Declo ကုမ္ပဏီကို ကံပေါက် ဒေသခံများ ဆန္ဒပြ

0
465

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် သတ္တုတူးဖော်လျက် ရှိသည့် Delco ကုမ္ပဏီကို ကံပေါက် ဒေသခံ ၁၀၀ ကျော်က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

Delco ကုမ္ပဏီအနေဖြင့် သတ္တု တွင်း ဥပဒေနှင့်အညီ လုပ်ငန်း လုပ်ကိုင် ရေးအတွက် ဆန္ဒပြခြင်းဖြစ်ပြီး ကုမ္ပဏီမှ ရှေ့ဆက်ပြီး လုပ်ငန်းလည်ပတ်ရန် မည်ဆိုလျှင် ဒေသခံများနှင့် သဟဇာတ ဖြစ်စေရေးအတွက် အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံတို့ ၃ပွင့်ဆိုင် တွေ့ဆုံ၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှုများ လျှော့ချနိုင်ရန် ဆွေးနွေးပွဲကို အမြန် ဆုံးအကောင်အထည်ဖော်ရန် ဒေသခံ များက လိုလားလျက်ရှိကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးခင်စိုးက ပြောဆိုသည်။

ကုမ္ပဏီနှင့်ဒေသခံများ တွေ့ဆုံ ချိန်များတွင် ကုမ္ပဏီဘက်မှ အတည် ပြုနိုင်သော ကတိကဝတ်များကို ဆွေး နွေးခြင်းမရှိ သလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ပေးခြင်း မရှိကြောင်း၊ Delco ကုမ္ပဏီက ဇန်နဝါရီလကုန်တွင် ဒေသခံများနှင့် တွေ့ဆုံမည့် အရေးနှင့် ပတ်သက်၍ ကြောင်းအကြားပေးမည်ဟု ပြောထား၍လကုန် အထိစောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။”နောက်ဆုံး အခြေအနေမျိုးမှာ မိုင်းဖက်(သတ္တုမိုင်း)က ဘာမှ မီးစိမ်း မပြရင်တော့ စီမံကိန်းရပ်ဆိုင်းသည် အထိတော့ လုပ်ဆောင်သွားမယ်၊ သပိတ် မှောက်မယ်၊ တရားစွဲဆိုတာတွေကို ဆက် လုပ်သွားမယ်” ဟု ဦးခင်စိုးက ဆိုသည်။အဆိုပါ သတ္တုမိုင်းမှ၂၀၁၅ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် ရေကန် ပေါက်ကျပြီးနောက်ပိုင်း ဖြစ်ပေါ်လာ သည့် ထိခိုက် နစ်နာမှုအပေါ် အခြေခံ၍ ဒေသခံများနှင့် အကြိမ်ကြိမ် ဆွေးနွေး သော်လည်း ယခုအချိန်အထိ ကုမ္ပဏီ ဘက်မှ ဒေသခံများ ကျေနပ်လောက် အောင် ဆွေးနွေးမှု မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းသို့ ညှိနှိုင်းမှု မပြေလည် ဖြစ်နေသည့်အကြားမှ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁နာရီနှင့် ၂ နာရီ အကြား အချိန်တွင် ရေကန် ထပ်မံပေါက် ကျ လာရာမှ ရေကန်အောက်ဖက်ရှိ ရဲရင့် ချောင်းအတွင်း ရေ ၄ပေကျော် အထိ မြင့် တက်လာခဲ့ပြီး တစုံတရာ ထိခိုက်မှု မရှိသော်လည်း ချောင်းတစ်လျှောက် နေထိုင်သူများ အထိတ်တလန်ဖြစ်ကာ ညဘက်ထွက်ပြေးခဲ့ရကြောင်း ကံပေါက် ဒေသ ခံများထံမှ သိရသည်။
ဇာဒီကျေးရွာတွင် နေထိုင်သူ ၅၀၀ ခန့်ရှိသည့်အနက်၂၀၀ဦးခန့်မှာ ချောင်း အတွင်း သား၊ ငါး၊ ခရုစသော ရေနေ သတ္တဝါများကို ရှာဖွေစားသောက်လျက် ရှိသူများဖြစ်၍ စွန့်ပစ်မြေစာများကြောင့် ချောင်းတိမ်ကောလာလျှင် သက်မွေး ဝမ်းကျောင်းအတွက် အခက်အခဲ ဖြစ် လာနိုင်ကြောင်း ယင်းကျေးရွာမှ ဒေါ်အင်ပိုက ပြောဆိုသည်။

အလားတူ သတ္တုမိုင်းမှ မြေစာ စွန့်ပစ်မှုကြောင့် လေသာတောင်၏ နောက်ဘက်တွင် သီးနှံပင်များ၊ လယ် ယာများ စွန့်ပစ်မြေစာဖုံးခြင်းများ ကြုံ တွေ့နေရပြီး သီးနှံပင်များလည်း ထိခိုက် မှုများနှင့်ကြုံတွေ့နေရကြောင်း ပရကျေး ရွာမှ ဦးစန်းအောင်က ပြောဆို သည်။
ဆန္ဒထုတ်ဖော်သူများသည် တာဝန် ယူမှု၊ တာဝန်ခံမှု မရှိသော Dနူခသ ကုမ္ပဏီအား အယုံအကြည်မရှိ၊ ကျေး လက်နေ ဒေသခံပြည်သူများအား ဥပဒေ ကို လက်တစ်လုံးခြားလုပ်၍ အနိုင် မကျင့်ပါနဲ့၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေ ပြုရေး အာဏာပိုင်ဆိုင်သူများ မဆိုင် သလိုကြည်ပမနေပါနဲ့ဟု ပိုစတာ ဆိုင်း ဘုတ်များကိုင်ဆောင်ကာ မိချောင်း အိုင်ရပ်ကွက် ဘောလုံးကွင်းမှ မိချောင်း အိုင်-ကံပေါက်လမ်းအတိုင်း ကံပေါက် ဘောလုံးကွင်းသို့ ချီတက်ကာ ဆန္ဒထုတ် ဖော်ကြသည်။

ဆန္ဒထုတ်ဖော်သူများက ကံပေါက် ဒေသ သဘာဝအရင်းအမြစ်များထိခိုက် မှုမရှိစေရေး-ဒို့အရေး၊ မြစ်ချောင်း အင်း အိုင်များမပျက်စီးစေရေး-ဒို့အရေး၊ သဘာဝ တောတောင်နှင့်ပတ်ဝန်းကျင် များမပျက်စီးစေရေး၊ ရေဆိုးရေညစ် များချောင်းထဲသို့ လုံးဝမစွန့်ပစ်ရေး-ဒို့အရေးဟု ကြွေးကြော်ခဲ့ကြသည်။
ကံပေါက်သတ္တုမိုင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် Dနူခသ ကုမ္ပဏီ တို့အကျိုးတူ လုပ်ကိုင်လျက်ရှိပြီး Delco ကုမ္ပဏီ က၂၀၁၀ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြေဧက ၂၀၈၇ ဧက လုပ်ကိုင် ခွင့်ရရှိထားသည်ဟု သိရသည်။

ကံပေါက်သတ္တုမိုင်းသည် ထားဝယ် မြို့မှ ၅၅မိုင်ကျော် အကွာအဝေးရှိပြီး ယင်း သတ္တုမိုင်းသည် ထားဝယ်-ရန်ကုန် လမ်းမကြီးနဘေး မိုင်တိုင်အမှတ် ၄၆ မိုင်ကျော်လမ်းခွဲမှ ၉မိုင်ကျော်ခရီး ရှိသော ကံပေါက်ကျေးရွာတွင် တည်ရှိသည်။