ပွဲခါညောင်ရေ မို့ ကဲပါမောင်ရေ တို့

0
890

” ပွဲခါညောင်ရေ
သွန်းမြဲပေတည်း
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊တောင်းဆုယူသည်….”

မင်းပြစ်မင်းဒဏ် သင့်ပြီး မဲဇာ အပို့ ခံလိုက်ရတဲ့ လက်ဝဲသုန္ဒရ အမတ်ကြီး ဟာ သူ့ရဲ့ ” မဲဇာတောင်ခြေ ” ရတုမှာ ကဆုန် ညောင်ရေသွန်းပွဲ အကြောင်း ကို အခုလို တခုတ်တရ ထည့်သွင်း ရေးဖွဲ့ခဲ့ပါ တယ်။ ဒါအပြင် ကင်းဝန်မင်းကြီး ဦး ကောင်းကလည်း လကဆုန်ရဲ့သရုပ် သကန်ကို အခုလို သံပေါက်ကဗျာလေး ရေးဖွဲ့ စပ်ဆိုခဲ့ ဖူးပါတယ်။

” ကဆုန်ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပဝိသာခါ
စံကားပွင့်ဆဲ၊ ညောင်ရေပွဲ၊ သွန်းမြဲ အချိန်သာ” စသည်ဖြင့်။
အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကဆုန်လဆိုတာ မြန်မာ့ပြက္ခဒိန်မှာ ဒုတိယမြောက်လ၊ ကဆုန် နယုန် ဆွေ့ ဆွေ့ခုန် ဆိုတဲ့အတိုင်း အလွန် ပူပြင်း တဲ့လ၊ ဆည်၊ မြောင်း၊ ချောင်း၊ ကန် တွေမှာ ရေခန်းခြောက်တဲ့လ။ ထိုနည်း တူစွာ ဘာသာရေး အနှစ်သာရ အပြည့် အဝနဲ့ နှစ်စဉ် ကျင်းပ ပြုလုပ်မြဲ ဖြစ်တဲ့ ကဆုန်ညောင်ရေ သွန်းပွဲ လတစ်လလည်း ဖြစ်ပါတယ်။
တကယ်တော့ ကဆုန်လဟာ ဗုဒ္ဓ ဘုရားရှင်နဲ့ အများဆုံး သက်ဆိုင်နေတဲ့ လတစ်လဆိုရင် မမှားပါဘူး။ ” ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်” ဆိုတဲ့ စာဆိုနဲ့အညီ ကဆုန်လပြည့်နေ့မှာ ဘုရားလောင်း သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာ ဘုရားရှင်ထံက ဘုရား ဧကန် စင်စစ် ဖြစ်လတ္တံ့ဆိုတဲ့ နိယတ ဗျာဒိတ် ခံယူခဲ့တဲ့နေ့၊ မယ်တော်မာယာရဲ့ ဝမ်းကြာ တိုက်က ဘုရားလောင်းကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့တဲ့နေ့၊ သေနနိဂုံး ရွာအနီးက ဗောဓိပင်ရွှေပလ္လင်မှာ သစ္စာ လေးပါး တရားတော်မြတ်ကို အပိုင်း အခြားမရှိ သိမြင်တော်မူပြီး ဘုရားအဖြစ် ရောက်ရှိခဲ့တဲ့နေ့၊ သက်တော် ၈၀၊ ဝါတော် ၄၅ဝါမှာ ကုသိနာရုံရှိ အင်ကြင်း တောမှာ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။
nyaung_yay_soenge

အခုလို ဗုဒ္ဓဘုရားရှင်နဲ့ အများဆုံး သက်ဆိုင်နေတဲ့ ကဆုန်လမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အလေးအနက် ထားခဲ့ ကြတဲ့ ကဆုန် ညောင်ရေသွန်းပွဲဟာ ဒီ ဘက်ခေတ်မှာ ဖြစ်ပေါ်လာတဲ့ ထုံးတမ်း စဉ်လာ တစ်ခုမဟုတ်ဘဲ ရှေးမြန်မာ မင်း တွေလက်ထက် ကတည်းက မြန်မာနိုင်ငံ မှာ ကျင်းပခဲ့ကြပါတယ်။ ကဆုန်ညောင် ရေသွန်းပွဲရဲ့ နောက်ခံသမိုင်းက ဒီလိုပါ။
ဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတိုက်မှာ သီတင်းသုံးတော်မူ နေစဉ်၊ တစ်နေ့သောအခါ သာဝတ္ထိ ပြည်သူ ပြည်သားတွေဟာ ပန်းနံ့သာ တွေနဲ့ ဘုရားရှင်ကို ပူဇော်ဖို့ ရောက်ရှိ လာပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ ဒေသစာရီ ကြွချီတော်မူနေလို့ ဒါယကာ ဒါယိကာမ တွေဟာ ဘုရားရှင်ကို မဖူး လိုက်ရဘဲ စိတ်လက်မကြည်မသာနဲ့ ပြန်သွား ရပါတယ်။ ဒါကြောင့် ရှင် အာနန္ဒာက ” အရှင်ဘုရား ဒေသစာရီ ကြွချီတော်မူ နေခိုက် ဇေတဝန် ကျောင်း တော်ကြီးမှာ ကိုးကွယ်ရာ ကင်းမဲ့နေပါ သောကြောင့် လူအများ ပူဇော်မှု ပြုနိုင်ရန် ကျောင်းတော် မုခ်ဝ၌ ဗောဓိပင် အစေ့ကို စိုက်လိုပါ၏” ဟု ဘုရားထံ ခွင့်ပန် လျှောက် ထားပါတယ်။ ဒီအခါ ဘုရားရှင်က” ထိုသို့ စိုက်ပျိုးထားဘိလျှင် ငါမရှိသော် လည်း ငါအမြဲ ရှိနေဘိသကဲ့သို့ ဖြစ်ချေ ၍ ကောင်းလှပေ၏” လို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။
ဒါကြောင့် ရှင်အာနန္ဒာဟာ ဇေတဝန် ကျောင်းတော် မုခ်ဝမှာ ဗောဓိ ပင်စိုက်ပျိုးဖို့ ကောသလမင်း၊ အနာထပိဏ် သူဌေးနဲ့ ဝိသာခါကျောင်းအစ်မတို့ကို တာဝန်ပေးခဲ့ပါတယ်။ အရှင်မဟာ မောဂ္ဂလာန် မထေရ်က ဘုရားပွင့်တော် မူခဲ့တဲ့ မဟာဗောဓိပင်ကြီးက ကြွေကျ လာတဲ့ မဟာဗောဓိသီးကို မြေမရောက်မီ ခံယူပြီး အစေ့ကို ကျောင်းမုခ်ဝမှာ စိုက် ပျိုးခဲ့ပါတယ်။ ဒီဗောဓိပင်ဟာ ဘုရားရှင် ခွင့်ပြုချက်နဲ့ ရှင်အာနန္ဒာမထေရ် ကြီး မှူးပြီး စိုက်ပျိုးခဲ့လို့ ” အာနန္ဒာဗောဓိ” လို့ အမည် တွင်ခဲ့ပါတယ်။ မူလ မဟာဗောဓိ ပင်ကြီးရဲ့ တောင်ဘက်အကိုင်းက ပြန့် ပွားသွားတဲ့ အပင်ကို ” ဒက္ခိဏသာခါ ဗောဓိ” လို့ ခေါ်တွင် ခဲ့ကြပါတယ်။
အခုလို မူလဗောဓိပင်၊ အာနန္ဒာ ဗောဓိပင်နဲ့ ဒက္ခိဏသာခါ ဗောဓိပင် တွေဟာ တဖြည်းဖြည်း မြန်မာနိုင်ငံကို ပြန့်ပွားလာခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ စိုက်ပျိုးခဲ့ ကြပါတယ်။ သုတေသီတွေရဲ့ အဆိုအရ အလောင်းစည်သူရဲ့ မြေးတော် ပုဂံပြည့်ရှင် နရပတိစည်သူ(၅၃၆ခုနှစ်) လက်ထက်တော်မှာ ဗောဓိပင်တွေဟာ မြန်မာပြည်ကို ရောက်ရှိခဲ့ပြီလို့ သိရှိ ရပါတယ်။ ဒီအချိန်ကစလို့ မြန်မာ မင်း အဆက်ဆက်ဟာ ဗောဓိပင်တွေကို စိုက်ပျိုးပြီး ကဆုန်လရောက်တိုင်း ဘုရားရှင်ကို ရည်မှန်းပြီး ညောင်ရေသွန်း ပွဲတော်ကို ကျင်းပခဲ့ ကြပါတယ်။တကယ့်ကို ဘာသာရေး အနှစ်သာရနဲ့ ပြည့်ဝတဲ့ ပွဲတော်တစ်ခု ဆိုကြပါစို့။

ဒါပေမဲ့ ကျွန်တော်တို့ ဘိတ်မြို့ရဲ့ ကဆုန်ညောင်ရေသွန်းပွဲဟာ အများနဲ့မတူ တစ်မူထူးခြားပါတယ်။ တခြား အရပ် ဒေသတွေမှာ အများအားဖြင့် ညောင်ပင် ကို ညောင်ရေအိုးလေးတွေနဲ့ ရေသွန်း လောင်းကြပေမယ့် ကျွန်တော်တို့ ဘိတ်မြို့မှာတော့ ဗုဒ္ဓဘုရားရှင်ကို ဗျာဒိတ်ပေးတော်မူခဲ့တဲ့ ဒီပင်္ကရာဘုရား ဆင်းတုတော်ကို ရေသွန်းလောင်း ကြပါတယ်။ညောင်ရေ သွန်းပွဲတော် ချိန်ခါ ရောက်တာနဲ့ ဒီပင်္ကရာဘုရား ဆင်းတုတော်ကို ဘုရားငါးဆူကွင်း (အပြင်ကွင်း)ကို ပင့်ဆောင်လာပြီး ရေသပ္ပါယ်ခံပါတယ်။ ဒီအခါ တစ်မြို့ လုံးက လူတွေဟာ ခြေလျင်တစ်နည်း၊ ဆိုင်ကယ်နဲ့ တစ်ဖုံ၊ ကားနဲ့တစ်မျိုး ရောက်ရှိလာပြီး ဘုရား ဆင်းတုတော်ကို ရေသွန်းလောင်း ပူဇော်ကြပါတယ်။ ဘုရားရေသပ္ပာယ်ခံတဲ့ စင်အနီးမှာ ရေရောင်းတဲ့ သူတွေ ရှိလေတော့ တချို့ က ရေဝယ်ပြီး သွန်းလောင်း ပူဇော်ကြ သလို တချို့က ကားပေါ် ရေတိုင်ကီကြီး တွေ တင်ဆောင်လာပြီး အဖွဲ့လိုက်လာ ရောက် ရေသွန်းလောင်း ပူဇော်ကြပါ တယ်။ ကျွန်တော်ငယ်စဉ်က ဘုရား ရေသွန်းလောင်းတဲ့ စင်အောက် ဝင်ပြီး တပျော်တပါးဘုရားရေ ခံချိုးခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။ လူကြီး သူမတွေ က ဘုရားရေခံချိုးရင် ကျန်းမာတယ်၊ ဘေးဘယာ ကင်းဝေးတယ်လို့ ဆိုတာ ကိုး။

ဒါပေမဲ့ ဒီဘက်ခေတ် ရောက်တော့ ဓလေ့ထုံးတမ်း စဉ်လာတွေ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ကားပေါ် ရေတိုင်ကီကြီးတွေ တင်ဆောင်လာပြီး ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့အလိုက် ညောင်ရေ သွန်း လောင်းခဲ့ကြသူတွေဟာ အဖြူရောင် ဝတ်စုံဝတ်လို့၊ ကားနံဘေး တစ်ဖက် တစ်ချက်မှာ သာသနာ့အလံ နှစ်ချောင်း လွှင့်ထူပြီး ဆိတ်ငြိမ်မှု အပြည့်နဲ့ ဆင်နွှဲ ခဲ့ကြပေမယ့် ဒီဘက်ခေတ် ရောက်တော့ ကားပေါ် ဆောင်းဘောက်တွေ ရောက်ရှိ လာပြီး ဟစ်ဟော့ပ်၊ ကန်းထရီး၊ ရော့ခ်…အစရှိတဲ့ သီချင်းတွေနဲ့ ဘာသာရေး ပွဲတော်မှာ ဝင်ရောက် နွှဲပျော် ကြပါတယ်။ ဒီတော့ ကားနံဘေး တစ်ဖက်တစ်ချက်က သာသနာ့ အလံလေးနှစ်ချောင်းဟာ လေ ထဲမှာ တလူလူလွှင့်၊ ဆောင်းဘောက်က ထွက်လာတဲ့ သီချင်းက စိုင်းစိုင်းခမ်း လှိုင်ရဲ့ “အိုးလေးလှုပ်ပါ ဟေ့….. ရေအိုး လေး လှုပ်ပါဟေ့” ၊ ကားပေါ်က သကောင့် သား လေးတွေက ကွေးနေအောင်ကနဲ့ ပျော်စရာ ကောင်းလိုက် ပုံများ။

ညောင်ရေသွန်းပွဲ ဆိုသဟာ အခုလို သီချင်းလေး မြူးမြူးကြွကြွနဲ့ ကနေခုန် နေမှ ဟာမိုနီ ဖြစ်မှန်း ဒီအသက် ဒီအရွယ် ရောက်မှ သိရ တော့တယ်။ ကျွန်တော်တို့ ခေတ်က လူတွေများ ဒီဘက်ခေတ် ချာတိတ်လေး တချို့လို မုန့်စားရင်း လှည်း မစီးတတ်ပုံများ။ ဒါအပြင် တချို့ ချာတိတ် လေးတွေဆို ဘုရားကို ရေသွန်း လောင်း သလို လူတွေကိုလည်း ကားပေါ် က ရေဗွမ်းခနဲ လောင်းချသွား ပါသေး တယ်။ အကယ်၍များ အခုလို ဆောင်း ဘောက်ကြီးတွေဖွင့်ပြီး ကားပေါ်က ရေလောင်းနေတဲ့ မြင်ကွင်းကို ကမ္ဘာလှည့် ခရီးသည်တွေ မြင်တွေ့ သွားကြရင် ဘိတ်မြို့မှာ သင်္ကြန်နှစ်ခါ ကျတယ်လို့ ထင်မှတ်သွားကြမှာ သေချာတယ်။ အို….ဘယ်သူဘာထင်ထင်၊ ဘာအရေး စိုက်စရာ ရှိလို့လဲ။ လောကမှာ ပျော်ဖို့ ရွှင်ဖို့က အရေးကြီးတယ် မဟုတ်လား။

ကျွန်တော်တို့ မြို့သားတွေဟာ တန်ခူးလ ရောက်တော့ ငွေဖလားနဲ့ ရေကစားကြတဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ မီးသတ်ပိုက်နဲ့ ရေလောင်းလိုက်၊ ချမ်းလာရင် ဝမ်းပက် တူးပက်မော့ပြီး ” မြန်မာ့ယဉ်ကျေးမှု အတာရေသဘင် ” ဆိုတဲ့ သင်္ကြန်သီချင်း လေးနဲ့ ကွေးနေအောင်ကလိုက်၊ သူငယ် ချင်းတွေ ဆိုင်ကယ်စီးလာတာ တွေ့ရင် တားပြီး အိမ်ခုန်လိုက်၊ ပိုက်ဆံမရရင် ရန်ရှာလိုက်နဲ့ ကြံဖန်ပြီး ပျော်တတ် ကြပုံများ အားကျဖို့တောင် ကောင်းတယ်။
ဒါတွေအပြင် ဝါလကင်းလွတ် သီ တင်းကျွတ်ကို ရောက်ပြန်တော့ တာဝတိံ သာနတ်ပြည်က လူ့ပြည်ကို ပြန်လည် ကြွချီတော်မူလာတဲ့ ဗုဒ္ဓဘုရားရှင်ကို တစ်မြို့လုံး ဗြောက်အိုးတွေ တဒိုင်းဒိုင်း ဖောက်ပြီး ယမ်းငွေ့တဝေဝေနဲ့ ကြိုဆို နေလိုက်ကြပုံများ ပျော်ဖို့တောင် ကောင်း သေးတယ်။ နောက်များဆို ရဟန်းခံ ရှင်ပြုပွဲတွေမှာ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းနဲ့ ဧည့်ခံဖျော်ဖြေမယ့်အစား IC ဝိုင်းကို ငှားပြီး လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ကို ဖျော်ဖြေခိုင်းသင့်တယ်။ ဒီထက်ပို တတ် နိုင်သူတွေကတော့ ရှာကီရာကို ဖိတ်ပြီး ” ဝါကာ ဝါကာ” ဆိုတဲ့ ကမ္ဘာ့ဖလားသီချင်း လေးနဲ့ မြူးမြူးကြွကြွ သီဆိုဖျော် ဖြေပေးနိုင်ရင် အတိုင်းထက်အလွန် ပျော်စရာကောင်းမှာ အမှန်ပဲ။

ဆိုင်ဆိုင် မဆိုင်ဆိုင် ပျော်ဖို့ ရွှင်ဖို့ က အရေးကြီးတယ်မဟုတ်လား။ ကိုယ့် ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် ဖြစ်လည်း ဂရုစိုက်စရာမှတ်လို့။