သိမ်ငယ်စိတ်ကို ရိုက်ချိုးပစ်လိုက်စမ်းပါ

0
676

သိမ်ငယ်စိတ်
ကျွန်တော်တို့အများစုမှာ မွေးရာပါ သိမ်ငယ်စိတ်တွေ ကိုယ်စီရှိကြပါတယ်။
ကိုယ်နဲ့အလှမ်း နည်းနည်းဝေးနေတဲ့ အရာတချို့ကို တခြားသူတွေ အလွယ် တကူပဲ ရနေကြပေမယ့် တခါတလေမှာ တော့ အဲဒါတွေက ကျွန်တော်တို့ မလုပ် နိုင်တဲ့ ကျွန်တော်တို့ မရနိုင်တဲ့အရာတွေ လို့ ထင်နေတတ်ကြပါတယ်။

“ငွေအရင်းအနှီးမရှိတော့ ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”
” ကျွန်တော့် အင်္ဂလိပ်စာက ချောက် တိ ချောက်ချက်ဆိုတော့ နိုင်ငံခြား ကျောင်းသွားတက်ဖို့ဆိုတာ မမှန်း ရဲပါဘူး”
“ကျွန်တော့်တို့ ဖြတ်သန်းရတဲ့ ပညာရေး စနစ်အခြေအနေနဲ့ ကျွန်တော့် အိပ်မက်တွေ တကယ် ဖြစ်ဖို့ဆိုတာ ဟာသတစ်ခုလိုပဲ” စသဖြင့် ကျွန်တော်တို့ ပြောဆို ခံယူတတ်ကြပါတယ်။
တကယ်တော့ ဒါတွေဟာ အမြဲ အမှန် မဟုတ်ပါဘူး။ သေချာ သိထားဖို့ လိုတာကတော့ သိပ်ငယ်စိတ်သက်သက် ဆိုတာကိုပါ။
အဲလို သိပ်ငယ်စိတ်ကို ဘွဲ့ရပြီးစ လူငယ်တွေကြားမှာဆို အထင်းသားတွေ့ရ တတ်ပါတယ်။

ဘွဲ့ရရင်ဘာလုပ်ကြမလဲ
“ကျောင်းပြီးရင် ဘာလုပ်ရမလဲ။ ” ဒီမေးခွန်းက လူငယ်တွေကြားမှာ ခေတ် စားတဲ့ မေးခွန်းတစ်ခု။ ဒါတင်မက လူကြီးတွေကြားမှာ အထူးသဖြင့် ဘွဲ့ရ ကာနီး ကျောင်းသားမိဘတွေရဲ့ ကြားမှာ အလေးပေး စဉ်းစားလာရတဲ့ အကြောင်း ကိစ္စတစ်ခုလဲ ဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် ထားဝယ်ဒေသက လူငယ်တွေ ကြားမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပုံသေနည်းတချို့ ရှိပါတယ်။ တောရွာ တွေမှာ ရှမ်းပြည် (ထိုင်းနိုင်ငံ)သွား၊ တချို့က မိဘလက်ငုတ် လက်ရင်း တောင်သူ လယ်လုပ်နဲ့ ရေလုပ်ငန်း၊ မြို့ အရပ်ဆီမှာတော့ ကုန်စုံဆိုင်နဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေက လူငယ်အများစုအတွက် ဘွဲ့ရပြီးရင် လမ်းဆုံးကြတဲ့ နေရာ။
broke_downcast_minded
အင်ဂျင်နီယာဘွဲ့ရတဲ့ လူငယ် အတော်များများကတော့ ငွေရပေါက် နည်းနည်းကျယ်တဲ့ စင်ကာပူဘက်ကို ခြေဦးလှည့် ကြတယ်။ ဘာဘွဲ့မှမရဘဲ မျက်စိကြီး နားကြီးနဲ့ အဆက်အသွယ် ကောင်းတဲ့ လူတွေကျပြန်တော့လည်း မလေးရှားလိုနိုင်ငံမျိုးမှာ အခြေအနေ တကျဖြစ်နေကြတာလဲ ဒုနဲ့ဒေး။ ရိုးရိုးဘွဲ့ လေးပဲရတော့ နားအေး ပါးအေး အစိုးရ အလုပ်လေးပဲ လုပ်တော့မယ်ဆိုတဲ့ လူငယ်တွေလဲ အတော်များများ ရှိကြ လေရဲ့။
အဲဒီ ရွေးချယ်မှုတွေဟာ သူတို့ ဝါ သနာ၊ သူတို့ အိပ်မက်တွေနဲ့ တစ်သား တည်း ဖြစ်မနေတတ်ပါဘူး။

ဖြစ်နိုင်ချေရှိတာက ၂ ခုပါ။
၁) သူ့ရဲ့ ဝါသနာနဲ့ အိပ်မက်က အားပျော့တာ။
၂) သူ့ရဲ့သိမ်ငယ်စိတ်က သူ့ကို အုပ်စီးထားလွန်းတာ။

ကိုယ့်ကိုကိုယ် သိအောင် လုပ်ပါ။
ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ် ချင်တယ်ဆိုတာကို သိဖို့အရေးက အတော့်ကို အရေးကြီးပါတယ်။ များသော အားဖြင့် ကျွန်တော်တို့ လူငယ်တွေက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ရေရေရာရာ သိတာ သိပ်နည်းပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ပြောရရင် ၉ တန်း၊ ၁၀ တန်းရောက်နေပြီဖြစ်တဲ့ ကျောင်းသားတွေ ကို မေးကြည့်ရင် အနာဂါတ်မှာ သူတို့ ဘာဖြစ်ချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိနေကြပါဘူး။ အများစုက ဆရာဝန် လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ် ဒါမှ မဟုတ် ပြည်သူ့ရဲ၊ တချို့က ကျောင်း ဆရာ^မဆို ပြီး ပြောလေ့ရှိတတ် ကြပါ တယ်။ ဒီထဲက အများစုဟာ သူတို့ ကိုယ်တိုင်ဖြစ်ချင်တာ မဟုတ်ပါဘူး။ မိဘ၊ ညီအစ်ကို၊ မောင်နှမ ဒါမှမဟုတ်ရင် ကျွန်တော်တို့ နေထိုင်ကြီးပြင်းရာ လူမှု အသိုင်းအဝိုင်းရဲ့ ဖြစ်စေချင်တာတွေကခပ်များများရယ်။

ကိုယ့်ဘ၀ကို ဘယ်လိုပုံစံ ဖြစ်ချင် လဲဆိုတဲ့ အနာဂါတ်အိမ်မက် ( Vision ) ကို ဖော်ထုတ်ဖို့ အားထုတ်တာမျိုး နည်း တာကို တွေ့ရပါတယ်။
အခုလို တိုင်းပြည် အကူးအပြောင်း ကာလမှာ လူငယ်တွေအနေနဲ့ ကိုယ့်ကို ကိုယ်သိအောင်လုပ်ဖို့ အချိန်တန်ပါပြီ။ ကိုယ်ဘာဖြစ်ချင်လဲပေါ့။
ပထမဆုံးအနေနဲ့ ကျွန်တော် တို့လူငယ်တွေ ကိုယ့်ကိုကိုယ် ဆန်း စစ်ရပါမယ်။ ဆန်းစစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့တော့ လိုပါ တယ်။ ကိုယ့်ရဲ့ ပစ္စက္ခ အခြေအနေကို စေ့ငုရပါမယ်။ ကိုယ်ဖြစ်ချင်ရောက်ချင်တဲ့ နေရာနဲ့ လက်ရှိ အခြေအနေအကြား “ကွာဟချက်” ကို ရှင်းရှင်းကြီး သိအောင် အားထုတ် ရပါမယ်။ ပြီးရင်တော့ အဲဒီ “အဟ” ကို ဖြည့်ရပါမယ်။

များသောအားဖြင့် ကျွန်တော်တို့ လူမျိုးတွေဟာ အသစ်အဆန်းကို စမ်း သပ်ပြီး လုပ်ကြည့်ဖို့ တွန့်ဆုတ်နေလေ့ ရှိကြပါတယ်။ တစ်ခုခုကို ” ဇောက်ချ” ပြီး လုပ်ကြည့်ရပါမယ်။ ဥပမာအနေနဲ့ နိုင်ငံခြားမှာ မဟာဘွဲ့တက်ချင်တဲ့ လူငယ်တစ်ယောက် အဓိကနဲ့ မဖြစ်မနေ လုပ်ရမှာက အင်္ဂလိပ်စာ တိုးတက်ဖို့ပါပဲ။ ကျောင်းပိတ်ရက်မှာ အိမ်မှာ မုန့်ဖိုး တောင်းလို့ ကောင်းရုံသင်တန်း တက်ပြ တာမျိုး မဟုတ်ပါဘူး။ အသေးစိတ် စီမံကိန်းချပြီး လုပ်ဖို့ လိုပါတယ်။
တခါတလေမှာ အပြောလွယ် သလောက် အလုပ်ခက်ပါတယ်။ ဒါပေမယ် စိတ်ဓာတ်မကျဖို့ လိုပါတယ်။ လူ့ဘ၀ဆိုတာ တစ်ခုခုဖြစ်ချင်လို့ လုပ် တိုင်း အမြဲအောင်မြင်နေတတ်တာမှ မဟုတ်တာပဲလေ။ ရှုံးရင်လဲနေဖို့ မဟုတ်ပါဘူး။ နောက်တစ်ကြိမ်ပြန် လုပ်ဖို့ပါ။

သိမ်ငယ်စိတ်များကိုရိုက်ချိုးပါ
၂၀၁၅ ခုနှစ် ဇူလိုင်လ။ ကံပေါက် ရွာသားလူငယ်တစ်ယောက်ဟာ နယူး ဇီလန်နိုင်ငံ လွှတ်တော် အဆောက်အအုံမှာ ရှိတဲ့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဧည့်တွေ့ ခန်းထဲမှာ လွှတ်တော်ဥက္ကဋ္ဌကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးနေ တယ်။ ဒီအခြေအနေဟာ သူ့ရဲ့လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဘွဲ့ရပြီးယောင်ချာချာ ဖြစ်နေတဲ့ အခြေအနေနဲ့ ကွာခြား သွား ပါပြီ။
လူကြီးဆိုရင် ရပ်ကွက်လူကြီးကို တောင် စကားကျယ်ကျယ်မပြောရဲတဲ့ ကျေးရွာတစ်ရွာက လူငယ်တွေ ဒီလို ဖြစ်လာဖို့ဆိုတာ သမရိုးကျ တွေးကြည့် ရင် မဖြစ်နိုင်ဘူးလို့ပဲ လွယ်လွယ် ဆို ရမှာပါ။ အစိုးရ လူကြီးတွေနဲ့ စကား ပြောရမယ်ဆိုရင် စိတ်အားငယ်နေလေ့ ရှိတဲ့ ကျွန်တော်တို့ရဲ့ အရိုးစွဲစိတ်ထား တွေကို ပြောင်းပစ်ဖို့ အချိန်ကျ ရောက်ပါပြီ။

ကျွန်တော်ဟာ ထားဝယ် နည်းပညာ ကောလိပ် (၂၀၀၅ ခုနှစ်တုန်းက တက္ကသိုလ်မဖြစ်သေး) ဝင်ခွင့်ရပြီးကာမှ အကြောင်းကိစ္စတစ်ခုကြောင့် အင်ဂျင်နီ ယာအိမ်မက်နဲ့လွဲခဲ့ရလို့ ဘ၀က မျှော်လင့် ချက်မဲ့သလိုဖြစ်နေခဲ့တယ်။ ရိုးရိုးဘွဲ့လေး တစ်ခုပဲရပြီး ပညာဆက်သင်ကြားခြင်းဆို တာကို ပြည်ဖုံးကားချလိုက်ရပြီလို့ပဲ မှတ်ခဲ့တယ်။ နိုင်ငံခြားသင်တန်းတွေကနေ တဆင့် ပညာဆက်သင်ဖို့အခွင့်အရေး တွေရှိနေသေးကြောင်းဘွဲ့ရပြီး ၈ နှစ် လောက်နေမှ သိခဲ့ရတယ်။
ခု ကျွန်တော်တို့ စာတွေ ဆက်သင်ဖို့ အိမ်မက်တွေ များများမက်လို့ ရနေပြီ။ ပြီးတော့ ဒီအိမ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့လဲ နည်းလမ်း တွေနဲ့ အကူအညီပေးမယ့်သူတွေ ဒုနဲ့ဒေး။ ကျွန်တော်တို့ လူငယ်တွေမှာ လိုနေတာက တစ်ခုပါပဲ။ ကျွန်တော်တို့ ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ “လုပ်လို့ဖြစ်မှာ မဟုတ်ပါဘူးလေ” ဆို တဲ့ ယူဆချက်ကို ဖျက်ပစ်ဖို့ပါ။

သိမ်ငယ်စိတ်တွေကို ရိုက်ချိုးနိုင် ဖို့အတွက် အခွင့်အလမ်းတွေကို စူးစမ်း ရှာဖွေနေဖို့လဲ လိုပါတယ်။ ပတ်ဝန်းကျင် ရဲ့ အပြောင်းအလဲတွေကို အချိန်နဲ့ တစ်ပြေးညီ လေ့လာနေရမယ်။ ပြောင်းလဲ တိုးတက်နေတဲ့ သတင်းခေတ်နဲ့ လိုက် ပါ စီးမျောနေရမယ်။ အခွင့်အရေးတွေ ကိုယ့်ဆီရောက်လာအောင် ထိုင်စောင့် နေတာမျိုး မဟုတ်ဘဲ အခွင့်အရေးတွေကို ကိုယ်က ဖန်တီးယူရမယ်။ ကိုယ့်ဖြစ် ချင်တာတွေကို အထောက်အပံ့ပြုမယ့် မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ကောင်း တွေကို ချိတ်ဆက် ခြေကုပ်ယူထားဖို့လည်း လိုပါမယ်။

ထားဝယ်လူငယ်တွေ အတွက်အခွင့် အလမ်းတစ်ခု

ဖေဖော်ဝါရီလလယ်ရဲ့ ထားဝယ်မြို့ နံနက်ခင်းဟာ သာသာယာယာပဲ ရှိ ပါတယ်။ Dawei Watch Foundation က စီစဉ်ကျင်းပပြီး သပြေပညာရေး ဖောင်ဒေးရှင်းက ဦးဆောင်ဆွေးနွေးမယ့် နိုင်ငံရပ်ခြား ပညာသင်အခွင့်အလမ်းများ အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ဖို့ လူငယ်တွေ တဖွဲဖွဲရောက်ရှိ လာနေကြ တယ်။ အရင်က မလုပ်ဖူးတဲ့ ဒီပွဲမျိုးကို လူ ၈၀လောက်တက်မယ်လို့ မမှန်း ထားခဲ့။ အလုပ်ပစ်ပြီး လာသူတွေနဲ့ ကျောင်းပြေးပြီးလာတဲ့ နည်းပညာနဲ့ ကွန်ပြူတာတက္ကသိုလ်က လူငယ်တွေ အများဆုံး။ ဒီဆွေးနွေးပွဲ တက်ရဖို့အတွက် ကျောင်းပြေးပြီးလာကြတဲ့ သူတို့လေးတွေ ကျောင်း ပြန်တက်လို့ ဆရာ/မတွေရဲ့ အဆူအငေါက်ခံရတယ်ဆိုရင်တောင် ဒါက တန်ပါတယ်လို့ ပြောချင်တယ်။ ဟောပြောဆွေးနွေးမှုတွေအပြီး မှာတော့ ကျွန်တော် / ကျွန်မကတော့ ဘယ်ကျောင်းတက်ချင်လို့ပါ၊ ဘယ်လိုလုပ်ရမလဲစတဲ့ ဆွေးနွေးမေးမြန်းမှု တွေကြားရတော့ အပင် ပန်းခံ လုပ်ရကျိုးနပ်တယ်လို့ပဲ ဆိုရမှာပါ။

ခေတ်ပြောင်းနေပါပြီ။ မြန်မာပြည်ကြီးလည်း ပြောင်းလဲချိန်တန် ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ပြောင်းသင့်သလောက် ပြောင်းနေပါပြီ။ လူငယ်တွေဆိုတာ ခေတ်ရေစီးကြောင်းနဲ့အမီ လိုက်နေရပါမယ်။ ဖက်ရှင် ဒီဇိုင်းနဲ့နေပုံထိုင်ပုံတွေကတော့ ထားဝယ်တွေ ခေတ်နောက်မကျဘူး ဆိုတာ သိသာတယ်။ ပညာရေးနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့ ခေတ်နောက်မကျဖို့ လိုပါတယ်။ ခေတ် အပြောင်းမှာ လူငယ်တွေ လိုက်ပြီး ရွေ့ရပါမယ်။ လိုက်ပြီးစီးမျောရပါမယ်။

ပညာရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ ထားဝယ်လူငယ်အများစု ဟာ သိမ်ငယ်နေကြတာ များပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှာ မဟာဘွဲ့ယူဖို့၊ ဒေါက်တာဘွဲ့ယူဖို့ဆိုတာမျိုးက ကျွန်တော်တို့နဲ့ မဆိုင်တဲ့ကိစ္စပဲလို့ ထင်နေတတ်ကြတာ များပါတယ်။ ဒါဟာ ကျွန်တော် တို့ရဲ့ သိမ်ငယ်စိတ်ပါ။
ဒီကနေ့ဟာ ဒီစိတ်ကို ရိုက်ချိုးပစ်ဖို့ အချိန်တန်ပါပြီ။ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးနိုင်ဖို့၊ ထားဝယ်ဒေသကို ဦးဆောင်နိုင်ဖို့၊ ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ အရွေ့မှာ တစ်နေရာရာက ခေါင်းဆောင်ပါဝင်နိုင်ဖို့၊ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့အတွက် အရေးအကြီးဆုံးနဲ့အမြန်ဆုံး ကျွန်တော်တို့ လုပ်ရမှာက ကျွန်တော်တို့ရဲ့ သိမ်ငယ်စိတ်တွေကို ရိုက် ချိုးပစ်ဖို့ပါပဲ။