ဦးမြတ်ကို အစိုးရအတွက် ရီပို့ကတ် – အကောင်းဆုံး ၃ ခု၊ အဆိုးဆုံး ၃ ခု

0
478

လေးနှစ်တာ တာဝန်ယူခဲ့သော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုလက်ထက် စီမံခဲ့မှုသမျှကို အကောင်း အဆိုးများကို သုံးသပ်ကြ သည်။ သူ စီမံခန့်ခွဲခဲ့သည့်အချိန်အတွင်း တနင်္သာရီတိုင်းဒေသကြီးအတွက် ကောင်း မွန်သည့်လုပ်ဆောင်ချက်များရှိခဲ့သကဲ့သို့ ဆိုးဝါးသည့် လုပ်ဆောင်ချက်များရှိ ခဲ့သည်။ ယင်းတို့အနက် အကောင်းဆုံး လုပ် ဆောင်ချက် ၃ ခုနှင့် အဆိုးဆုံး စီမံမှု ၃ ခုကို မေးမြန်းကောက်နှုတ်ဖော် ပြလိုက်ပါသည်။

အကောင်းဆုံးများ
၁။ လမ်းပန်းဆက်သွယ်ရေး
အကောင်းဆုံးနှင့် ထင်သာမြင်သာ ရှိသည့်အချက်မှာ လမ်းပန်းဆက်သွယ် ရေးဖြစ်သည်ဟု ဆိုသည်။
ထားဝယ်မြို့တွင် တစ်မြို့လုံးနီးပါး နိုင်လွန်ကတ္တရာခင်းခြင်း အပါအဝင် ကော့သောင်းမှ မလွှဲတောင်အထိ အဝေး ပြေးလမ်းများ၊ မြို့တွင်းလမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ သိသိသာ သာကောင်းမွန်လာခဲ့ကြောင်း နိုင်ငံရေး တက် ကြွလှုပ်ရှားသူများနှင့်လူထုအခြေပြုအဖွဲ့အစည်းတို့က ဆိုသည်။

dawei_farmers
” အကောင်းဆုံးက ဟိုင်းဝေးလမ်း တွေပဲ။ အရမ်းကောင်းလာတယ်။ မြို့တွင်း လမ်းတွေရောပဲ” ဟု ကော့သောင်း မြို့နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးကပြောသည်။
သို့သော် မြို့တွင်းလမ်းများ အပါ အဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် အားလုံး ဟန်ချက်မညီဟု ၎င်းက ဆိုသည်။

 

၂။ ဘာသာရေး ပဋိပက္ခမဖြစ်ခြင်း
နောက်ထပ်အကောင်းဆုံးလုပ် ဆောင်ချက်တစ်ရပ်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ နိုင်ငံအတွင်း နေရာအများစုတွင် ဖြစ်ပွားနေသည့်အချိန် တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ကူးစက်မလာစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ရခိုင်၊ မိတ္ထီလာ၊ မန္တလေး၊ ဥက္ကံ၊ လားရှိုးစသည့်နေရာ များတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့ချိန်များအတွင်း ထားဝယ်မြို့ တွင်လည်း ယင်းသို့ပဋိပက္ခများဖြစ်ပွားလာနိုင်သည့် မီးပွားအချို့ရှိခဲ့ပြီး ယင်း ဖြစ်ရပ်များကို ဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံကာ ပဋိပက္ခဖြစ်မလာ စေရန် ထိန်းသိမ်းနိုင်ခဲ့သည်ဟု တက် ကြွလှုပ်ရှားသူများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ဆိုသည်။
” တစ်နိုင်ငံလုံးအားလုံး တရုန်းရုန်း ဖြစ်ပြီး ဖြစ်လာမယ့်အနေအထားရှိတဲ့ နေရာမျိုးကို သူချက်ချင်းရောက်တယ်။ မဖြစ်အောင် သူထိန်းနိုင်တယ် ” ဟု ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုး က ပြောသည်။
ဘာသာရေးအခြေခံ ပဋိပက္ခ၏ ဂယက်တနင်္သာရီတိုင်းကို မရိုက်ခတ် စေရေးအတွက် ဘာသာကြီးလေးရပ်မှ ပုဂ္ဂိုလ်များဖြင့် ဘာသာပေါင်းစုံညီညွတ် ရေးအဖွဲ့များ ဖွဲ့စည်းခဲ့သည်။
၃။ ကျောင်းသား ဆန္ဒပြပွဲများ ကိုင်တွယ်ခြင်း
နောက်ထပ်ဦးမြတ်ကိုအစိုးရ၏ အကောင်းဆုံးလုပ်ဆောင်ချက်တစ်ရပ် မှာ ဒီမိုကရေစီပညာရေးတောင်းဆိုသည့် တနင်္သာရီတိုင်းက ဆန္ဒပြကျောင်းသား များ တစ်စုံတစ်ရာကြီးလေးသည့်ပြစ်ဒဏ် မချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့အစည်းများက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း ဒီမိုကရေစီ ပညာရေး ဆန္ဒပြတောင်းဆိုမှုများကြောင့် ရန်ကုန်တိုင်းမှ ကျောင်းသားများ လက် ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ထားဝယ်ဆန္ဒပြ ကျောင်းသားများမှာ ထားဝယ်မြို့နယ်တရားရုံးတွင် ငွေဒဏ် သာကျခံခဲ့ရသည်။
၎င်းအပြင် ဆန္ဒပြကျောင်းသားများ ကို ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒပြရန်            ကျောင်းသားများနှင့် တွေ့ဆုံကာ တိုက် တွန်းခဲ့ပြီး ဥပဒေဘောင်ဝင်အောင် ကြိုးစား ခဲ့သူဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

အဆိုးဆုံးများ
၁။ မြေယာကိစ္စ
ဦးမြတ်ကိုလက်ထက်တွင် အဆိုး ဝါးဆုံးပြဿနာမှာ မြေယာပြဿနာ ဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်က မေး မြန်းခဲ့သည့်နိုင်ငံရေးနှင့် လူမှုအဖွဲ့ အစည်းအသိုင်းအဝိုင်းက ပြောသည်။
အထင်ရှားဆုံးမှာ ကမြောကင်းလမ်းမ နံဘေးရှိ မြို့ပြစီမံကိန်းမြေယာပြဿနာ ဖြစ်ပြီး လယ်သမားများ ထောင်ဒဏ်ကျခံ ရသည့်အထိ ဖြစ်သွားခြင်းမှာဦးမြတ်ကို လက်ထက် အဆိုးဝါးဆုံးဖြစ်ပွားသည့် ကိစ္စဖြစ်ခဲ့သည်။
၎င်းအပြင် တနင်္သာရီတိုင်းအတွင်း မြေယာပြဿနာများ လျော့နည်းလာခြင်း မရှိဘဲ ၎င်း၏လက်ထက်တွင် တဖြည်း ဖြည်းတိုးလာကာ အချို့မြေယာသိမ်း ဆည်းမှုများတွင် ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်နေသည်ဟု စွပ်စွဲချက်များထွက် ပေါ်နေသည်အထိ ဖြစ်သည်။
“မြေယာကိစ္စဖြေရှင်းမှုတွေနှေးကွေး တယ်။ သူ့လက်ထက်မှာကျွန်းတွေ၊ မြေ တွေ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲ ရောက်ကုန်တယ်”  ဟု ကော့သောင်း  Youth Network   မှဦးဇော်မင်းထိုက်က ပြောသည်။
၂။ သယံဇာတထုတ်ယူမှုကြောင့် ညစ်ညမ်းမှုများကို မထိန်းနိုင်
ဦးမြတ်ကို အစိုးရလက်ထက်၏ ဆိုးဝါးသည့် နောက်ထပ်အချက် တစ်ချက် မှာ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထုတ်ယူမှုအပိုင်းတွင်စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူတို့က ပြောသည်။
” စီမံကိန်းကိစ္စတွေမှာ ကိုယ့်တိုင်းရဲ့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ ကိုယ် တိုင်းက ပြဿနာတွေကိုမဖြေရှင်းပေး နိုင်ဘူး ”  ဟု ထားဝယ်လူငယ်မိသဟာရ အဖွဲ့က ဦးဘိုဘိုအောင်က ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းအချို့ပါဝင်ပတ်သက်နေသော သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်နေမှုများ၊ မြစ်ချောင်းများ ပျက်စီးမှုများ၊ လူမှုဘ၀ ပျက်စီးမှုများ စသည့် သယံဇာတထုတ်ယူခြင်းလုပ်ငန်း များကြောင့် ဖြစ်လာသောဆိုးကျိုးများ အပေါ် တိုင်းအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း မှ ထိရောက်စွာဖြေရှင်းခဲ့ခြင်းမရှိဟု ထားဝယ်ဒေသရှိ လူမှုရေးအဖွဲ့အစည်း အချို့က ပြောသည်။
၃။ စီးပွားရေး ဦးမမော့
ဦးမြတ်ကို အစိုးရလက်ထက်နောက် ထပ်အားနည်းချက်တစ်ရပ်မှာဒေသတွင်း စီးပွားရေးလုပ်ငန်းကို ဦးမော့လာအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးအတွက် ထီးခီး နှင့် မောတောင်နယ်စပ်ဂိတ်များဖွင့်လှစ် လိုက်ပြီးနောက်ပိုင်းတွင် ဒေသထွက် ကုန်များ ထိုင်းနိုင်ငံသို့တင်ပို့ခွင့်မရဘဲထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်စည်များ ကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပေ။
ထိုကြောင့် ဒေသထွက်ကုန် ဈေးကွက်အတွင်း ထိုင်းပစ္စည်းများအစား ထိုးဝင်ရောက်ကာ   ဒေသထွက်ကုန်များအားလွှမ်းမိုးလာသည့်အချိန်တွင်ဒေသတွင်းထွက်ကုန်များကိုလည်း တန်ဖိုးမြင့် ထုတ်လုပ်နိုင်ရန်အတွက် တိုင်းအစိုးရ အနေဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ဦးမြတ်ကိုအပေါ် သုံးသပ်သူများက ဆို သည်။
ဝန်ကြီးချုပ် တာဝန်စတင်ယူစဉ်က ထိုင်းရောက်အလုပ်သမားများ ပြန်လာရန် လုပ်ဆောင်မည်၊ စက်ရုံအလုပ်ရုံများ တည်ထောင်မည်ဟု ကြွေးကြော်ခဲ့ပြီး  ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများနှင့် ပါ သွားရောက်တွေ့ဆုံခဲ့သော်လည်း သူ၏ ရည်မှန်းချက် ဖြစ်မလာခဲ့ပေ။
၎င်းအပြင် ဒေသ၏ အဓိကထွက် ကုန်တစ်ခုဖြစ်သည့် ရာဘာဈေးအကျ တွင်လည်း တိုင်းအစိုးရအနေဖြင့် အကူ အညီ တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိခြင်းကလည်း အားနည်းချက်ဖြစ်သွားကြောင်း လုပ်ငန်းရှင်တို့က ဆိုသည်။
ဦးမြတ်ကိုသည် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တာဝန် ကို ၂၀၁၂ တွင် စတင်တာဝန်ယူခဲ့သူ ဖြစ်သည်။ သူမတိုင်မီကဦးခင်ဇော်က တစ်နှစ်ဝန်းကျင်အကြာ တာဝန်ယူခဲ့ပြီး ကျန်းမာရေး အမည်တပ်အနားပေးခံ လိုက်ရသည်။