ထားဝယ် ပုဆိုးတစ်ထည်ရဲ့ ရာဇဝင်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်ငယ်ငယ်က ထားဝယ် ဒေသ ရိုးရာအခေါ်အဝေါ်တစ်ခုနဲ့ ပက်သက်လိုအဖေအမေတို့ ရယ်စရာ အဖြစ် အမြဲပြောနေတတ်တဲ့ အကြောင်း အရာလေးတစ်ခု ရှိပါတယ်။ အဲဒါက အရင်အနှစ် ၆၀ လောက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။

အဖိုးဖြစ်သူက ရေချိုးနေရင်း သူ့မြေးကို ” ဟဲ့ ဖစု.. အိမ်ပေါ်မှာ ငါ့သား လှောန်တစ်ထည် ယူချေစမ်းကွယ်” လို့ ခိုင်း လိုက်သတဲ့။ အဲဒီတော့ မြေးဖြစ်သူက သူ့အဖိုးယူခိုင်းတဲ့ သားလွှန်ကို အိမ်ပေါ် မှာ တက်ရှာပါတယ်။ ဒါပေမယ့် လည်း အဖိုးခိုင်းတဲ့ သားလှောန်ကို ရှာလို့မတွေ တော့ အိမ်ပေါ်က ပြန်ဆင်းမလာဘဲ အချိန်တော်ကြာ နေခဲ့တာတဲ့။ အဲဒီမှာ အဖိုးက စိတ်မရှည်တော့တာနဲ့ သူကိုယ် တိုင် သားလှောန်ကိုသွားယူမှ ဖြစ်ချေမယ် ဆိုပြီး အိမ်ပေါ်တက်ကြည့်လိုက်တဲ့အခါ သူ့မြေးလေးက ပုဆိုးတွေ (သားလှောန် တွေ) စုပုံထားတဲ့ အဝတ်ပုံ ကြီးပေါ်မှာ ထိုင်နေ တာကို တွေ့ရပြီး အဖိုး … အဖိုး ရှားခိုင်းတဲ့ သားလှောန်ကို ရှာလို့မတွေ့ ဘူး ဆိုပြီး သူ့အဖိုးကို ဆီးပြောသတဲ့။

ပုဆိုးကို သားလှောန်လို့ ရှေးလူကြီး တွေ ခေါ်ကြမှန်း မြေးဖြစ်သူက မသိလို့ ခွကျရတဲ့ အဖြစ်လေးပါ။ အဲဒီဖြစ်ရပ် လေးကို စံထိုးပြီး အရင်က ထားဝယ် နယ်မှာ ပုဆိုးကို “သားလှောန်” ဆိုပြီး ခေါ်တာကို လူငယ်တွေမသိကြတော့တဲ့ အကြောင်း၊ သားလှောန်နဲ့ ပုဆိုး အတူတူ ပဲဆိုတာ နောက်ပိုင်းလူတွေ မသိကြ တော့တဲ့အကြောင်း ရယ်စရာအဖြစ် ပြောနေတတ်ကြပါတယ်။
daweilochi_history
တကယ်တော့ ဒီအဖြစ်ရပ်လေးက သာမန်အားဖြင့် ရယ်စရာလို သဘော ထားနိုင်ပေမယ့်လည်း လေးလေး နက်နက်တွေးကြည့်ရရင်တော့ စိတ်မ ကောင်းစရာ ဖြစ်ရပ်လေးတစ်ခုအဖြစ် သဘောထားရမှာပါ။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့ဆီကမူလ ထားဝယ် စကားတွေ တဖြည်းဖြည်း ပျောက်ကွယ် နေတဲ့အထဲမှာ ဒီသားလှောန်ဆိုတဲ့ စကား လုံးဟာလည်း တစ်ခုအပါအဝင် ဖြစ်လို့ ပါပဲ။

ကျွန်တော်တော်တို့ ငယ်ငယ် လွန်ခဲ့ တဲ့အနှစ်သုံးဆယ်လောက်က အဖိုးတွေ အဖွားတွေ ရဲ့ ခေါ်ဝေါ်ပြောဆိုမှုတွေမှာ ” သားလှောန်” ဆိုတဲ့ ဝေါဟာရကို ရှားရှား ပါးပါး ကြားခဲ့ရဖူးသေး ပေမယ့်လည်း အခုခေတ် အသက် ၂၀ နဲ့ ၃၀ အကြား ထားဝယ်သူထားဝယ်သားတွေ အဲဒီ စကားလုံးကို မသိကြတော့ပါဘူး။ အခု ဆိုရင်တော့ ထားဝယ်ဒေသတစ်ဝိုက်မှာ သားလှောန်ဆိုတဲ့ ဝေါဟာရ ထာဝရ သေဆုံး ပျောက်ကွယ်ခဲ့ပြီလို့ ဆိုရတော့ မှာပါ။ ဒါပေမယ့်လည်း တနင်္သာရီတိုင်း ဒေသကြီးတွင်းရှိ ရေဖြူမြို့နယ်က နဘုလယ်ရွာနဲ့ ထားဝယ်နယ်နဲ့ နယ် ချင်းထိစပ်နေတဲ့ ပုလောမြို့နယ်ဝန်း ကျင်မှာတော့ သားလှောန်ဆိုတဲ့ ဝေါဟာ ရကို မြတ်မြတ်နိုးနိုးနဲ့ သုံးစွဲနေတုန်း ဆိုတာ သိခဲ့ရပါတယ် ။ ရှေးခေတ် ကတည်းက အစဉ်တစိုက် အသုံးပြု လာခဲ့တဲ့ ကိုယ့်ဒေသသုံး စကားလုံး တွေ ကို အခုချိန်ထိ ထိန်းသိမ်းပြောဆိုနေ ကြတာ တကယ်ကို ချီးကျူးစရာပါပဲ။ သားလှောန် ( ပုဆိုး ) ကို ပုလော မြို့နယ် ဝန်းကျင် မှာတော့ ထားဝယ်အခေါ်နဲ့ နည်းနည်းလေးကွဲပြားပြီး ” သောလှောန်” ဆိုပြီးခေါ်ဆိုကြတယ်လို့ သိရပါတယ် ။

ကျွန်တော့အနေနဲ့က ထားဝယ် ဒေသမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သားလှောန်ဆိုတဲ့ စကားဇစ်မြစ်နဲ့ စိတ်ဝင် စားမိတော့ အဲဒါတွေနဲ့ ပက်သက်တာ တွေကိုလက်လှမ်းမီသလောက် စာတွေ ရှာဖွေ ဖတ်ရှုဖြစ်ပါတယ် ။ သားလှောန် ( သို့မဟုတ်) သောလှောန် အကြောင်း လေ့လာမယ်ဆိုရင် အဲဒီစကားဟာ ပေါ ရာဏ စကားဟုတ်မဟုတ်ဆိုတာကိုလေ့ လာသင့်ပြီး သားလှောန်နဲ့ ဆက်စပ်နေတဲ့ ပုဆိုး နဲ့လုံချည်ဆိုတဲ့ စကားလုံးကိုပါ အကြမ်း အားဖြင့်လေ့လာရမှာပါ။ ပေါရာ ဏစကားဆိုတာကို ပညာရှင်များက အဓိပ္ပာယ် အမျိုးမျိုးနဲ့ ဖွင့်ဆိုကြပါတယ်။ ဒါပေမယ့်လည်း ပေါရဏဆိုတဲ့အဓိပ္ပာယ် ကို ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုရရင် တော့ ရှေးယခင်က အသုံးပြုခဲ့ပြီး အခုခေတ် မှာ မသုံးတော့တဲ့၊ ခေတ်လူငယ်များ နားမ လည်တော့တဲ့ ဝေါဟာရများဖြစ် တယ်လို့ ဆိုရမယ် ထင်ပါတယ်။

ပုဆိုး ၊ လုံချည်
မြန်မာနိုင်ငံမှာ အမျိုးသား ကိုယ် အောက်ပိုင်းဝတ် ရိုးရာချည်ထည်ကို လုံချည်၊ ပုဆိုး စသဖြင့် ခေါ်ဆိုကြ ကြောင်းလူတိုင်းသိကြသလို ကျွန်တော် တို့ ထားဝယ်ဒေသနဲ့ ပုလောမြို့နယ် ဘက်မှာ သားလှောန်၊ သောလှောန်ဆိုပြီး ခေါ်ကြတယ် ဆိုတာကိုလည်း အထက်မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ တကယ်တော့ အခုချိန်ထိ ခေါ်ဝေါ်နေကြတဲ့ လုံချည်ဆို တဲ့ ဝေါဟာရတို့ဟာ မြန်မာစကားလုံး မဟုတ်ပါဘူး။ လုံချည်ဆိုတဲ့ စကား မူရင်းဟာ ဖာရစီဘာသာ စကားဖြစ်ပြီး Lungi ( လွန်ဂီ ) လို့ အသံထွက်တယ်လို့ ဆိုပါတယ် ။ အဲဒီလွန်ဂီဆိုတဲ့ စကားကို မြန်မာတို့က တိုက်ရိုက်မွေးစားလိုက်တဲ့ အခါ လွန်ဂီကနေ လုံချည်ဖြစ်လာ တော့တာပါ။ ပုဆိုးကျတော့မြန်မာစကား စစ်စစ်ဖြစ် တယ်လို့ ဆိုပါတယ်။ ပုဂံ ခေတ် ကျောက်စာတို့မှာ ပုခြည် ၊ ပုဆိုး ဆိုတဲ့ စကားလုံး တော်တော်များများကို တွေ့ရတယ်လို့ သိရပါတယ်။

အဲဒီ ပုချည်၊ ပုဆိုး ဆိုတဲ့ စကား တွေမှာ ” ပု” ဟာ တရုတ်နဲ့ တိဘက် ဘာသာတို့မှာအထည်၊ ချည်ထည်၊ အဝတ်ထည်လို့ အဓိပ္ပါယ်ရပါသတဲ့ ။ “ခြည်” ဆိုတဲ့ စကားကတော့ ဝါချည် ၊ ပိုးချည် ၊ လျှော်ချည်လိုမျိုး အသွယ် အတန်း ၊ အမျှင်အတန်း ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်လို့ သိရပါတယ်။ ” ဆိုး” ဆိုတဲ့ စကားကျတော့ စောလှဝန်း ဘုရား ကျောက်စာမှာ ရေးထိုးထားတဲ့ ခဆီး၊ ပုခြည်ခဆီး ဆိုတဲ့ စကားလုံး တွေထဲက ” ဆီး” ဆိုတဲ့ ပုဒ်ကနေ ပြောင်းလဲလာခဲ့ တာပါ။ အဲဒီ ဆီး ( သို့မဟုတ်) ” ဆိုး”ဆိုတဲ့ စကားရဲ အဓိပ္ပာယ်ကလည်း ရစ်ပတ်တယ် ၊ ချည်နှောင်တယ် ၊ ဝတ်ဆင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ် ။ ဒီတော့ ” ပု” ဆိုတာ အထည် ၊ ချည်ထည်၊ အဝတ်ထည်ဖြစ်ပြီး ” ဆိုး” ဆိုတာက ရစ်ပတ်တယ် ၊ ချည်နှောင် တယ်၊ ဝတ်ဆင်တယ် ဆိုတဲ့ အဓိပ္ပာယ် ရတော့ ပုဆိုးဟာ ရစ်ပတ်ချည်နှောင်ပြီး ဝတ်ဆင်ရတဲ့ အဝတ်ထည်လို့ အဓိပ္ပာယ် ရတာပါပဲ။

သားလှောန်
အရင်ခေတ်က ထားဝယ်ဒေသမှာ ခေါ်ဆိုကြတဲ့ သားလှောန် ဆိုတဲ့ဝေါဟာရကို အဓိပ္ပာယ်ဖော်ကြည့်တော့ (သား) နဲ့ (လှောန်) ကိုပေါင်းစပ်ထားတဲ့ ဝေါဟာရ ဖြစ်တယ်လို့ တချို့က ဆိုကြပါတယ် ။ သားလှောန်ဆိုတာ (သား = ကလေး ၊ လှောန် = လှောင်) ဖြစ်တာကြောင့် ကလေး ကိုလှောင်တဲ့အရာလို့ ဆိုလိုတာပါ။ အဲဒီယူဆချက်ကို ထောက်ခံနေတဲ့ အပြု အမူလေး တစ်ခုကလည်း ကျွန်တော်တို့ ထားဝယ်ဒေသမှာ အခုထိ ပြုလုပ်နေ တုန်းဖြစ်ပါတယ်။ တစ်ချို့သားသည် မိခင်တွေက ကလေးသိပ်ဖို့ ပုခက် သီးသန့် မထားဘဲ ယောက်ျားဝတ် ပုဆိုးကိုသာ ပုခက် အဖြစ်အသုံးပြု ကြပါတယ် ။ အဲဒီလို အသုံးပြုကြရာမှာ ပုဆိုးကွင်းထဲ ကလေးကိုထည့် ( လှောင်)ထားပြီးတန်း တစ်ခုမှတဲလောင်း ချိတ်လို့ ပုခက်လွှဲချော့ သိပ်ကြပါတယ်။ ဒါကြောင့် ယောက်ျား ဝတ်ပုဆိုးကို အရင်ကသားလှောန်ဆိုပြီး ခေါ်ဆိုတာ ဖြစ်နိုင်ကြောင်း တချို့သုတေ သီတို့က ယူဆကြတာပါ။ ဒါက သားလှောန်ဆိုတဲ့ စကားလုံးကို အနက် အဓိပ္ပာယ်ကို ဖော်ယူပြီး ဝေါဟာရဇာစ်မြစ် ကိုရှာဖွေလို့ ကောက်ချက်ချ တာသာ ဖြစ်ပါတယ်။ အတိအကျ မှန်တယ်လို့ တော့ မပြောနိုင်ပါဘူး။

သားလှောန်ဆိုတဲ့ စကားလုံးဟာ ပသျူး (မလေး) စကားကနေ ဆင်းသက် လာတာဖြစ်တယ်လို့ တချို့သုတေသီ တွေက သက်သေ ပြကြပါသေးတယ် ။ ပသျူး ( မလေး ) လူမျိုးတို့ဟာ လုံချည် ကို သူတို့ ဘာသာစကားနဲ့ Salaung (ဆလောင်) ဆိုပြီး အသံ ထွက်ခေါ်ဆိုကြ တယ်လို့ သိရပါတယ် ။ မလေးစကား “ဆလောင်” ကနေ မြန်မာ (ထားဝယ်) စကား “သားလှောန်”အဖြစ် ပြောင်းလဲရာမှာ (ဆ) ကို မြန်မာတွေအနေနဲ့ (သ) အဖြစ် ပြောင်းလဲခေါ်ဆိုရင် “ဆလောင်” ­မှ ” သလောင်” ၊ ” သားလှောန်” စသဖြင့် ပြောင်းလဲလာ ဖွယ်ရာရှိကြောင်း သုတေ သီတချို့က သက်သေပြပါတယ်။ ဒီအယူ ဆချက်ဟာဆိုရင် အက္ခရာအသံ ပြောင်း လဲမှု ဖြစ်စဉ်အရလည်း ကိုက်ညီမှုရှိတယ် လို့ ဆိုရမှာပါ။ နောက်ပြီး အရင်ခေတ် တွေက ပသျှူးလူမျိုးတွေကျွန်တော်တို့ တနင်္သာရီတိုင်းတစ်ခုလုံးနဲ့ ကူးလူးဆက် သွယ်မှုရှိခဲ့ဖူးတဲ့ သမိုင်းအထောက် အထားတွေကလည်း အဲဒီယူဆချက်ကို ခိုင်မာစေခဲ့ပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ မလေးလူမျိုးတို့ရဲ့ Salကေညါ (ဆလောင်) နဲ့ ကျွန်တော်တို့နိုင်ငံက လုံချည်တို့ရဲ့ ဆက်နွယ်မှုလေးတစ်ခု ထည့်ပြောချင် ပါတယ်။ တစ်လောတုန်းက ကျွန်တော် တို့ပြည်တွင်း သတင်းတစ်ခုမှာ လုံချည် (မဝတ်) တစ်ထည်နဲ့ ပတ်သက်လို့ လူသိ များသွားတဲ့ သတင်းတစ်ပုဒ် ဖြစ်ပေါ်ခဲ့ဖူး ပါတယ်။ အဲဒီ သတင်းကိုပဲ ပြည်ပမီဒီယာ သမားတစ်ယောက်က အင်္ဂလိပ်လိုနဲ့ရေး သားဖော်ပြတော့ လုံ ချည် ဆိုတဲ့နေရာမှာ မလေးစကား Salaung (ဆလောင်) ဆိုတာကို ထည့်သုံးထားတာကို တွေ့ လိုက်ရပါတယ်။ သတင်း ဆောင်းပါးရေး သူအနေနဲ့ Salကေညါဆိုတဲ့ အသုံးအနှုန်း ဟာ လုံချည်ဆိုတဲ့ အသုံးအနှုန်းထက် လူပိုသိနိုင်တယ်လို့ ယုံကြည်ပြီး ထည့် သုံးတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဆိုချင်တာက ပိတ်စထိပ်နှစ်ခုကို တွဲချုပ် ထားတဲ့ ထုလုံးရည် ပုံစံချည်ကွင်းကို အရင်က ထားဝယ်ဒေသမှာ သားလှောန် (Salaung) လို့ခေါ်ဆိုကြသလိုမျိုး တချို့နိုင်ငံက လူတွေကလည်း အဲလိုမျိုး သိနေသေး တယ်လို့ ဆိုချင်တာပါ ။

အခုချိန်မှာတော့ နဘုလယ်ရွာမှာ ရှိတဲ့ အသက်ကြီးပိုင်းတွေက လွဲလို့ သားလှောန်ဆိုတဲ့ အသုံးနှုန်းလေးကို ထားဝယ်ဒေသက ခေတ်လူငယ်တွေ မသိ ကြတော့ပါဘူး။ သားလှောန်ဟာ မူလ ထားဝယ်စကားဖြစ်စေ ၊ မွေးစားစကား ဖြစ်စေ အခုချိန်မှာတော့ ထားဝယ် ပေါရာ ဏ (ထားဝယ် စကားဟောင်း) စာရင်းဝင် သွားပြီဖြစ်ပြီး မေ့ပျောက်ခြင်း အဆင့်ကို ကျော်လွန်လို့ မသိခြင်း အဆင့်ကိုတောင် မှ ရောက်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ပုဆိုး၊ လုံချည်တို့ကို ရှေးထားဝယ်သူ ထားဝယ်သားများ ခေါ်ဝေါ်ခဲ့တဲ့ “သားလှောန်” ဆိုတဲ့ စကားလုံးကို သက်ဆိုင်ရာ မှတ်တမ်းမှတ်ရာစာ အုပ်တွေထဲမှာသာ တွေ့မြင်ကြရတော့မှာပါ။
အကိုးအကား။ ။ ပုဆိုး တစ်ထည် ၏ ကောက်ကြောင်း (ဒေါက်တာမျိုးသွင် – ကံဘောက်ဆေးရုံ)
ဓာတ်ပုံ။ ။ ထားဝယ်မြို့ဘုရားကြီး ပြတိုက်မှ ရှေးထားဝယ်ပုဆိုး