မှတ်မိသမျှ ကျွန်တော်တို့ ငယ်စဉ်က မြိတ် ( ၂ )

0
648
၁၉၈၉ခုနှစ်က လောင်ကျွမ်းခဲ့သောမြစ်ငယ်မီးဘေးအပြီးမြင်ကွင်း

ကျွန်တော်တို့ မြိတ်သားများသည် ရုပ်ရှင်ကြည့်ခြင်းကို “ပွဲကြည့်ခြင်း” ဟု သုံးနှုန်းကြသလို ရုပ်ရှင်ရုံကို ” ပွဲရုံ ” ဟု သုံးနှုန်းလေ့ ရှိပါသည်။ သို့သော် အိုင်တီ ခေတ် လူငယ်လေးများမှာ အဆိုပါ ဒေသိ ယ အသုံးအနှုန်းကို မသုံးနှုန်းတော့ဘဲ ” ရုပ်ရှင်ကြည့်ခြင်း ” ၊” ရုပ်ရှင်ရုံ” ဟုသာ သုံးနှုန်းကြ လေသည်။

မှတ်မိသမျှ ကျွန်တော်တို့ ငယ်စဉ်က မြိတ်မြို့မှာ ရုပ်ရှင်ရုံလေးရုံ ရှိပါသည်။ ဂုဏ်၊ ရှေ့ဆောင်၊ ရွှေဗဟိုရ်နှင့် သမ္မတရုံ တို့ ဖြစ်ကြပါသည်။ ၎င်းအပြင် ရုံဟောင်း (Pioneer)) ဆိုတာလည်း ရှိပါသေးသည်။သို့သော် ကျွန်တော်တို့ လူမှန်းသိတတ်စ အရွယ်ကတည်းက ရုံဟောင်းမှာ ရုပ်ရှင် မပြသတော့ပေ။ အဆိုပါ ရုပ်ရှင်ရုံလေးရုံ အနက် ဂုဏ်ရုံမှာ နိုင်ငံခြားရုပ်ရှင် ဇာတ် ကားများ ပြသပြီး ကျန်သုံးရုံမှာ အများ အားဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ပြသလေ့ရှိပါသည်။ ရုပ်ရှင်ပြသချိန်မှာ နေ့လယ် ၁၂နာရီခွဲ၊ ညနေ၃နာရီခွဲနှင့် ည ၆နာရီခွဲ တစ်နေ့သုံးကြိမ် ပြသလေ့ ရှိပါ သည်။ သို့သော် တစ်ခါတစ်ရံဇာတ်ကား ကောင်းများ ရုံတင်သောအခါ မနက် ၉ နာရီခွဲ သို့မဟုတ် ည ၉နာရီခွဲ တစ်ကြိမ် ထပ်တိုးပြီး တစ်နေ့လေးကြိမ် ပြသပါ သည်။

၁၉၈၉ခုနှစ်က လောင်ကျွမ်းခဲ့သောမြစ်ငယ်မီးဘေးအပြီးမြင်ကွင်း
၁၉၈၉ခုနှစ်က လောင်ကျွမ်းခဲ့သောမြစ်ငယ်မီးဘေးအပြီးမြင်ကွင်း

ထိုစဉ်က ရုပ်ရှင်လက်မှတ် နှုန်းထား မှာ ရှေ့ဆုံးတန်းက ၁ကျပ်ခွဲ၊ ထိုနောက် ၂ ကျပ်တန်းနှင့် အောက်ထပ် နောက်ဆုံး တန်းက ၂ ကျပ်ခွဲ ဖြစ်ပြီး အပေါ်ထပ် က ၃ ကျပ်တန်း ဖြစ်ပါသည်။ (ဗိုလ်ချုပ် နှင့် သူ့ပီအေ ဗိုလ်ထွန်းလှတို့ ကြည့်သော ငါးမူးတန်းမှာ ကျွန်တော်တို့ ခေတ်ရောက် တော့ ၂ ကျပ်တန်း ဖြစ်နေပြီ။ ဤကား စကားချပ်)။ သို့သော် တစ်ခါတစ်ရံ ရုပ်ရှင်ဇာတ်ကားဟောင်းများကို နောက် တစ်ကြိမ် ရုံတင်ပါက အထူးနှုန်း ဖြစ်ပြီး ရုံဝင်ကြေး တစ်ဝက်နှုန်းသာ ပေးရပါ သည်။ထိုအပြင် တစ်ခါတစ်ရံ ဇာတ်ကား သစ်များ ရုံမတင်နိုင်သောအခါ ဇာတ် ကားတစ်ကားကို နှစ်ရုံ တစ်ပြိုင်နက်တည်း ပြသရပါသည်။ ထိုအခါ တစ်ရုံက နောက် တစ်ရုံထက် ဖလင်တစ်ခွေစာ မှန်းပြီး နာရီဝက် ကြိုတင်ပြသရပါသည်။ ပထမ စတင်ပြသသော ရုံကဖလင်တစ်ခွေပြီးမှ နောက်တစ်ရုံက ထိုအခွေကို စတင်ပြသ ရလေသည်။ သို့သော် တစ်ခါတစ်ရံ စတင် ပြသသောရုံက မီးစက်သော်လည်း ကောင်း၊ ရုပ်ရှင်ပြစက် သော်လည်းကောင်း ပျက်နေပါက နောက်တစ်ရုံမှ ရုပ်ရှင်ကြည့် ပရိသတ်မှာဆန့်တငံ့ငံ့နှင့် ဆက်စောင့်ရ မလိုလို၊ အိမ်ပြန်ရမလိုလိုနှင့် ကသိက အောင့် ဖြစ်ရလေသည်။ ယခုလို ၂၅၀တန် ကူးခွေကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူ နေကြသော ခေတ်မှာ လူလားမြောက်ခဲ့ ကြသော လူငယ်လေးများအဖို့ ကျွန် တော်တို့ ခေတ်က ရုပ်ရှင်ရုံ စွန့်စားခန်း များမှာ ရယ်စရာတစ်ခု၊ သို့မဟုတ် ယုံ တမ်းတစ်ခု ဖြစ်နေမလား မသိ။

ကလေး ဘ၀က ကျွန်တော်တို့အိမ်မှာ ကံကောင်း ထောက်မစွာ အဆိုပါ ရုပ်ရှင်ရုံလေးရုံ ကြားတွင် တည်ရှိလေသည်။ အဆိုပါ ရုပ် ရှင်ရုံများမှ ရုပ်ရှင်ပြသချိန် ဘဲလ်တီး ပါက အိမ်မှအတိုင်းသား ကြားရလေ သည်။ ထိုကြောင့် ငယ်ဘ၀ တစ်လျှောက် ကျွန်တော်သည် ရုပ်ရှင်ဂျပိုးတစ်ဦး ဖြစ်ခဲ့လေသည်။ ထိုထက်ပို၍ ကံကောင်း သည်မှာ အဆိုပါ ရုပ်ရှင်ရုံ လေးရုံစလုံး တွင် ကျွန်တော် အခမဲ့ ဝင်ရောက်ကြည့်ရှု ခွင့် ရရှိခြင်းပင် ဖြစ်ပါသည်။ အကြောင်း မှာ ငယ်စဉ်က ကျွန်တော့်ဖခင်က အိမ်မှာ ရေဒီယိုပြင် ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ် ထားပါသည်။ ကျွဲကူးရေပါဆိုသလို အဆိုပါရေဒီယို ပြင်ဆိုင်နှင့် တွဲဖက်ပြီး အသံချဲ့စက်ပါ ငှားရမ်းလေသည်။ ထိုကြောင့် ၎င်း ရုပ်ရှင်ရုံ လေးရုံစလုံးမှာ ဇာတ်ကားသစ် ရုံတင်တိုင်း အဖေ့ထံမှ ကက်ဆက်၊ လော်စပီကာ၊ အသံချဲ့စက် နှင့် မိုက်ငှား ရမ်းကာ မြို့လှည့်ကြော်ငြာ ရပါသည်။ အသံချဲ့စက်ငှားရမ်းခက ရုပ်ရှင် တစ်ကား လျှင်၂၅ကျပ် ရရှိပါသည်။ ထို့အပြင် ထိုခေတ်က ဗွီနိုင်းမပေါ် သေးသဖြင့် ကင်းဗတ်ပြားကြီးပေါ်တွင် ဇာတ်ကားအမည်၊ သရုပ်ဆောင် အမည် နှင့် မင်းသား မင်းသမီးပုံများကို ပန်းချီ ဆွဲကာ ကားနံဘေး တစ်ဖက်တစ်ချက်မှာ ချိတ်ဆွဲပြီး မြို့လှည့် ကြော်ငြာရပါသည်။ထိုသို့ ရုပ်ရှင်ရုံတိုင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ရှိခဲ့သောကြောင့် ဘယ်ရုံမှာမဆို ကျွန်တော် အခမဲ့ ရုပ်ရှင် ကြည့်ရှုခွင့် ရရှိခြင်း ဖြစ်ပါသည်။

ထိုစဉ်က ရုပ်ရှင် ဇာတ်ကားသစ် များကို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်နှင့် ချိန်ပြီး သောကြာနေ့တွင် ရုံတင်လေ့ရှိရာ ထိုနေ့ဆို ကျွန်တော် ရုပ်ရှင်ရုံထဲ ရောက် နေတတ်ပါသည်။

ယခုတော့ အဆိုပါ ရုပ်ရှင်ရုံများ မရှိတော့ပေ။ သမ္မတ၊ ရှေ့ဆောင်နှင့် ရွှေဗဟိုရ်ရုံတို့မှာ ၁၉၈၉ခုနှစ်တွင် လောင် ကျွမ်းခဲ့သော မြစ်ငယ်မီး၌ မီးဘေးသင့် ခဲ့ရသလို ဂုဏ်ရုံမှာလည်း ယခုဆို ဂိုဒေါင် ဖြစ်နေလေပြီ။ အကယ်၍ ယခုလို အိုင်တီ ခေတ်ကြီး၌ အဆိုပါ ရုပ်ရှင်ရုံများ ဆက် လက်လည်ပတ်နေပါက အရှုံးပေါ်ပြီး ပိတ် ပစ်ရမှာ ဧကန်ပင်။ သို့သော် ဘာပြော ပြော ကြမ်းပိုး အကိုက်ခံပြီး ချွေးတလုံး လုံးဖြင့် ကြည့်ရှုရသော ဖလင်ခေတ်က ရုပ်ရှင်ရုံ အရသာလေးကိုတော့ လွမ်းဆွတ် မိပါသေးသည်။

ကျွန်တော်တို့ မြိတ်မြို့အကြောင်း ရေးကြ ပြောကြစတမ်းဆို မီးဘေးကို ပင်တိုင်ဇာတ်ကောင်အဖြစ် ထားရပေ လိမ့်မည်။ တကယ်တော့ မြိတ်သားနှင့် ဆိုင်ကယ်မှာ ဖွားဖက်တော်တွေ ဖြစ်သလို မြိတ်သားနှင့် မီးဘေးမှာနှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်ရသော စွယ်တော်ရွက် နှယ် ပင်။ ကျွန်တော်တို့ မြိတ်မြို့သည် ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူတို့နှင့် တန်းတူ ဒုက္ခပေးသော မီးဘေး၏ နှိပ်စက် ကလူ ပြုမှုကို အကြိမ်ကြိမ် ခံခဲ့ရလေ သည်။ ကိန်းဂဏန်း အချက်အလက် များအရ ၁၆-၁၂-၁၉၇၂ တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက်၌ မီးအကြီးအကျယ် လောင်ကျွမ်း ခဲ့လေသည်။ အဆိုပါ မီး ဘေးမှာ မြိတ်မြို့သမိုင်းတွင် ဆုံးရှုံးမှု အကြီးမားဆုံး မီးလောင်မှု တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး နောက်လယ်နှင့် တလိုင်းစု ရပ်ကွက်ရှိ အိမ်ခြေ ၁၁၇၂ လုံးပြာပုံ ဖြစ်ခဲ့ရပါသည်။ ခန့်မှန်းခြေ ဆုံးရှုံးမှု တန်ဖိုးကား ကျပ်သိန်းပေါင်း ၁၇၅၀၀ ဖြစ်ပါသည်။ ၎င်းပမာဏမှာ သက်ဆိုင်ရာမှ ခန့်မှန်းခြေ တွက်ချက် ထားခြင်း ဖြစ်ပြီး လက်တွေ့မှာ ထိုထက် အဆ ပေါင်းများစွာ ပျက်စီးဆုံးရှုံး ခဲ့ရ လေသည်။ ထိုစဉ်က ကျွန်တော် ၂ နှစ် သား အရွယ်မို့ ၎င်းအနိဌာရုံ မြင်ကွင်းကို မှတ်မိနိုင်စွမ်း မရှိပါ။ သို့သော် မီးငြိမ်း သတ်ရင်း စ /၇၇၇၇ မီးသတ်ကား တိမ်း မှောက်ပြီး မီးသတ်ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရကာ တချို့ သေဆုံးကြောင်း လူကြီးသူမတွေ ပြောစကားအရ သိရှိရ ပါသည်။

ထို့အပြင် ၈၈ အရေးအခင်း ပြီး ကာစ ၆-၁၁-၈၈ တွင် လူနေထူထပ်သော စက်ဝင်းရပ်ကွက်၌ မီးလောင်သည်။ အဆိုပါ မီးကြောင့် စက်ဝင်းနှင့် မြိတ်တောင် ရပ်ကွက်ရှိ အိမ်ခြေ ၇၁၅ လုံး မီးဘေး သင့်ခဲ့ရပြီး ကျပ်သိန်းပေါင်း ၁၄၃၀၀ ဆုံးရှုံးခဲ့ရလေသည်။

ဆက်လက်ပြီး ၁၆-၂-၈၉ တွင် မြစ်ငယ်ရပ်ကွက်တွင် မီးလောင်ကျွမ်းခဲ့ ပါသည်။ အဆိုပါ မီးဘေးမှာ မြိတ်မြို့ သမိုင်းတွင် အကြီးကျယ်ဆုံး မီးဘေး အဖြစ် မှတ်တမ်းဝင်ခဲ့လေသည်။ မြစ်ငယ် ရပ်ကွက်မှ စတင် လောင်ကျွမ်းသော မီးကြောင့် မြစ်ငယ်၊ ထားဝယ်စု၊ ကန်ခေါင်း၊ ပါရမီ၊ စက်ဝင်းနှင့် မြိတ် တောင်ရပ်ကွက်ရှိ အိမ်ခြေ ၁၈၉၆ လုံး ပြာပုံ ဖြစ်ခဲ့ရ လေသည်။ကာလတန်ဖိုး ၁၄၆၆၄ သိန်း ခန့် ဆုံးရှုံး ခဲ့ရလေသည်။ ထိုစဉ်က ကျွန်တော့် အသက်က ၁၉ နှစ် ဖြစ်ပြီး မီးစတင် လောင်ကျွမ်းသော အိမ်မှာ ကျွန်တော်တို့ အိမ်နှင့် ဓာတ်တိုင် ငါးတိုင်ခန့်သာ ဝေးသောကြောင့် အရာ ရာကို အသေးစိတ် မှတ်မိနေပါသည်။ ညနေ သုံးနာရီခွဲပြီး အချိန်တွင် ” မီးဟေ့…မီးလောင်နေပြီ” ဟူသော အလန့်တကြား အော်ဟစ်သံနှင့် အတူ ကောင်းကင်ယံသို့ တလိမ့်လိမ့် တက်လာသော မီးခိုးများ၊ ဆောက်တည် ရာမရ အော်ဟစ် ပြေးလွှား နေကြသူများ၊ ငိုညည်းသံများ၊ ရေရွတ် ဆဲဆိုသံများ၊ ဆိုင်ကယ် ဟွန်းသံများနှင့် မီးသတ်ကား ဥဩသံများမှာ ကမ္ဘာပျက် နေသလိုပင်။ သို့သော် ကံအားလျော်စွာ အဆိုပါ ကပ်ဘေးမှ ကျွန်တော်တို့အိမ် သီသီလေး ကပ်ပြီး လွတ်မြောက်ခဲ့ပါ သည်။

ထိုနောက် ၁၆-၃-၁၉၉၁ တွင် ခရူတော ရပ်ကွက်နှင့် ၈-၁၂-၁၉၉၁ တွင် ဆိပ်ငယ်ရပ်ကွက်တွေမှာ မီးလောင် ကျွမ်း ခဲ့ရလေသည်။ သို့သော် အဆိုပါ မီးဘေး နှစ်ခုမှာ နောက်လယ်နှင့် မြစ် ငယ်ရပ်ကွက် မီးဘေးတို့နှင့် ယှဉ်လိုက် ပါက ဘာမှ မပြောပလောက်ပေ။
ဆက်လက်ပြီး ၂၃-၁-၂၀၀၁ တွင် ကြောင်ငယ်ရပ်ကွက်၌ မီးလောင်မှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပါသည်။အဆိုပါ ကြောင်ငယ်မီးသည်လည်း မြိတ်မြို့ သမိုင်းတွင် အကြီးကျယ်ဆုံး မီးဘေး တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ကြောင်ငယ်ရပ်ကွက်မှ စတင်လောင် ကျွမ်းခဲ့သော အဆိုပါ ပေါ့ဆမီးမှာ ကြောင်ငယ်၊ အလယ်ကျွန်း၊ စက်ဝင်း၊ မြိတ်တောင်နှင့် နောက်လယ်ရပ်ကွက်ရှိ လူနေအိမ်ခြေ ၁၃၄၉ လုံး မီးဘေးသင့်ခဲ့ ရလေသည်။ ကာလတန်ဖိုး ကျပ်သိန်း ပေါင်း ၄၀၀၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ရလေသည်။

အထက်ပါ ကိန်းဂဏန်း အချက် အလက် များအရ ကျွန်တော်တို့ မြိတ်မြို့ တွင် စက်ဝင်းနှင့် မြိတ်တောင်ရပ်ကွက် တွေမှာ မီးဘေးအသင့်ဆုံး ဖြစ်ပြီး နောက် လယ်ရပ်ကွက်က ဒုတိယ လိုက်လေ သည်။ ယခုလို ရေပတ်လည် ဝိုင်းလျက် ရှိသော ကျွန်းမြို့လေးတွင် မီးဘေး အကြိမ်ကြိမ် သင့်ခဲ့ရ ခြင်းမှာ တစ်ချိန်က မီးသတ်ကား အစီးရေနည်းပါးခြင်း၊ လူနေ အိမ်ခြေသိပ်သည်းခြင်းနှင့် ရေနံ ချေးဝနေသော ဖက်မိုး ပျဉ်ထောင်အိမ် ပေါများခြင်းကြောင့် ဖြစ်ပါသည်။ သို့ သော် နောက်ပိုင်း ပုဂ္ဂလိက လက်ထဲ မီး သတ်ကား ထားရှိခွင့် ပြုလိုက်သောအခါ ယခင်ကလောက် မီးအကြီးအကျယ် လောင်ကျွမ်းခြင်း မရှိတော့ပါ။ ထို့အပြင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး စက်များ မှ လျှပ်စစ်ဓာတ်အား ၂၄နာရီ ရရှိနေပြီ ဖြစ်ရာ မီးလောင်မှု အတော်အတင့် လျော့ ကျသွား လေသည်။

သို့သော် မီးဘေး အကြိမ်ကြိမ် သင့်ခဲ့ရသော မြို့က လေး ကား ရင့်ကျက်တည်ငြိမ်မှုတွေ ပျောက် ဆုံးခဲ့ရပြီး နုပျိုသစ်လွင်မှုတို့ဖြင့် အနာ ဂတ်ကို ဆီးကြိုခဲ့ရပါသည်။ အကြိမ်ကြိမ် လောင်ကျွမ်းခဲ့သော မီးကြောင့် ဟောင်း နွမ်းနေသော ပျဉ်ထောင်အိမ်များ ပြာပုံဖြစ်ခဲ့ရပြီး ထိုပြာပုံကြားထဲမှ တိုက် တာ အဆောက်အဦများ ထိုးထိုး ထောင် ထောင် ပေါ်ထွက်လာသလို ရပ်ကွက် တွင်းရှိ လူဟောင်းတချို့ ပျောက်ကွယ် ကာ မျက်နှာစိမ်း တချို့ ရောက်ရှိလာ ကြလေသည်။ တချို့ဆို မီးဘေး အကြိမ် ကြိမ်သင့်ခဲ့ရသောကြောင့် ဖွတ်ကျောပြာ စု ခရုဆံကျွတ် ဖြစ်ခဲ့ရလေသည်။
သို့သော် ဘာပြောပြော မြိတ်မြို့ သည် မီးပုံထဲတစ်ကြိမ်ခုန်ဆင်းလိုက် တိုင်း တစ်ကြိမ် ပိုနုပျိုတောက်ပလာသော ဂရိ ဒဏ္ဍာရီထဲကဖီးနစ်ငှက်လိုပင် မီးဘေး တစ်ကြိမ်သင့်တိုင်း တစ်ကြိမ် ပိုမိုနုပျို သစ်လွင်လာစမြဲပင်။