ထားဝယ်ဈေးကွက်အတွင်း ရွှေဈေး စံချိန်တင်မြင့်တက်

0
487

ထားဝယ်ဈေးကွက်အတွင်း ရွှေဈေး စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ထားဝယ်မြို့ ရွှေဆိုင်လုပ်ငန်းရှင်များ ထံမှ သိရသည်။
ထားဝယ်ဈေးကွက်အတွင်း ဖေဖော်ဝါရီ လ ၁၀ ရက်မှ စတင်ကာ ရွှေအခေါက် တစ်ကျပ်သားလျှင် ခုနှစ်သိန်း ခုနှစ်သောင်း ခန့်မှ ငွေကျပ်ရှစ်သိန်းခန့်အထိ စံချိန် တင် မြင့်တက်လာခဲ့ပြီး အရောင်းအဝယ် မရှိသလောက် နည်းပါးသွားခဲ့သည်ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တောင်ဖက်မှ ရွှေဆိုင်ရှင်တစ်ဦးက ဆို သည်။

“လူတွေက ဈေးငြိမ်တာကို စောင့် ကြည့်နေတဲ့ သဘောရှိတယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ ရွှေဈေးကို လိုက်၍ အတက်အကျရှိခဲ့ပြီး ယင်းကဲ့သို့ တစ်ခါမျှ ဈေးနှုန်း မြင့်တက်ခဲ့ဖူးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရွှေဈေး စံချိန်တင် မြင့်တက် သွား ခဲ့သည့်အတွက် လိုသည့်ဈေးခေါ် နေကြ သော်လည်း အရောင်းအဝယ် မရှိဖြစ်နေ ကာ ရေရှည်တွင် ဈေးအတက်အကျ ဆက်ဖြစ်နေနိုင်ပြီး ခန့်မှန်းရခက်ခဲသည် ဟု ရွှေအရောင်းအဝယ် အကျိုးဆောင် တစ်ဦးက ဆိုသည်။

“အရောင်းအဝယ်ထက် ရွှေပေါင် နှံကြတာက ပိုများနေတယ်”ဟု အဆို ပါ အကျိုးဆောင်က ပြောသည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ရွှေဈေး မြင့်တက်နေခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ရက်တွင် ရွှေတစ်အောင်စ လျှင် ၁၂၂၆ ဒေါ်လာခန့် ဈေးပေါက်နေပြီး ရက် အ လိုက် ဈေးနှုန်းမတူညီဟု စည်ပင်သာ ယာဈေးကြီး အရှေ့ဖက်မှ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။”ဈေးတက်တော့ ဝယ်သူထက် ရောင်းသူက ပိုများတယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈သိန်းခန့်၊ ယိုးဒယားရွှေ (အထည်ပျက်) တစ်ကျပ်သားလျှင် ငွေကျပ် ၆၈၀၀၀၀ ခန့်၊ ယိုးဒယားရွှေ (အထည်ကောင်း) တစ်ကျပ်သားလျှင် ငွေကျပ် ၇၂၀၀၀၀ ခန့်နှင့် မြန်မာရွှေဈေးမှာမူ ရွှေစံနှုန်း အလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။