကိုယ်စားလှယ် တစ်ယောက် ယောက်ကို လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်းမေးဖို့ ဒါမှ မဟုတ် အဆိုတင်ဖို့ အကူအညီ တောင်းမယ်” ဟု ဦးခင်မောင် အေးက ဆိုသည်။
ကြယ်ပွင့်ပြ မေးခွန်း ဆိုသည်မှာ လွှတ်တော် ပုံမှန် အစည်းအဝေးများတွင် မေးမြန်းသည့် မေးခွန်းဖြစ်ပြီး ကြယ်ပွင့် မပြ မေးခွန်းဆိုသည်မှာ လွှတ်တော် အစည်းအဝေးအတွင်း မဟုတ်ဘဲ တိုင်း အစိုးရသို့တိုက်ရိုက်မေးမြန်းသည့် မေးခွန်း ဖြစ်သည်။
ထားဝယ်မြို့နယ် အတွင်းရှိ ဒေသ ခံများနှင့် ပုံမှန် ကွင်းဆင်းတွေ့ဆုံလျက် ရှိပြီး ဒေသခံများ အနေဖြင့်လည်း ၎င်း တို့၏ အခက်အခဲများကို ထားဝယ်မြို့ နယ် လွှတ်တော် ကိုယ်စားလှယ်များ ရုံးတွင် လာရောက် တင်ပြနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

 
လွှတ်တော် ကိုယ်စားလှယ်များ ရုံးတွင် တင်ပြလာသည့် စာများကို စည်ပင်နှင့် လူမှုရေးဝန်ကြီး ဦးဟိုပင်က တိုင်းအစိုးရအဖွဲ့မှ တစ်ဆင့် သက်ဆိုင် ရာဌာနများကို ခေါ်ယူ ဆောင်ရွက် စေ နိုင်သကဲ့သို့ မိမိအနေဖြင့်လည်း လွှတ် တော်မှ တစ်ဆင့် တိုင်းအစိုးရအဖွဲ့သို့ ထပ်ဆင့် ပေးပို့ ဆောင်ရွက်သွားမည်ဟု ဦးခင်မောင်အေးက ဆိုသည်။

 
ယခင်လွှတ်တော်သက်တမ်း ကလည်းထားဝယ်မြို့နယ် ကိုယ်စား လှယ်နှစ်ဦးတွင် ဦးမြတ်ကိုမှာ ဝန်ကြီး ချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ဦးသန်းအောင် မှာ ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ သောကြောင့် ထားဝယ်မြို့နယ် အတွက် မေးရန်လိုအပ်သည့် မေးခွန်းများကို သရက်ချောင်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးထွေးက မေးပေးလေ့ ရှိသည်။တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းအတွက် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၂၁ ဦး သာရှိပြီး ထက်ဝက်နီးပါးမှာ အစိုးရအဖွဲ့ အတွင်း ရောက်သွားသဖြင့် လွှတ်တော် အင်အား နည်းပါးသွားလေ့ ရှိသည်။