ပြာကေညာ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စကောကရင်တွေက သူတို့ကိုယ် သူတို့ ပွာကညောလို့ ခေါ်တယ်။ မြန်မာ ဘာသာပြန်ရင် လူလို့ အဓိပ္ပါယ်ရတယ်။ ဒီတိုင်းရင်းသားတွေကို အရှေ့တောလို့ ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ တွေ့ရတယ်။ အမှန်တော့ ထားဝယ်အရှေ့ ဘက်သာ မဟုတ်ပါဘူး၊ တနင်္သာရီ ရိုးမ တစ်လျှောက်လုံးကနေ မြောက် ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးရိုးမမှာလည်း တွေ့ရတယ်။

ကရင်လူမျိုးတွေကို အဓိကအားဖြင့် စကောနဲ့ ပိုးဆိုပြီး (၂)မျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းဒေသကြီး အတွင်း ခရစ်ယာန်ဘာသာဝင် ကရင်တိုင်းရင်းသား တွေကို စကောလို့ သတ်မှတ်ပြီး ဗုဒ္ဓ ဘာသာဝင် ကရင်တိုင်းရင်း သားတွေကို ပိုးလို့ သတ်မှတ်တာ တွေ့ရတယ်။
ဒီနေ့ ကရင်ပြည်နယ်လို့ လူသိများ တဲ့ ပြည်နယ်ကို တစ်ခါတုန်းက ကော်သူလေ ပြည်နယ်လို့ ခေါ်တယ်။ ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ စဝှော်(စကော)၊ ရှို(ပိုး)၊ ဘွဲ၊ ပဒေါင်၊ ကရင်နီ၊ ဇယိမ်းဆိုပြီး ဖော်ပြတယ်။ နေထိုင်ရာ ဒေသအလိုက် တောင်ပိုင်း ကရင်နဲ့ မြောက်ပိုင်း ကရင်ဆိုပြီးလည်း ခေါ်တယ်။ ၁၉၃၁ ခုနှစ် မြန်မာပြည် လူဦးရေ သန်းခေါင် စာရင်း အစီရင်ခံစာ စာရင်းချုပ်တွင် ကရင်လူမျိုး ၁၇မျိုးလို့ တွေ့ရတယ်။ (၁) စကော (၂) ပိုး (၃) ဝေဝေါ (၄) မိုးနဲဘွား (၅) ဘွဲ့ (၆) ဘရက် (၇) ကရင်ဖြူ (၈) ပကူး (၉) မိုးပွား (၁၀) တောင်သူ (၁၁) ပဒေါင်း (၁၂) ရင်းဘော် (၁၃) ဂဲကိုး (၁၄) ကရင်နီ (၁၅) ဇယိန် (၁၆)တလိုင်း ကလဆီ (၁၇) လူမျိုးသီးခြား ဖော်မပြထားသော ကရင် ဖြစ်တယ်။

kayin-new-year
၁၉၆၅ ခုနှစ် ၁၈ ကြိမ်မြောက် ပြည် ထောင်စုနေ့တွင် တင်သွင်းသော တိုင်း ရင်းသား ကရင်လူမျိုးများအကြောင်း စာတမ်းတွင် (၁) စကောကရင် (၂) ပိုးကရင် (၃) ပကူးကရင် (၄) ဘွဲကရင် (၅) မော်နေပွား (၆) သလွယ်ပွား (၇) ကယ်ခို (၈) ကယ်ဘား (၉) ပလချီး (၁၀) မိုပွာ (၁၁) ကရင်ဖြူလို့ ဆိုတယ်။နောက်ဆုံး သတ်မှတ်ထားတဲ့ တိုင်းရင်း သား ၁၃၅မျိုးတွင် ကရင်အစု ၁၁မျိုးလို့ ဖော်ပြတယ်။ (၁) ကရင် (၂) ကရင်ဖြူ (၃) အလေကြီး (ကလေချီ) (၄) မွန်ကရင် (၅) စကော (ကရင်) (၆) တလှေပွာ (၇) ပကူး (၈) တွဲ (၉) မောနေပွား (၁၀) ဖိုးပွာ (၁၁) ပိုး(ကရင်) တို့ ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသားတွေ မြန်မာ နိုင်ငံ ရောက်ရှိပုံကို ပညာရှင်တွေ အမျိုး မျိုး သတ်မှတ်တာလည်း တွေ့ရတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကရင် နှစ်သစ်ကူးနေ့တွေမှာ ပြသတဲ့ ပြခန်း တွေ၊ ဖြန့်ဝေတဲ့ လက်ကမ်း စာစောင် တွေအရ အရှေ့အလယ်ပိုင်း ဒေသက ပြောင်းရွှေ့လာတယ်လို့ တွေ့ရတယ်။ အမျိုးသားစာပေဆုရ စာရေး ဆရာကြီး မောင်စင်ကြယ်ရဲ့ ကရင် ဘ၀ဓလေ့ စာအုပ်အရ ကရင်လူမျိုးတွေဟာ ဗာဗုလုန် ( အရှေ့အလယ်ပိုင်း ဒေသ)ကနေ ဘီစီ (၂၂၃၄)ခုနှစ်ကနေ ထွက်ခဲ့ တယ်။ ဘီစီ (၂၁၉၇) မှာ မွန်ကိုလီယန်ကို ရောက် တယ်။ ဘီစီ (၂၀၁၃)မှာ အရှေ့ တာကစ္စတန်ကို ရောက်တယ်။ ဘီစီ (၁၈၆၄) မှာ တိဘက်ကို ရောက် တယ်။ ဘီစီ (၁၃၈၅) မှာ ယူနန်ပြည်ကို ရောက် တယ်။ ကရင်လူမျိုး ပထမ အသုတ်ဟာ ဘီစီ (၁၁၂၅) မှာ မြန်မာပြည် ရောက် တယ်။ ဒုတိယအသုတ်က ဘီစီ (၇၃၉)မှာ မြန်မာပြည် ရောက်တယ် ။ ဒီနေ့ ကရင်သက္ကရာဇ်က ကရင်လူမျိုး ဒုတိယ အသုတ် မြန်မာပြည်ထဲ စတင် ရောက်ရှိ ချိန်ကစပြီး ရေတွက်ခဲ့တယ်လို့ တွေ့ရ တယ်။
ဆရာကြီး မန်းလင်းမြတ်ကျော် ရေးသားတင်ပြတဲ့ ကရင့်ဘ၀ရေစီး ကြောင်းစာတမ်းတွင် ဦးထွန်းရီ ပြုစုတဲ့ ပါဒနိုင်ငံတော် သမိုင်းအရ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ခန့်ကပင် မြန်မာနိုင်ငံ အတွင်း ကရီလူမျိုးများ နေထိုင်ကြောင်း ဆိုတယ်။ ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင် မြစ်ဆုံရာဒေသများတွင် အုပ်စုဖွဲ့ နေထိုင်ခဲ့ပြီး မြို့ပြထူထောင်ခဲ့တယ်။ ဒီနိုင်ငံတော်ကို ကရဏ္ဏက တိုင်းလို့ ခေါ်တယ်။ ယိုးဒယား(ဆူခိုထိုင်း)သမိုင်း ကလည်း ကရီလူမျိုးဆိုတာ ကရင်ဖြစ် ကြောင်း ဆိုတယ်။
ဆရာ Mickey Heart အဆိုအရ ပျူဆိုတာ ပယူဖြစ်တယ်။ ရှေးကျောက်စာ ရေးနည်းအရ ပယောလည်း ဖြစ်နိုင် တယ်။ ပိုးကရင်တွေကလည်း သူတို့ ကိုယ်သူတို့ ” ဖ္လ ”  လို့ ခေါ်တယ်။      အဓိပ္ပာယ်က လူလို့ရတယ်။ ပိုးကရင် တွေက မွန်ကို ပယဝ်၊ မြန်မာကို ပယံ ခေါ်တယ်။ ပြီးတော့ ပအို့၊ ပလောင်၊ ပဒေါင်းဆိုပြီး လူမျိုးတွေကို ခွဲခြားခေါ် ကြောင်း၊ တိဘက်ဘာသာ စကားမှာ လည်း လူအမည်တွေရဲ့ ရှေ့မှာ ” ပ”  ကို သုံးတယ်။ ဒါကြောင့် ပျူ။ပယူဆိုတာ ပိုးကရင်စကား ဖြစ်မယ်လို့ ဆိုတယ်။
ပျူကျောက်စာတွေကို လေ့လာတဲ့ အခါ သဒ္ဒါစည်းမျဉ်းအရ ပျူဘာသာဟာ ပိုးကရင် ဘာသာနဲ့ အနီးစပ်ဆုံး တူ တယ်လို့ ဆိုတယ်။ ပြည်မြို့ မှော်ဇာ ရှေးဟောင်း သုတေသန ပြတိုက်ရှိ သူရိယဝိကြမမင်း အရိုးအိုးလို့ သတ်မှတ် ထားတဲ့ကျောက် အရိုးအိုးကြီးရဲ့ ပျူ ကျောက်စာမှာ ဗံးတိပဖ္လောက္နိ လို့ ရေးသားထားပြီး ကရင် ရဟန်း (၇)ပါးလို့ ဆရာက ဘာသာပြန် ဖော်ထုတ် ပါတယ်။
ကျန်စစ်သားမင်းကြီးရဲ့ နန်းတည် ကျောက်စာပါ တိရ်စူဟာ ပညာရှင်များ တွေးတော ဖော်ထုတ်ထားသလို ပျူလို့ မဆိုနိုင်သေးလို့ ဆိုတယ်။ ပုဂံသား တို့ ခေါ်ဝေါ်ခဲ့တဲ့ တိရ်စူဟာ မွန်ဘာသာ စကားဖြစ်ပြီး မွန်လိုဖတ်ပါက တောင်(ရ်)စူ ဖြစ်တယ်။ မြန်မာလို ဖတ်တဲ့အခါ တောင်သူ ဖြစ်ပါတယ်။ ဒီနေ့ တောင်သူ လူမျိုးဆိုတာ ကရင်အမျိုး နွယ်တစ်ခု ဖြစ်တယ်။ ပုဂံခေတ်မှာ တောင်သူကြီးမင်း ဆိုတာ ရှိတယ်။ ဒီမင်းက တောင်သူ လူမျိုးမင်းဖြစ်နိုင်တယ်လို့ ဆရာက ဆိုတယ်။ ပျူတွေက ကိုယ်ကိုကိုယ် ကောကလို့ရေး ကြောင်း ဆိုပါတယ်။
သရေခတ္တရာ သမိုင်းမှာ စကောလူ မျိုး စစ်တပ် ချီတက်လာပြီဆိုတဲ့ ကောလဟာလကြောင့် ပြည်ပျက် ကြောင်း ဆိုတယ်။ ဒီစကောဆိုတာ ပုဂံခေတ် ကျောက်စာတွေမှာ တွေ့ရတတ် တဲ့ စကြော ဖြစ်တယ်။ ပျူတွေနဲ့ အတူနေ တဲ့ ကရင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ပုဂံ ကျောက်စာတွေမှာ စကြောသံဗျင်၊ စကြောကျွန် ဆိုတာတွေ တွေ့ရတယ်။
မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီ၊ ပါတီစည်းလုံးရေး ဗဟိုကော်မတီဌာန ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်း သား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ (ကရင်)စာအုပ်တွင် စကြော-နံ၊ ရှေးက ရှိခဲ့ဖူးသော မြန်မာတိုင်းရင်းသား လူ မျိုးတမျိုးဟူ၍ တက္ကသိုလ် မြန်မာ အဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ဆိုကြောင်း၊ ဧရာဝတီ မြစ်အနောက်ဘက် မင်းဘူးနယ် ခြောက်ခရိုင်တွင် အေဒီ ၈ ရာစုကပင် ဝင်ရောက်နေထိုင်ခဲ့ပြီး ဆည်မြောင်းနဲ့ လယ်ယာစိုက်ပျိုးသူများလို့ ယူဆနိုင် ကြောင်း တွေ့ရတယ်။
ဒါ့အပြင် ပုဂံအရှေ့တောင်ဘီရွာ ရွှေကွန်ချာဘုရား အရှေ့မြောက် တံတိုင်း အတွင်းရှိ လေးမျက်နှာ ကျောက်စာ အနောက်မျက်နှာဘက်တွင် ကရင်တန်မီ ပြောက်၊ ပုဂံ အရှေ့မြောက်တန်ဆောင်း ဘုရား မုတ်ဂူအတွင်း ကျောက်စာ ကျောက်စာကြောင်းရေ ၁၅တွင် – စကုကျွန်၊ စကြဝ်ကာ။ ငဝံဖ္လည်သင်ငိ ငတိစန်သာင စွာ၁၊ သာငချက်ရာ ၁၊ ငစွာငိငကြင်၁၊ သျှင်အဂ္ဂသမာဓိစပ် ဆိုသော သုဝဏ္ဏသျှံ သူဌေးခန်းပျို့ ပုဒ်ရေ ၆ သာဝတ္ထိပြည် ဘွဲ့တွင်..ကုန်သည် တအုပ်၊ လယ်လုပ် မရော၊ စကြောမပြွမ်း၊ ဂျွမ်းနှင့် တောင်သူ၊ လူကားတရိုး.. စတာတွေ ဖော်ပြထားတယ်။
ဒီအဆိုတွေကို စုစည်းကြည့်ရင် ကရင်ဆိုတာ ခရစ်နှစ်မတိုင်ခင်က တည်းက နေခဲ့တယ်လို့ ဆိုနိုင်တယ်။ အဓိက ပျူတွေ ကောင်းစားစဉ် အချိန် ကတည်းက အတူနေထိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒီနေ့ ကရင်ပြည်နည်အတွင်း ကော့ဂွန်းဂူ၊ ဆန္ဒန်ဂူတွေမှာ ရှေးလက်ရာ အမြောက်အများ တည်ရှိနေသလို ဘားအံဒေသမှာလည်း လက်ရေးစင်းပါ အုတ်ချပ်တွေ တွေ့ရကြောင်း သိရတယ်။
ကရင်တို့ရဲ့ ဓလေ့ တစ်ခုဖြစ်တဲ့ အရိုးကောက်ပွဲဟာ ပျူဓလေ့နဲ့ အတော် တူတယ်။ ဒဏ္ဍာရီတွေ၊ အလင်္ကာ တွေ၊ စကားထာတွေ၊ ကိုးကွယ် ယုံကြည်မှုတွေ များစွာရှိသလို ထင်ရှားလှတဲ့ ဒုံးအက လည်းရှိ တူရိယာပစ္စည်းတွေ ရှိတယ်။ နတ်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓဘာသာ ဝင်များရှိသလို ခရစ်ယာန် ဘာသာ ဝင်များလည်း ရှိတယ်။ လဲကယ်ဘာသာ ဆိုတာ လည်းရှိတယ်။ ဖားစည်နဲ့ ကျွဲချို ကတော့ ကရင်တိုင်းရင်းသားတွေရဲ့ အထင်ကရ ပစ္စည်းတွေ ဖြစ်တယ်။
ဆရာ Mickey Heart ရဲ့အဆိုအရ ကရင်ရဟန်းတွေက ပျူခေတ်ကတည်း ရှိတယ်လို့ ဆိုတယ်။ အခုထက်တိုင် နတ်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓဘာသာဝင်တွေ ရှိဆဲ ဖြစ်တယ်။ ကရင် တိုင်းရင်း သားတချို့ (အထူးသဖြင့် စကောကရင် လူမျိုးတွေ) ခရစ်ယာန် ဘာသာ ကူးပြောင်းမှုကို မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီစာအုပ်မှာ အခုလို တွေ့ရတယ်။
ပထမဆုံး ခရစ်ယာန် ဘာသာဝင် အဖြစ် ကူးပြောင်းခဲ့သူမှာ ဦးသာဖြူ ဖြစ်တယ်။ စဝှော်(စကော) ကရင် အမျိုးသားဖြစ်ပြီး အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျပ်ဆင်ရဲ့ တပည့် ဖြစ်တယ်။ ဦးသာဖြူကို ၁၈၂၈ ခုနှစ် မေလ ၁၆ ရက် နေ့တွင် ထားဝယ်မြို့ မှာ နှစ်ခြင်း မင်္ဂလာ ခံယူတယ်။ သာသနာပြု ဂျော့ဒိုနာဘုတ်မင်း အဖွဲ့နဲ့ လိုက်ပါပြီး ထားဝယ်ဒေသမှာ ဟောပြောခဲ့တယ်။ ၁၈၂၈ ခုနှစ် ဒီဇင်ဘာလအတွင်း စောကွာလာနဲ့ အပေါင်းပါ ၁၀ ဦးဟာ ထားဝယ်မှာပဲ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့တယ်။
ဘာလို့ ဒီအကြောင်းတွေ ပြောနေရ လဲဆိုရင် တနင်္သာရီတိုင်း ဒေသကြီး အတွင်း လူဦးရေအရ ကရင်တိုင်းရင်းသား တွေက ဒုတိယ လူဦးရေ အများဆုံး ဖြစ်တယ်။ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်စေချင်ရင် တိုင်းရင်း သား လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့တွေကို လေ့လာဖို့ လိုတယ်။ ဒါမှ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားပြီး အတူယှဉ်တွဲ နေနိုင်မယ်။
နိုင်ငံရေးအရ နယ်နမိတ် သတ်မှတ် လိုက်တဲ့အခါ လူမျိုးစုကြီးတွေ ဖြစ်တဲ့ ကရင်၊ မွန်တွေဟာ နှစ်ဖွဲ့ ခွဲသွားတယ်။  မြန်မာကရင်-မြန်မာမွန် ရှိသလို၊ ထိုင်းကရင်-ထိုင်းမွန်တွေ ဖြစ်သွားတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတာတွေ ကြောင့် တစ်ယောက်အကြောင်း တစ် ယောက် မသိနိုင်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆွေမျိုး အရင်းတွေ ဆိုတာ မသိကြတော့ဘူး။
ပြီးတော့ သမိုင်းကွင်းဆက်ပြတ် သွားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကစပြီး ထားဝယ်အရှေ့ဘက် ဒေသရှိ ကရင်တိုင်းရင်းသားတွေဟာ    ခရစ်ယာန်ဘာသာကို ကူးပြောင်းသက် ဝင်ယုံကြည်ခဲ့ပေမယ့် ဘန်းချောင်းက ခြေတော်ရာ၊ ကလက်ကြီးက ခိုပလော (စေတီပြင်)၊ ကမိတ်ရွာက စေတီ ဟောင်းတွေ၊ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေရှိပါ တယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံတမ်း တွေ အများရှိတယ်။
ပွာကညော-ဖ္လုံ-ပအို့-တောင်သူဆ ရှေးနှစ်ပေါင်း များစွာကတည်းက ငြိမ်း ချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခဲ့တဲ့ ကရင် တိုင်းရင်းသားတွေအကြောင်း လေ့လာ စေချင်ပါတယ်။
ကရင်တစ်ကျပ်-ဗမာတစ်ကျပ် ဆိုတဲ့အတိုင်း ငြိမ်းချမ်းရေး အမြန်ရပါ စေလို့ ဆုတောင်းမိပါတယ်။