ကြိုး တံတားပြတ် ရေထဲမျောပါသွား သူ နှစ်ရက်ကြာ ရှာမတွေ့သေး

0
569

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၄ ရက်နေ့က ကြိုးတံတား ပြတ်ကျကာ ရေထဲမျောပါ သွား သူအား နှစ်ရက်ကျော်ကြာသည် အထိ ပြန်ရှာမတွေ့သေးကြောင်း ကလုံးထာကျေးရွာမှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကလုံးထာကျေးရွာရှိ ကြိုးတံတားပြတ်ကျခဲ့ရာ တံတား ပေါ် တွင် ဖြတ်သန်းသွားလာနေသည့် လူ ၁၀ ဦးခန့် ရေထဲပြုတ်ကျခဲ့ရာ လူ ၉ ဦးမှာ အချင်းချင်း ပြန်လည် ဆယ်ယူနိုင်ခဲ့ သော်လည်း တံတားအလယ်တွင် ရှိနေသည့် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦး ချောင်းရေနှင့် အတူ မျောပါသွားခဲ့ကြောင်း ကလုံးထာ ကျေးရွာ ဒေသခံများထံမှ သိရသည်။

” အခုဆိုရင် နှစ်ရက်ကျော်ပြီ ပေါ့။ ရှာမတွေ့သေးဘူး။ ရွာသား သုံးဆယ် လောက်နဲ့ ချောင်းတန်းတစ်လျှောက်နဲ့ မသင်္ကာတဲ့နေရာ တွေကို လိုက်ရှာနေကြ တုန်းပဲ” ဟု ရေမျောပါသွားသည့် အမျိုးသမီးအား လိုက်လံရှာဖွေရာတွင် ပါဝင်သည့် ကလုံးထာရွာခံ လူငယ်တစ်ဦး က ပြောသည်။
ရွာသားများက တလိုင်းယာ ကျေးရွာ အထိ ချောင်းတစ် လျှောက်လိုက်ရှာနေပြီး ချောင်း တစ်လျှောက် နေထိုင်သူများ ကိုလည်း အလောင်းတွေ့ပါက အကြောင်းကြားရန်မှာ ကြားထား သည်ဟု ၎င်းက ဆိုသည်။

” အားလုံးကတော့ သေပြီလို့ပဲ ယူဆထားကြတယ်။ ဘာလို့လဲ ဆိုတော့ သူက ရေလည်း မကူးတတ်ဘူး။ သူကျတဲ့ နေရာကလည်း ချောင်းအလယ်မှာ။ ရေစီးသန်လို့ ရေကူးတတ်တဲ့ သူတွေ တောင် ကူးဖို့ မလွယ်ဘူး” ဟု အထက်ပါ လူငယ်က ပြောသည်။

ကလုံးထာကျေးရွာတွင် ချောင်း တစ်ဖက်ကမ်းရှိ ဥယျာဉ် ခြံများသို့ အလွယ်တကူ သွားလာ နိုင်ရန်အတွက် ယင်းကြိုး တံတား ကို ပြီးခဲ့သည့်နှစ်က စတည် ဆောက်ထားခြင်း ဖြစ်ကြောင်း ကလုံးထာ ကျေးရွာ ဒေသခံ များထံမှ သိရသည်။ဇွန်လ ၂၃ ရက် နေ့ညက တည်းက ကလုံးထာတွင် မိုးသည်း ထန်စွာရွာ သွန်းနေခဲ့ပြီး ရွာသို့အဝင် လမ်းတစ် လျှောက်တွင် မြေပြို ကျမှုများ၊ လမ်းရေ လျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။