ဗြတ်စာအတွေး ဗြတ်စာအရေး

0
460

” မကျေနပ်ဘူး၊ မကျေနပ်ဘူးလို့”  ခိုင်ထူး သီချင်းကိုသာ ဟစ်လိုက်ချင် တော့သဗျ။
ဗြတ်စာ တော်တော် တင်းနေတယ် ခင်ဗျ။
ပြီးခဲ့တဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ပါ။ မြန်မာ အသင်းရှုံးလို့ မကျေနပ်တာ၊ တင်းနေတာ မဟုတ်ဘူးဗျ။

ဒီဗိုလ်လုပွဲမှာ ရှုံးမယ်မှန်း ဘောလုံးနဲ့ စိမ်းလှတဲ့ ဗြတ်စာတောင် အစောကြီးကတည်းက သိပါတယ်။ အဲ.. ဗြတ်စာ မကျေနပ်တာ၊ တင်း နေတာက၊ ဒီဗိုလ်လုပွဲကို မြန်မာနိုင်ငံရဲ့ တခြား မြို့ရွာတွေမှာ သက်ဆိုင်ရာ အစိုးရတွေ၊ ဝန်ကြီးတွေက စိတ်ဝင်တစားနဲ့ အများပြည်သူတွေ အားပေးနိုင်အောင် ကွင်းပြင်တွေမှာ မြင်ကွင်းကျယ် ရုပ်မြင်သံကြားတွေနဲ့ ကြည့်ရှု အားပေး နိုင်အောင် စီစဉ်ပေးသလို ဗြတ်စာတို့ ဒေသမှာ မစီစဉ်ပေးနိုင်ခဲ့ တာကို မကျေနပ်တာခင်ဗျ။ (မြိတ်မှာတော့ ပုဂ္ဂလိက အစီအစဉ်နဲ့ ပြသတယ်လို့ သိရပါတယ်) မေ့များသွားလေ သလားလို့ပါ။
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ဝန်ကြီးတစ်ယောက်ဆို ဘော လုံးပွဲ ထုတ်လွှင့်နေစဉ်အတွင်း မီးမ ပြတ်ဖို့တောင် ကြိုတင်စီမံ မှာကြားတာ တွေ့လိုက်သဗျ။ အဲ..တကယ် ဖြစ်မဖြစ် မသိပေမယ့် လုပ်ဆောင်မှုကတော့ အတု ယူ ချီးကျူးစရာပါ။
အုပ်စုပွဲအဆင့် လောက်ကနေ ဖျာ လိပ်ပြန်လာရတာ များလွန်းလို့ ပြည်သူ တွေ မေ့နေရာကနေ အောင်မြင်မှု တစ် ရေးနိုး လာတဲ့ မြန်မာ ဘောလုံးအသင်း ကို ဒီဆီးဂိမ်းပွဲမှာ သတိပြုမိ လာရာ ကနေ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်း လာတော့ ဘောလုံးပွဲ ဝါသနာမပါလှတဲ့ ဗြတ်စာတောင် အချိန်ပေးပြီး အားပေးခဲ့ တယ်ဗျ။
အားပေးတယ်ဆိုတဲ့ နေရာမှာ .. ဘောလုံးပွဲဆိုတော့လည်း အိမ်ထဲမှာ အားပေးတာထက် အများနဲ့ ကွင်းပြင်မှာ လွတ်လွတ်လပ်လပ် ပေါက်ကွဲအားပေး ချင်တာကိုး။ ဒီတုန်းမှာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဘယ်မြို့ဘယ်ရွာမှာ ပရိုဂျက်တာနဲ့ ပြမယ်၊  ဘယ်လို ပြင် ဆင်နေတယ်ဆိုတာ တွေ့တော့ ဗြတ်စာ တို့ မြို့မှာလည်း ဒီလို စီစဉ်ပေးနိုင်ရင် ဘယ်လောက် ကောင်းမလဲလို့ ဗြတ်စာ မျှော်လင့်မိတယ် ခင်ဗျ။ အဲ.. ဗြတ်စာတို့ မြို့ကလည်း တိုင်းဒေသကြီး မြို့တော် မဟုတ်လား။
တခြားမြို့ရွာတွေမှာလို အားပေးချင် စိတ်လေးနဲ့ စောင့်ကြည့် နေလိုက်တာ နောက်ဆုံးတော့ ဗြတ်စာတို့လည်း ဘီယာဆိုင် ထဲ၊ လက်ဖက်ရည်ဆိုင်ထဲ အားပေးရတဲ့ ဘ၀ ရောက်ခဲ့ပါသဗျ။
ဗြတ်စာ မျက်စိထဲမှာတော့ ရွှေဝယ် သီရိအား ကစားရင်ပြင်လို နေရာမျိုးမှာ ပိတ်ကားကြီးထောင်ပြီး ကွင်းလုံးပြည့် အားပေးနေတာကိုပဲ မြင်ယောင်နေမိတယ် ခင်ဗျ။ အစိုးရက အခက်အခဲရှိလို့ မလုပ် ပေးနိုင်တယ်ပဲ ထားဦး။ အကြောင်း ကြောင်းကြောင့် ပေါင်းသင်း ဆက်ဆံ နေရတဲ့ ခရီုနီတွေကလည်း မျက်နှာလို မျက်နှာရ   စပွန်ဆာပေး မဆောင်ရွက် ပေးနိုင်ခဲ့တာဟာ သက်တမ်း ကုန်ခါနီးမို့ ခပ်ခွာခွာ လုပ်တာလားရယ်လို့တောင် ဗြတ်စာ အတွေးပေါက် လိုက်တယ်      ခင်ဗျ။
တကယ်တော့ ဘောလုံးပွဲဆိုတာက မျိုးချစ်စိတ်ဆိုတာကို အုံနဲ့ကျင်းနဲ့ ပြသ တဲ့ နေရာတစ်ခုပဲဗျ။ ဘယ်လိုပဲ အသွေး အရောင်တွေ ကွဲပြားပါစေ မြန်မာဆိုတဲ့ အလံတော်တစ်ခုတည်း အောက်မှာ တူညီတဲ့ မျှော်လင့်ချက် ကိုယ်စီနဲ့ မျိုးချစ်စိတ်ကို ပြသတဲ့ ပွဲကိုး။ ဒီလို မျိုးချစ်စိတ် ဖော်ထုတ်ပြသခွင့် ရတဲ့ အခြေအနေမျိုးကို အမျိုးဂုဏ်၊ ဇာတိ ဂုဏ် မြင့်မားရေးလို့ အသံကောင်း ဟစ်ကြွေးတတ်တဲ့ တာဝန်ရှိသူတွေက တကယ် လက်တွေ့အကောင်အထည် မဖော်ပေးနိုင်တာကို  ဗြတ်စာတော့ အတော်လေး အံ့အားသင့် မိတယ်ခင်ဗျ။
ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသဖြင့် မြန်မာပြည် နေရာအနှံ့က ပရိ သတ်တွေ  ကွင်းပြင်မှာ စုရုံးပြီး မိုးထဲ လေထဲ အားပေးခဲ့ကြတာ အိမ်မှာ တီဗီ မကြည့်နိုင်လို့ မဟုတ်ဘူးခင်ဗျ။ ပြည်သူ တွေရဲ့ စည်းလုံး ညီညွတ်မှုကို ပြချင်လို့၊ နိုင်ငံ့ချစ်စိတ်ကို တစ်ဖက်အသင်း၊ တစ်ဖက်နိုင်ငံ သိစေချင်လို့  စုရုံးခဲ့တာ ခင်ဗျ။
ဒါဆို..လုံခြုံရေးအရပါလို့ အ ကြောင်းပြခဲ့ရင်လည်း ဗြတ်စာက တစ်ခွန်းတည်းပဲ ပြောလိုက်ချင်ပါတယ်။ လုံခြုံအောင် လုပ်ပေးရမှာက လူကြီးမင်း တို့ရဲ့ တာဝန်ပါ ခင်ဗျ။ ပြည်သူ့ လစာ စား၊ ကိုယ်နှစ်သက်တဲ့ ဝန်ကိုထမ်းဖို့ လုံခြုံရေး တာဝန်ယူထားပြီးမှ ကျေပွန် အောင် ထမ်းဆောင်ဖို့က လုံခြုံရေး ဝန်ထမ်းတွေရဲ့ တာဝန်ပါခင်ဗျ။
တစ်ခါတစ်လေ တွေးမိတာကလည်း တာဝန်ရှိသူတွေခမျာ လယ်သိမ်း၊ မြေသိမ်း၊ ပရောဂျက်တွေ ဆောက်ဖို့ပဲ အာရုံရောက် အတွေးများပြီး ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွှင်ရမယ့်အရေး ဆောင်ရွက်ဖို့ မေ့များ သွားလေသ လားလို့ပါ။ ဒါကြောင့်မို့ ဗြတ်စာကလည်း ကိုယ့်ရဲ့ တာဝန်ရှိသူ၊ တာဝန်ယူထား သူတွေကိုလည်း အကြံပြု တိုက်တွန်း လိုက်ချင်ပါတယ်။
ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီတာဟာလည်း စည်းရုံးရေးတစ်မျိုး ဖြစ်သလို၊ ပြည်သူတွေ တစ်စုတစ်စည်း တည်း ပျော်ရွှင်ခွင့်ရအောင် ဖော်ဆောင် ပေးခြင်းသည်လည်း စည်ရုံးရေးဖြစ်ပါ ကြောင်း အကြံပြုချင်ပါသဗျ။
ရွေးကောက်ပွဲ နီးတော့မှသာ ပြူးတူးပြာတာနဲ့ ပေါ်လစီ ဇာတ်ကား တွေထဲက စာသားလှလှတွေ ရွတ်ဆိုပြီး လက်သီး လက်မောင်းတန်း စည်းရုံးရေး ဆင်း၊ လေပြေထိုး မျက်နှာချိုသွေးပြီး ပြည်သူတွေရဲ့အသည်းကြားက မဲတစ် ပြားကို မြူဆွယ်ခြင်းပြုဘဲ ပြည်သူ တွေ အမှန်အကန် လိုအပ်ချိန်မှာ စေတနာရောစွက်၊ တီထွင် ကြံဆမှု တွေနဲ့အတူ ဖောက်ထွက်ရင်း ခပ်ပါးပါး လေးနဲ့ စည်းရုံးနိုင်ဖို့အရေး မိကျောင်း မင်း ရေခင်းပြရင်း တိုက်တွန်းလိုက် ပါရစေဗျာ။ ။