မော်လမြိုင်တွင် ဆိုက္ကားနင်းသူ တစ်ရာကျော်သာကျန်

0
623

မော်လမြိုင်တွင် ပြီးခဲ့သည့် ၅ နှစ် ခန့်က ဆိုက္ကားဖြင့် အသက်မွေးသူ သုံးထောင်ကျော်ရှိသော်လည်း လက်ရှိ တွင် တစ်ရာကျော်သာ ရှိတော့ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


လွန်ခဲ့သော ၅ နှစ်ခန့်က ဆိုက္ကား အစီးရေ ၃၄၃၄ စီးရှိခဲ့ပြီး နှစ်စဉ် တဖြည်း ဖြည်း လျော့နည်းလာရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဆိုက္ကားအစီးရေ ၁၂၂ စီးခန့်သာ ကျန်ရှိတော့ကြောင်း အထက်ပါ ကော်မတီ၏ စာရင်းအရ သိရသည်။
ဆိုင်ကယ်အငှားယာဉ်များ ပေါ်လာ ပြီး နောက်ပိုင်းတွင် ခရီးရောက် မြန်သည့် ဆိုင်ကယ်ကိုသာ အားထား အသုံးပြုလာ ကြသည့်အတွက် ဆိုင်ကယ်အငှားယာဉ် အလုပ်ကို ပြောင်းလဲလုပ်ကိုင်လာရသည် ဟု ယခင်က ဆိုက္ကားနင်းသူ ကိုစိုးလွင်က ပြောသည်။
“ဈေးဦးမပေါက်တဲ့ နေ့တွေတောင် ရှိတယ်၊ နောက်ဆုံးတော့ ဆွေမျိုးတွေ စုပေးတဲ့ပိုက်ဆံနဲ့ ဆိုင်ကယ်အဟောင်း တစ်စီး ကောက်ဝယ်ပြီး ဆိုင်ကယ်သမား ဖြစ်လာခဲ့တယ်”ဟု ကိုစိုးလွင်က ဆိုသည်။

tricycle
လက်ရှိတွင် ဆိုက္ကားဖြင့် နှစ်ပေါင်း များစွာ လုပ်ကိုင်စားသောက်လာ သူတချို့ နှင့် ဆိုင်ကယ် အငှားယာဉ်မောင်းအဖြစ် ပြောင်းလဲလုပ်ကိုင်ရန် မတတ်နိုင်သူ တချို့ သာ ဆက်လုပ်နေ ကြသည်ဟု သိရသည်။
” ဆိုက္ကားနင်းတာနဲ့ပဲ ကလေးတွေ ကို ကျောင်းထားပေးနိုင်တယ်၊ အခု မထားပေးနိုင်တော့ဘူး ဆိုင်ကယ်လည်း မမောင်းတတ်ဘူး ပြီးတော့ ဆိုက္ကားကို လည်း မပစ်ချင်ဘူး”  ဟု အနှစ် ၄၀ ဆိုက္ကား နင်းလာသူ ဦးကြာညွန့်က ပြောသည်။
လက်ရှိတွင် ဆိုက်ကားများကို မြို့ အစွန်များတွင်သာ တွေ့ရပြီး မြို့တွင်း တွင် ဆိုင်ကယ်အငှားယာဉ်များက နေရာ ယူ ထားသည်။
ဆိုက္ကားတစ်စီးလျှင် လိုင်စင်ကြေး ၅၀၀၀ ဖြင့် နှစ်စဉ် လိုင်စင် ပြုလုပ် ရသော်လည်း ဆိုက္ကားစီးရေ လျော့နည်း လာသည့် လက်ရှိအချိန်တွင် လိုင်စင် မလုပ်ကြဟု သိရသည်။
စည်ပင်အနေဖြင့်လည်း ဆိုက္ကားများ ကို အရေးယူမှု မပြုလုပ်တော့ဟု သိရ သည်။
မော်လမြိုင်မြို့တွင် ယခင်က ဆိုက္ကား အုံနာလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင် ခဲ့ပြီး အုံနာတစ်ဦးလျှင် အနည်းဆုံး ၂ စီးမှ အစီး ၂၀ အထိ ရှိကြောင်း သိရသည်။