ပုဂ္ဂလိက မီတာထိန်းသိမ်းခကောက်ခံရန် ညွှန်ကြားချက်မရှိ

0
473

ပုဂ္ဂလိက မီးလင်းရေးကော်မတီများ တပ်ဆင်အသုံးပြုလျက်ရှိသော ပုဂ္ဂလိက မီတာများအား မီတာဝန်ဆောင်ခ (မီတာထိန်း သိမ်းစောင့်ရှောက်ခ) ကောက်ခံရန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားထားခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။


ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာ မီးလင်းရေး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှပုဂ္ဂလိကမီတာများအား မီတာထိန်းသိမ်းခကျပ် ၅၀၀ ကောက်ခံလျက်ရှိ သည်နှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြန်ကြားသည်။
” ပုဂ္ဂလိက မီတာတွေကို မီတာဝန်ဆောင်ခ ကောက်ခံဖို့ဌာနကညွှန်ကြားထား တာမရှိဘူး၊ ပုဂ္ဂလိက မီတာကတရားလည်း မဝင်ဘူး၊ မဟာဓါတ်အားလိုင်းလာရင် ဝန်ကြီးဌာန မီတာပဲသုံးလို့ရမယ်” ဟု အထက်ပါအင်ဂျင်နီယာမှူးက ဆိုသည်။
အဆိုပါကံပေါက်မီးလင်းရေးမှပုဂ္ဂလိကမီတာခထိန်းသိမ်းခကျပ် ၅၀၀အား မည်သည့်အတွက်ကောက်ခံရသည်ကို အသေးစိတ်သိနိုင်ရန် ကံပေါက်မီးလင်းရေး မီးလင်းရေး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း တယ်လီဖုန်းအမှတ် ၀၉၄၉၈၀၃၅၀၆ သို့ ခေါ်ဆိုခဲ့သော်လည်း လက်ခံဖြေကြားမည့်သူမရှိပေ။
” ထားဝယ်ဒေသ ၄ မြို့နယ်မှာမကောက်ခံဘဲ ကံပေါက်ရွာတစ်တည်းပဲ ပုဂ္ဂလိက မီတာထိန်းသိမ်းခကောက်ခံတယ်ဆိုတာတော့ မဖြစ်သင့်ဘူး”ဟု ကံပေါက်ဒေသခံ ဦးခင်စိုးကဆိုသည်။ယင်းသို့ ကံပေါက်ကျေးရွာရှိ ပုဂ္ဂလိက မီတာများကို ထိန်းသိမ်းခကောက်ခံလျက် ရှိ၍ ဩဂုတ်လ ၁၇ ရက်က တိုင်းဒေသကြီး အစိုရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ထံသို့ တိုင်စာပေးပို့ထားကြောင်း ကံပေါက်ဒေသခံများက ပြောဆိုသည်။