တံခါးပေါက်များနှင့် နေပြည်တော်

0
469

ယိုးဒယားနိုင်ငံရဲ့ သမိုင်းကို ထိုင်း အနုပညာ ( The arts of Thailand)ဆိုတဲ့ စာအုပ်မှာက ဒီလိုသတ်မှတ်ပါ တယ်။ အကြိုသမိုင်းကာလ ( သမိုင်းဦး မှ ခရစ် ၁ရာစုထိ)၊ ဟိန္ဒူလွမ်းမိုးတဲ့ခေတ် (ခရစ် ၁ရာစုမှ ၆ရာစုထိ)၊ ဒွါရ၀တီ-မွန်(ခရစ် ၆ရာစုမှ ၁၁ရာစုထိ)၊ သီရိဝိ ဇယ(ခရစ် ၈ရာစုမှ ၁၃ရာစုထိ)၊ လော့ဘူရီ (ခရစ် ၁၀ရာစုမှ ၁၄ရာစုထိ)၊ ဆူကိုထိုင်း  (ခရစ် ၁၃ရာစုမှ ၁၅ရာစုထိ)၊ လန်န-ချိုင် ဆီရမ် (ခရစ် ၁၃ရာစုမှ- ၁၆ရာစုထိ)၊ အယုဒ္ဓယ (ခရစ် ၁၃၅၀မှ ၁၇၆၇ထိ)၊ သွန်းဘူရီ (ခရစ် ၁၇၆၇မှ ၁၇၈၂ထိ)၊ ဘန်ကောက် (ခရစ် ၁၇၈၂မှ ယနေ့ထိ)လို့ တွေ့ရ တယ်။


ထားဝယ်က သာဂရမြို့ဟောင်းကို ခရစ် ၇၅၁ ခု (၈ရာစု)လို့ တွေ့ရတဲ့ အတွက် ယိုးဒယား သမိုင်းတွေအရ ဒွါရ၀တီ-မွန် (ခရစ် ၆ရာစုမှ ၁၁ရာစု)ကြီးကျယ် ထွန်းကားချိန်နဲ့ တိုက်ဆိုင် နေတယ်။ ဒွါရ၀တီနဲ့ ထားဝယ် ဘယ်လိုပတ်သက် တယ်ဆိုတာ လေ့လာ ဖို့ လိုတယ်လို့ ပညာရှင်တွေက ပြောဆို နေတာ ကြာပါပြီ။ ဒါကြောင့် လည်း ယိုးဒယားအဖွဲ့တွေက ကျွန်တော်ကို ဒွါရ၀တီအကြောင်းကို အကြမ်း လေ့လာ နိုင်အောင် စီစဉ်ပေးလို့ ပထမအကြိမ် ၁၀ရက်လောက်အတွင်း မြို့ဟောင်း ၆ခုလောက်ကို ရောက်ခဲ့ပါတယ်။
ဒေါက်တာ အဲလီဇဘက်မိုး လှူထားတဲ့ ထားဝယ် တက္ကသိုလ် စာကြည့်တိုက်က အချက်အလက်တွေ၊ အင်တာနက်က ရထားတဲ့ အချက် အလက်တွေ အခြေခံပြီး လေ့လာ မိတာတွေကို ယိုးဒယားပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးဖြစ်တယ်။ ဒီပညာရှင်တွေကလည်း ထားဝယ်နဲ့ ဒွါရ၀တီကြားမှာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက် ကတည်းက အဆက်အသွယ်ရှိတယ်လို့ ဆိုတယ်။ ပညာရပ် တွေးဆချက်တွေအရ ဟိန္ဒူ ဓလေ့ဟာ မြတ်စွာဘုရားရှင် ပွင့်တော် မမူခင်ကတည်းက ရောက်တယ်လို့ သိ ထားကြတယ်။ ဗုဒ္ဓပွင့်တော်မူချိန်မှာ လည်း တရားတော်တွေက အိန္ဒိယကုန် သည်တွေနဲ့အတူ ရောက်နိုင်တယ်လို့ ဆိုတယ်။

 
ဒွါရ၀တီဆိုတာ တူးဖော်မှုတွေ မလုပ်ခင်တုန်းက ဒဏ္ဍာရီဆန် ပါတယ်။ တူးဖော်မှုတွေနဲ့ သုတေသနတွေကြောင့် ဒီနေ့မှာတော့ ယိုးဒယားနိုင်ငံအတွင်း ဒွါရ၀တီဆိုတာကို လက်ခံခဲ့တယ်။ ဒွါ ရ၀တီ ယဉ်ကျေးမှုကို ယနေ့ ယိုးဒယား နိုင်ငံ အလယ်ပိုင်းမှာ အခြေတည်ပါတယ်။ သုတေသနတွေအရ ဒွါရ၀တီခေတ် ရှေးယဉ်ကျေးမှု နေရာပေါင်း ၂၀ကျော် ကို သတ်မှတ်ခဲ့တယ်။
ဒွါရ၀တီရဲ့ အဓိက မြို့တော် ကတော့ ဥထောင်မြို့ဟောင်း ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လော့ဘူရီနဲ့နခုံပထုံ (ပရ ပထုံ) မြို့ဟောင်းတွေ ဖြစ်ကြောင်း တွေ့ရတယ်။ ဒွါရ၀တီနယ်မြေတွေအဖြစ် ချောင်ဖရား မြစ်ဝှမ်းဒေသတွေ၊ မီက လောင်မြစ်ဝှမ်း ဒေသတွေ အပါအဝင် မြောက်ဘက်ဆိုရင် ဟရီပုဉ္ဖန၊ အရှေ့ မြောက်ဆိုရင် ဖါဒတ်မြို့ဟောင်း၊ တောင်ဘက်ဆိုရင် ကူဘွာ၊ အနောက် ဆိုရင် တနင်္သာရီရိုးမ၊ အရှေ့ ဆိုရင် ထိုင်းပင်လယ်ကွေ့တွေ ဖြစ်တယ်။
ယိုးဒယားနိုင်ငံ ဆူဖန်းဘူရီခရိုင် အတွင်းရှိ ဥထောင်မြို့ဟောင်းဟာ ချောင်ဖရား မြစ်ဝှမ်းဒေသမှာ ရှိတယ်။ ဥထောင် မြို့ဟောင်းဟာ ဘဲဥ ပုံသဏ္ဍာန် ပုံစံရှိပြီး တောင်-မြောက် ၅၅၅၀ ပေရှိပြီး အနံ ၂၇၆၀ ပေရှိတယ်။ သက္က တ ဘာသာနဲ့ ရေးထားပြီး စာကြောင်း (၆)ကြောင်းပါ အလျား ၁၆ လက်မ၊ အနံ ၁၂ လက်မရှိ ကြေးပြားတွေရဖူးတယ်။
ဥထောင်ပြတိုက်မှာဆိုရင် ဟိန္ဒူ ဓလေ့ ဖို-မအင်္ဂါ လက္ခဏာ ကျောက်ပြား တွေ တွေ့ရတယ်။ နားကွင်းကြီးတွေနဲ့ လူရုပ်တွေဟာ လက်ရာ မြောက်လှတယ်။ ဗုဒ္ဓ ရုပ်ပွားတော် အမျိုးမျိုး တွေ့ရပြီး ဒွါရ၀တီဟန်ဆိုပြီး သီးသန့် သတ်မှတ် ပါတယ်။ အထူးသဖြင့် ဓမ္မစင်္ကြာအမှတ် အသားဖြစ်တဲ့ တရားဘီး ( Wheel of the Law) ကိုလည်း သမင်ရုပ်နဲ့တကွ လေ့လာတွေ့ ရှိရတယ်။ ဒီတရားဘီးကို နခုံ ပခုံမှာတွေ့တယ်လို့ ဆိုတယ်။ ခေတ်ကာလက ခရစ် ၇ ရာစုလို့ သတ်မှတ်တယ်။ ဥထောင်ဒေသမှာ ရောမခေတ် ဒင်္ဂါးတွေလည်း တွေ့ရတယ်။
၁၉၄၃ ခုနှစ်မှာ နွန်ဟင်းကျေးရွာရှိ စေတီပျက်ကနေ ဒင်္ဂါးပြား (၂)ပြား ရရှိခဲ့တယ်။ ဒင်္ဂါးပြား (၁)ပြားမှာ နွားမကြီးက နွားလေးကို နို့တိုက်နေပုံ ပါတယ်။ အခြားတစ်ဖက်မှာ စာပါတယ်။ ဒီဒင်္ဂါးကို ဘယ်သူမှ သတိမပြုခဲ့မိဘူး။ ၁၉၆၃ ခုနှစ်ရောက်မှ ဂျော့ဆေးဒီးက ဘာသာ ပြန်ပေးတယ်။ ခရစ် ၇ရာစု နောက်ပိုင်း ဒါမှမဟုတ် ၈ရာစုအစောပိုင်း မွန် အက္ခရာနဲ့ ရှရှီဒွါရ၀တီက ဝါသပုည ဖြစ်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဒွါရ၀တီပြည့်ရှင်၏ အလှူ လို့ အဓိပ္ပါယ်ရတယ်။
ကန်ချနဘူရီ ခရိုင်အတွင်းက မီကလောင် မြစ်အနောက်ဘက် ကမ်းမှာ ရှိတဲ့ ပေါင်တုတ်ဆိုတဲ့ ကျေးရွာရှိ ငှက်ပျော တောအတွင်းကနေ ရောမခေတ် လက်ရာ ကြေးမီးခွက် တွေ့ရတယ်။ ဒီကြေးမီးခွက်က ငှက်ရုပ်ပုံစံရှိပြီး အမြီးက ထန်းရွက်လို ဝိုင်းနေတယ်။ တရုတ်မှတ်တမ်းတွေအရ ခရစ် ၂ရာစု လောက်မှာ ရောမသံအဖွဲ့တွေ ကုန်းလမ်း အတိုင်း ရောက်တယ်လို့ ဆိုတယ်။ ပေါင်တုတ်ရောမ မီးခွက်၊ ဥထောင်ရောမ ဒင်္ဂါးတွေဆိုရင် ဒီသံအဖွဲ့ပိုင်တွေ ဖြစ်နိုင်တယ်လို့ ဆိုတယ်။
တရုတ် မှတ်တမ်းတွေအရ ခရစ် ၆ရာစုမှ ၉ရာစုအတွင်း ပျူနိုင်ငံ သို့မဟုတ် ပျူခေတ် မြန်မာနိုင်ငံရဲ့ အရှေ့ ဘက်အိမ်နီးချင်းနိုင်ငံက ကျဲ(န်)လာ့ သို့မဟုတ် ခမာနိုင်ငံ (ကမ္ဘောဒီးယားနိုင်ငံ) ဖြစ်တယ်။ ဒီနှစ် နိုင်ငံကြားမှာ ဒွါရ၀တီ ရှိတယ်။ ပျူနိုင်ငံရဲ့ အရှေ့တောင်ဘက် နယ်ချင်း ကပ်လျက်ရှိတယ်လို့ ဆိုတယ်။ တရုတ် မှတ်တမ်းတွေအရ ဒွါရ၀တီကို တိုလိုပိုတီ ဒါမှမဟုတ် တော်ဟော် လော်ဆိုပြီး တွေ့ရတယ်။
တရုတ်မှတ်တမ်း တစ်ခုဖြစ်တဲ့ ထန်မင်းဆက် သမိုင်းသစ် (ခရစ် ၆၈၁ – ၉၀၇) တွင် ပျူနိုင်ငံသည် ယုန်ချန် တောင်ဘက် လီပေါင်း ၂၀၀၀ (မိုင်ပေါင်း ၇၀၀နီး ပါးခန့်)တွင် တည်ရှိ၏။ (ထန်မင်းဆက်) မြို့တော်နှင့် လီပေါင်း ၁၄၀၀၀ (မိုင်ပေါင်း ၄၇၀၀ နီးပါးခန့်) ကွာဝေးသည်။ အရှေ့ဘက် တွင် ကျ(န်)လာ့ ကုန်းမြင့်ပိုင်းရှိ၏။ အနောက်ဘက် တွင် အရှေ့အိန္ဒိယ ရှိသည်။ အနောက် တောင်ဘက်တွင် ဒွါရ၀တီရှိ၏။ တောင်ဘက် တွင် ပင်လယ်ရှိ၍ မြောက်ဘက်တွင် နန်စော ရှိ၏ လို့ ဆိုတယ်။ ဒီဖော်ပြချက် တွင် ဆရာကြီး ဦးရည်စိန်အလိုအရ အနောက် တောင်ဘက်အစား အရှေ့တောင်လို့ အမှားပြင်ပါတယ်။ ယင်း ထန်မင်းဆက် သမိုင်းသစ်မှာပဲ ဒွါရ၀တီ အကြောင်း ဖော်ပြချက်ရှိတယ်။ ဒွါရ၀တီမှာ လက်အောက်ခံ နယ် ၂ နယ်ရှိ၏။ တစ်ခု မှာ ထန်လင်ဖြစ်၍ အခြားတစ်ခုက ထော်ဟွမ်ဖြစ်၏။ ထန်လင်သည် ပင် လယ်ကျွန်းတွင် တည်ရှိ၏။ ထော်ဟွမ်ကို နို့ထော်ဝမ်လို့လည်း ခေါ်၏။ ဟွမ်ဝမ် (စမ္ပါ) ၏ အနောက်ဘက် ပင်လယ် တွင် ရှိ၏။ ဒွါရ၀တီနှင့် နယ်မြေ ဆက် စပ်၏လို့ ဖော်ပြပါတယ်။ ခမာသည် စမ္ပါ၊ ထော်ဝမ်တို့နှင့် အကြိမ်ပေါင်း များစွာ စစ်ဆင်ခဲ့သည်လို့လည်း ပါတယ်။
ထန်လင်ဆိုတာ ပဲခူးလို့ ပြောတယ်။ ကျွန်တော်တို့ သိတဲ့ တန်လိုင်၊ တလိုင်း ဆိုတာပါဘဲ၊ ထားဝယ်မှာ တလိုင်းတောင် ၊တလိုင်းမ၊ တလိုင်းရှောင်၊ တလိုင်းယာ တွေဆိုတာ ရှိနေတယ်။ ဒီတလိုင်းဆိုတဲ့ စကားက နှစ်ပေါင်း ထောင်ချီ ရှိနေခဲ့ပါ တယ်။ ဥဿ ပဲခူးလို့လည်း ခေါ်တယ်။ ဒီနံမည်က တေလိင်္ဂ။ ကလိင်္ဂက ဆင်း သက် ကြောင်းတွေ့ရတယ်။ ထားဝယ် မြောက်ဘက်မှာရှိတဲ့ ကလိန်အောင်ဆိုတဲ့ မြို့ဟောင်းက စဉ်းစားစရာပါ။
ထော်ဝမ်ရဲ့ ရှေးဟောင်း အသံထွက် က Da-Van နဲ့ နီးစပ်တယ်။ ဒီနေရာက ဒွါရ၀တီနဲ့ နယ်မြေဆက်စပ်တယ်လို့ ဆိုတယ်။ ဒါကြောင့် ဆရာကြီးဦးရည် စိန်က ထော်ဝမ်ဆိုတာ ဒဝယ် ( ထား ဝယ်)ဖြစ်ရင် သင့်မယ်လို့ ဆိုတယ်။ စွေမင်းဆက်သမိုင်း (ခရစ် ၅၈၁-၆၁၈ခု)မှာလည်း ချီ-ယယ်(န်) ထော်ဝမ် ဆိုပြီး ဖော်ပြထားပါတယ်။ ပုဂံပြတိုက် ရှိ ကျောက်စာတိုင်အမှတ် ၉၅ဖြစ်တဲ့ ယိုးဒယား(တိုင်) ကျောက်စာမှာ ဒဝယ်မြို့ ( Maun Davayah )လို့ ရေးကြောင်း သိရတယ်။
ဒါရ၀တီကို ပြန်စဉ်းစားရင် မွန် တွေရဲ့တိုင်းပြည်အဖြစ် လက်ခံထား တယ်။ အေဒီ ၈ရာစု လက်ရာလို့ သတ် မှတ်ထားတဲ့ လော့ဘူရီ ကျောက်စာဟာ ရှစ်မြှောင့်ပုံစံရှိပြီး ထင်ရှားတယ်။ ရှေးဟောင်း မွန်စာ ဖြစ်တယ်။ အေဒီ ၇ရာစု လို့ သတ်မှတ်တဲ့ မွန်ကျောက်စာ အပိုင်း ၂ခုကို ပရပထုံမှာ တွေ့တယ်။ သက္ကတ ဘာသာနဲ့ ရေးသားထားတဲ့ ကြေးနီပြားတွေလည်း တွေ့ရတယ်။ စာပါတဲ့ ဒင်္ဂါပြားတွေလည်းရှိတယ်။
ဗုဒ္ဓရုပ်ပွားတော် များစွာတွေ့ရသလို ဂဝံကျောက်ပေါ်က စင်္ကြာတံဆိပ်ပါတဲ့ ဗုဒ္ဓခြေတော်ရာ တစ်စုံလည်း ရှိတယ်။ ဂဝံ ကျောက်တုံးတွေနဲ့ တည်ဆောက် ထားတဲ့ အဆောက်အဦကြီးတွေ များစွာ တွေ့ရတယ်။ ဒွါရ၀တီခေတ် မြို့ဟောင်း အများစုက ဘဲဥပုံ (အဝိုင်းပုံ) ရှိပြီး မြို့ရိုး ၁ထပ် ဒါမှမဟုတ် ၂ ထပ် ရှိတယ်။ အလှဆင် ပုတီးတွေတွေ့ရှိ ရသလို အုတ်ခွက်ဘုရားတွေ ရှိတယ်။ ဟိန္ဒူ နတ်ရုပ်တွေလည်း ရှိသလို လူရုပ်တွေ လည်း ရှိတယ်။
ပေါင်တုတ်မှာတွ့ရတဲ့ ရောမမီး ခွက်နဲ့ ဥထောင်မှာ တွေ့ရတဲ့ ရောမဒင်္ဂါး တွေက အရှေ့-အနောက် ကုန်သွယ်ရေးနဲ့ ကူးလူး ဆက်ဆံမှုကို ပြတယ်။ မြန်မာ နိုင်ငံ ကမ်းရိုးတန်းဒေသ၊ ယိုးဒယား တောင်ပိုင်းဒေသနဲ့ ကမ္ဘောဒီးယားတို့ မှာ တွေ့ရတဲ့ ခရုသင်းပုံပါ ဒင်္ဂါးတွေလည်း ရှိတယ်။ ထိုင်း ပင်လယ်ကွေ့ ကမ်းရိုး တန်းရှိ ဒီရေတောတွေထဲမှာ ခရစ်နှစ်ဦး ကာလတွေက အသုံးပြုခဲ့တဲ့ အာရပ် သင်္ဘောဟောင်းတွေ တူးဖော်တွေ့ ရှိရတယ်။
ဒွါရ၀တီခေတ်မှာ အရေးပါတဲ့ မြို့ဟောင်းတွေဟာ မီကလောင်မြစ်နဲ့ ချောင်ဖရားမြစ်ဝှမ်းတွေမှာ တည်ရှိတယ်။ မီကလောင်မြစ်က ဘုရားသုံးဆူတောင် ကြားလမ်းအနီး တနင်္သာရီရိုးမမှာ ချောင်းဖျားခံပြီး ထိုင်းပင်လယ်ကွေ့ အတွင်း စီးဝင်တယ်။ ဒီမြို့တွေက တနင်္သာရီရိုးမနဲ့ ကမ်းရိုးတန်းအကြားမှာ တည်ရှိတဲ့ မြစ်ချောင်းတွေကို စီမံပြီး ကုန်သွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေးစတဲ့ အရာတွေကို အသုံးချခဲ့တယ်။ တနင်္သာရီ ရိုးမနဲ့ ပင်လယ်ကြားရှိ ထားဝယ် မြစ်ဝှမ်းဒေသ၊ တနင်္သာရီမြစ်ဝှမ်း ဒေသတွေကို မှာကော ဘယ်လိုအသုံး ချခဲ့လဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။
ပထဝီ အနေအထားအရ မလေးကျွန်းဆွယ် အရှေ့ဘက်ခြမ်းနဲ့ ယိုးဒယား ပင်လယ်ကွေ့ (ယိုးဒယားအလယ်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀လောက်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်ပြီး ကြီးကျယ်တဲ့ ယဉ်ကျေးမှုကြီး ထွန်းကားခဲ့တယ်။ မလေးကျွန်းဆွယ်အနောက် ဘက်ခြမ်း (တနင်္သာရီတိုင်းဒေသကြီး)မှာကော ဘယ်လိုထွန်းကားခဲ့လဲ။ ဒီဒွါရ၀တီကို ဟိန္ဒူယဉ်ကျေးမှု၊ ဗုဒ္ဓယဉ်ကျေး မှု ဘယ်လိုရောက်လဲ။ မေးခွန်းတွေ အများကြီးနဲ့ လေ့လာစရာ အများကြီးပါ။
ကျွန်တော်ရဲ့ ယိုးဒယားသွား တောလား ဆောင်းပါးဖတ်ပြီး အယ်ဒီတာနဲ့ ဦးလေးတစ်ယောက်က မေးပါတယ်။ ဆောင်းပါး ဆုံးခါနည်းမှာ ခင်ဗျား ငိုင်သွားတယ်လို့ ပါတယ်။ ဘာလို့ ငိုင်သွားတာလည်းလို့ မေးပါတယ်။ ကျွန်တော် ငိုင်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိကအချက်က ယိုးဒယား သမိုင်းကို စာတွေ့ပဲ ဖတ်ဖူးရုံ ကနေ လက်တွေ့လေ့ လာတဲ့အခါ အံ့ဩသွားတယ်။ ပုဂံ၊ အန်ကောဝတ်တွေ သာမက ရခိုင်၊ မွန် ဒေသတွေရှိ ရှေးလက်ရာ အဆောက်အဦတွေနဲ့ ယှဉ်ကြည့်မိတယ်။
တနင်္သာရီတိုင်းအတွင်းမှာ ဂဝံ လက်ရာ အဆောက်အဦကြီးအဖြစ် ဂုဏ်ယူစရာက တနင်္သာရီမြို့ဟောင်း န၀ထပ် ဘုရားတောင် တစ်နေရာဘဲတွေ့ ဖူးပါတယ်။ ဒွါရ၀တီနဲ့ ယှဉ်ပြောဖို့ ခက်ခဲတယ်။ ရှာမတွေ့တာလား၊ မရှိ တာလား၊ ရှိရင်လည်း အသစ်ပြင် လိုက်လို့ ပြောင်းသွားပြီးလား။ ဂဝံ အဆောက်အဦ ကြီးတွေ၊ ကျောက် အဆောက်အဦကြီး တွေ ဘယ်ရောက် နေလဲ။ စစ်ပွဲတွေ သိပ်များလို့ ပျက်သွားလား၊ သစ်ဝါးပေါ လွန်းလို့ ဂဝံနဲ့ကျောက် မသုံးတာလား။ ယိုးဒယားတွေလို ကြွားချင်တယ်။
ပြီးတော့နောက်တစ်ချက်က ယိုးဒယားတွေရဲ့ သမိုင်းကို ထိန်းသိမ်း တန်ဖိုးထားပုံပါ။ လူနေရပ်ကွက်ထဲမှာ ရှိတဲ့ ရှေးလက်ရာတွေကို ခြံစည်းရိုးခေတ်၊ သက်ဆိုင်ရာအကြောင်းအရာကို ဆိုင်း ဘုတ်ထောင်၊ တူးဖော်ရှင်းလင်းပြီး လေ့လာနိုင်အောင် လုပ်ထားတယ်။ သက်ဆိုင်ရာ ပြတိုက်တွေ၊ လေ့လာရေး ဌာနတွေ ဖွင့်ပေးထားတယ်။ စာအုပ်စာ တန်းတွေ၊ လက်ကမ်းစာစောင်တွေ၊ လမ်းညွှန်တွေ အလွယ်တကူရတယ်။ ကျောင်းသူကျောင်းသားတွေ သာမက ပြည်သူတွေနဲ့ စည်နေတယ်။
အများကြီးပါ။ လုပ်စရာတွေ များလွန်းလို့ ငိုင်သွားတာပါ။