ငှက်သိုက်စုသိမ်းခွင့်တင်ဒါ အောင်ဈေး ယခင်နှစ်ထက် သုံးဆမြင့်

0
390

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကျွန်းများတွင် ၂၀၁၅-၂၀၁၆ ခုနစ်တွင် ငှက်သိုက်စုသိမ်းခွင့်တင်ဒါ အောင်ဈေးမှာ ပြီးခဲ့သည့် နှစ်ကထက် ပမာဏသုံးဆမြင့်တက်လာကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ခုနှစ်က လပ်ပုံ (လုပ်ပိုင်ခွင့်ဧရိယာ/လုပ်ကွက်) ၄ ခုအတွက် ကျပ်သိန်းပေါင်း ၆ ထောင် ကျော်ဖြင့် တင်ဒါအောင်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းလပ်ပုံ ၄ ခုအတွက် ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော်အထိ မြင့်တက်ခဲ့ကြောင်း တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

လပ်ပုံ ၁၊ ၂ နှင့် ၃ တို့ကို ခရီးသွား လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Grand Adman Islands ကုမ္ပဏီက တင်ဒါအောင်ခဲ့ပြီး နိုင်ငံခြား နှင့်ပြည်တွင်းခရီး သွားဧည့်သည်များ စိတ်ဝင်စားရာ ကြက်မောက်ကျွန်း (အသဲပုံကျွန်း) ရှိသည့် လပ်ပုံကျွန်းကိုမူ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ က တင်ဒါအောင်ခဲ့ကြောင်း သိရသည်။

“တင်ဒါ အောင်တဲ့ဈေး မြင့်တက်လာတာကတော့ သူတို့ အပြိုင် အဆိုင် ပေးတဲ့ ဈေးနှုန်းမြင့်လို့ပါ ” ဟု ဦးတင်သိန်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်မှ စ၍ တင်ဒါစနစ်ဖြင့် စတင် လုပ်ကိုင်ခွင့်ပြုခဲ့ရာ ၂၀၁၃- ၂၀၁၄ ခုနစ်နှင့် ၂၀၁၄-၂၀၁၅ ခုနစ် တို့တွင် လပ်ပုံ ၄ နေရာစလုံးကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့ပြီး ယခုနှစ်တွင်မူ လပ်ပုံသုံးနေရာကို ခရီးသွား လုပ်ငန်းကုမ္ပဏီဖြစ်သည့် Grand Adman Islands က တင်ဒါအောင်ခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းရှိ ကျွန်း များကို လေလံဆွဲရာတွင် တင်ဒါ ကြီး ကြပ်ရေးအဖွဲ့က လျှို့ဝှက်ဈေးနှုန်း တစ်ခုကို သတ်မှတ်ထားပြီး ကုမ္ပဏီများက စာအိတ်ဖြင့်ပေးရသည့် ဈေးနှုန်းမှာ လျှို့ဝှက်ဈေးနှုန်းကို ကျော်လွန်သည့်အပြင် အများဆုံးပေးသည့်ကုမ္ပဏီကို ရွေးချယ်ခွင့်ပြု ပေးကြောင်း ၎င်းက ရှင်းပြသည်။
“ငှက်သိုက် စုသိမ်းခွင့်တင်ဒါကရတဲ့ငွေက တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေကို သွားတာပါ။ အခုလို များများရတော့ တိုင်းအစိုးရအဖွဲ့အတွက် ရန်ပုံငွေများများ ရှာပေးနိုင်တာပေါ့” ဟု ဦးတင်သိန်းက ဆိုသည်။

ငှက်သိုက်စုသိမ်းခွင့် တင်ဒါကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးတွင် ဈေးပြိုင် တင်ဒါဆွဲခဲ့ပြီး တင်ဒါဆွဲရန် လျှောက် ထားသည့် ကုမ္ပဏီ ၄ ခုတွင် ကုမ္ပဏီ ၃ ခု ကသာ လာရောက်တင်ဒါဆွဲခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။
တင်ဒါအောင် ကုမ္ပဏီများသည် ပေးချေရမည့်ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို တင်ဒါဆွဲသည့်နေ့တွင် မြန်မာ့စီးပွားရေး ဘဏ်သို့ သွင်းရပြီး ကျန်ငွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပြီးပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။