ဒို့ဗမာ တေးဂီတ

0
525

ယခုတစ်လော မြန်မာ နိုင်ငံတော် သီချင်းသံများ ကမ္ဘာတစ်ဝှမ်းတွင် သောသောညံ နေ၏။
မြန်မာယူ-၂၀ အသင်း ခြေစမ်း ပွဲများ ကစားခဲ့သော အာရှ၊ ဥရောပ မှသည် ယခု ကျင်းပဆဲ လူငယ် ကမ္ဘာ့ ဖလားပွဲ အိမ်ရှင် နယူးဇီလန် ကျွန်းနိုင်ငံ၊ ယူ-၂၃ ဆီးဂိမ်း ကျင်းပနေသော စင်ကာပူ စသည့် နိုင်ငံတို့တွင်  မြန်မာတို့ ၏ ” ကမ္ဘာ..မကြေ၊ မြန်မာ..ပြေ” ဟူသော နိုင်ငံတော်တေးသံများ လွင့်ပျံနေသည်မှာ တစ်ကယ့် ဂုဏ်ယူဖွယ်ရာ။


ပွဲချိန် တစ်လျှောက် (အပြတ် အသတ် ရှုံးနိမ့်နေလျှင်တောင်မှ) နိုင်ငံ တော် သီချင်းကို တစ်ညီတစ်ညွတ်တည်း တခဲနက် သီဆို အားပေးနေတတ်သည့် မြန်မာ ပရိသတ်၏ စိတ်ဓာတ်မှာလည်း ပြိုင်ဖက်အသင်း၊ ပြိုင်ဖက် ပရိသတ် များပင် လေးစားအားကျ ကြသည်အထိ။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်၍ မဟုတ် ပါ။ ဘောလုံးပွဲများ မစတင်မီ မြန်မာ ဘောလုံးအသင်းများ သီဆိုလိုက်သော ကမ္ဘာမကြေ သီချင်းသံသည် အမေရိကန်၊ ယူကရိန်း၊ အင်ဒိုနီရှား စသော နိုင်ငံတို့၏ နိုင်ငံတော် သီချင်းသံထက်များစွာ သာလွန် ကောင်းမွန်၍ တီးလုံးသံ ကြားယုံ ဖြင့်ပင် ဇာတိမာန် တက်ကြွလာသည်ဟု ခံစား မိပါသည်။

min-khant-our-burma-music
ထိုထိုသော ကမ္ဘာ့နိုင်ငံ အသီး သီးမှ နိုင်ငံတော် သီချင်းများ၏ အဓိပ္ပါယ်နှင့် သမိုင်းကြောင်းကို လက်လှမ်း မမီသော် လည်း အမိ မြန်မာနိုင်ငံတော် သီချင်း၏ စီးဆင်းလာရာ သမိုင်းကြောင်းမှာ မည်သည့် နိုင်ငံနှင့်မဆို နှိုင်းယှဉ် မှတ်ကျောက်တင်ခံ နိုင်ပါသည်။
ယခု ဂုဏ်ယူမြတ်နိုးစွာ သီဆို နေကြသော နိုင်ငံတော်သီချင်းကို ၁၉၄ရ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော် တတိယ ညီလာခံ အဋ္ဌမ အကြိမ်မြောက် အစည်း အဝေးတွင် အတည်ပြု ရွေးချယ်ခဲ့၏။ ဤနိုင်ငံတော်သီချင်း၏ မူလ ရေသောက်မြစ် မှာ အင်္ဂလိပ်ကို မောင်းထုတ်ခဲ့သော ” ကမ္မဝါ” ဟု အမည် တွင်ခဲ့သည့်”ဒို့ဗမာ သီချင်း” ဖြစ်ပါသည်။
အင်္ဂလိပ် အစိုးရခေတ် ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော်ကြီး ရာဟုဒေါင့်တွင် ဒို့ဗမာသီချင်း ဖွင့်ပွဲကြီးကို ဂျီစီဘီအေ အသင်းကြီးမှ ဦးစီးကာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ပြည်သူ ပြည်သား အပေါင်းကလည်း သူ့ကျွန် ခေတ်ပင် ဖြစ်သော်ငြား ဝံ့ဝံ့စားစား တက်ရောက်ကြသည်မှာ စေတီတော် ရင်ပြင် ပြည့်လျှံလုမျှ။ သီချင်းရေးစပ်ခဲ့သူ ဝိုင်အမ်ဘီအေ သခင်တင် ကိုယ်တိုင် ခေတ်ပေါ် တူရိယာများနှင့်တွဲဖက် သီဆို ဖွင့်လှစ်ခဲ့ရာ ပရိသတ်များ နှစ်ခြိုက်စွာ တောင်း ဆိုကြသဖြင့် ဒုတိယအကြိမ် ပြန်လည် သီဆိုပြခဲ့ရသည်အထိ။ သီချင်း အဆုံးတွင် ပရိသတ်၏ ” သခင်မျိုး ဟေ့ ဒို့ဗမာ” ဟူသော ကြွေးကြော်သံကြီး ပေါ်ထွက် လာကာ ရန်ကုန်မြို့တင်မက မြန်မာ တစ်နိုင်ငံလုံး ကူးစက်လွင့်ပျံ သွား တော့၏။
ထိုခေတ် ထိုအခါကလည်း ဘောလုံး ပွဲကစားရာတွင် သီချင်းများ သီဆို အားပေးသော သာဓက ရှိခဲ့၏။ ဒို့ဗမာ သီချင်း ပေါ်ပေါက်ပြီး မကြာမီအတွင်း ရန်ကုန်မြို့ ဘီဘီအေ ကစားကွင်း၌ အင်္ဂလိပ်အသင်းနှင့် မြန်မာအသင်းတို့ ဘောလုံး ယှဉ်ပြိုင် ကစားခဲ့ချိန်တွင် ဒို့ဗမာ အစည်းအရုံးနှင့် မြန်မာပရိသတ် များက ဒို့ဗမာသီချင်းကို ထပ်ခါထပ်ခါ တီးမှုတ်သီဆို အားပေးခဲ့ကြ၏။ ထိုပွဲ၌ မြန်မာအသင်းမှ အင်္ဂလိပ်အသင်းအား ခြောက်ဂိုး နှစ်ဂိုးဖြင့် အပြတ်အသတ် အနိုင်ယူကာ ဇာတိမာန် ပြနိုင်ခဲ့လေသည်။
ဒို့ဗမာ သီချင်းသည် ကျွန်ခေတ်ကို တိုက်ဖျက်ကြရင်း သခင်ဖြစ်လိုသော အာသီသမှ ပေါက်ဖွားလာသော အမျိုးသားရေး လက္ခဏာတစ်ရပ် ဖြစ်၏။ ထိုသို့သော သီချင်းအား မြစ်ဖျားခံလာသည့် ယခု လက်ရှိ အမိနိုင်ငံတော်သီချင်း၏ သီကျူးသံ များ ကမ္ဘာတလွှား ကြားရသောအခါ ကြက်သီးမွှေးညင်းများ ထသည်အထိ မြန်မာနိုင်ငံသားအပေါင်း ဂုဏ်ယူဝမ်းသာ ပီတိဖြစ်ရသည်မှာ မဆန်းပါ။
တေးဂီတ အနုပညာနှင့် မြန်မာ့ တို့၏ ဇာတိမာန်သည် ဒွန်တွဲနေပါသည်။ သူ့ကျွန်ခေတ် တလျှောက်လုံးတွင်လည်း အမျိုးသား နိုးကြားရေးအတွက် သီချင်း များ ရေးဖွဲ့ကာ သူ့ကျွန်ဘ၀မှ လွတ် မြောက်ရေးအတွက် သီချင်း တိုက်ပွဲများ ဆင်နွဲခဲ့ကြသည်။
၁၈၈၇ တွင် ပေါ်ပေါက်ခဲ့သော မဒီကိုင်ဆရာ ဦးဖူးညို၏ ” သီဟာပျံ နန်းဘုံမြင့်မှာလ ” အစချီသော ကိုယ့်ထီး ကိုယ့်နန်းကို တမ်းတသည့် တေး၊ နတ်မောက် ဦးကျော့၏ “ကမ္ဘာတွင် စဉ်သမိုင်းငယ်နှင့် ” အစချီ သည့် သူ့ ကျွန်လက်မှ လွတ်ရန် မွတ်သိပ်သော ဆန္ဒကို မွေးမြူပေးသည့် သီချင်းနှင့် အင်္ဂလိပ်အစိုးရကို ကြောက် အား ပိုစေခဲ့ သည့် ဆရာဥာဏ်၏ ပြည်ကုန်းဘောင် သီချင်း တို့မှာ မြန်မာ့ နောက်ဆုံးမင်းဆက် သီပေါဘုရင် ပါတော်မူပြီးစတွင် လူထု စိတ်ဓါတ်ကိုကောင်းစွာ လှုံ့ဆော် နိုင်ခဲ့သော သီချင်းများ ဖြစ်ခဲ့သည်။
ဝိုင်အမ်ဘီအေခေတ် ၁၉၁၀ ခန့်တွင် မင်းသားကြီး ဦးရာပြတ်၏ ရွှေပြည်ကြီး သီချင်း၊ နန်းတော်ရှေ့ ဆရာတင်ရေး၍ စိန်ပါတီ သီဆိုသော ဆင့်ပွားရွှေပြည်ကြီး သီချင်းများဖြင့် မျိုးချစ်စိတ်များ ရှင်သန် ထကြွ စေခဲ့သည်။
ဂျီစီဘီအေ ခေတ်တွင်လည်း နည်းဗျူဟာ မျိုးစုံ သုံးကာ နယ်ချဲ့ တိုက်ပွဲ ဆင်နွဲခဲ့ရာ အောင်သန်းတင်၏ တိုင်းရင်းဖြစ်၊ ခင်လှကြည်၏ ကုမ္မာရီ၊ မကြည်အောင်၏ ပင်နီ.. စသော ဝံသာနု တေးသီချင်းများ၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။   ” ဝံသာနု” ဟူသော ဝေါဟာရ မြန်မာနိုင်ငံအနှံ့ တောမီးပမာ ပြန့်နှံ့သွားသည်မှာ တေးဂီတကြောင့် သာ ဖြစ်ပါသည်။
ထိုခေတ် ထိုအခါတွင် ပေါ်ပေါက် ခဲ့သော တေးသီချင်းများသည် လူတို့၏ စိတ်သဏ္ဍာန် အတွင်းပိုင်းအထိ နက်ရှိုင် စွာ နေရာယူနိုင်သော အစွမ်းသတ္တိများ ရှိပါသည်။ သာဓက တစ်ခု တင်ပြ လိုပါသည်။
တနင်္သာရီဂျာနယ်၏ ရုပ်ပုံလွှာ ကဏ္ဍအတွက် လိုက်လံစူးစမ်းရင်း..၊ သီချင်းများဖြင့် တိုက်ပွဲဝင်ခဲ့သူဟု မိမိကိုယ်ကို မှတ်ယူထားသည့် ဒေါ်အုန်းစီ ဟူသော အသက် ၉၅ နှစ် အရွယ် အဖွားအိုတစ်ဦးနှင့် ထားဝယ်တွင် တွေ့ဆုံ ဖြစ်သည်။
အဖွားအိုသည် သူ့ဘ၀၏ အရေးကြီးသော အကြောင်းအရာများ အား ကောင်းစွာ မမှတ်မိတော့ပါ။ ဗမာ နိုင်ငံလုံးဆိုင်ရာ ဗမာပြည် လွတ်လပ်ရေး အမျိုးသ္မီး အစည်းအရုံး(ဌာနချုပ်-ရန်ကုန်)မှ ထုတ်ပေးထားသည့် သူ၏အသင်းဝင် ကတ်ပြားလေး အကြောင်းပင် မေး၍ မရတော့ပါ။ သို့သော် အင်္ဂလိပ် ခေတ် တိုက်ပွဲဝင် သီချင်းများအား အလွတ်ရကာ အခုထိအကျအပေါက် နည်းစွာ လေယူလေသိမ်း တိကျ သေသပ် စွာ သီဆိုပြနိုင်ဆဲဖြစ်သည်ကို တွေ့ခဲ့ရ သည်။ အမျိုးသားရေးတေးဂီတ၏ စွမ်းပကား ကြီးမားမှုကား အကဲဖြတ်ရန် မဖြစ်နိုင်ပါ။
လက်ရှိ မျက်မှောက်ခေတ်တွင် တေးဂီတ၏ စွမ်းအင်များအား နိုင်ငံရေး၊ အမျိုးသားရေး နယ်ပယ်တို့တွင် ထိ ရောက်စွာ အသုံးချမှု နည်းပါး လာသည်။ အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ ကလည်း ပြည်သူ့ တစ်ရပ်လုံး အသဲခိုက် နိုင်သော တေးသီချင်းများ ရေးစပ် သီကုံး နိုင်မှု အားနည်းလာ၏။ အရေးပါသော ကဏ္ဍတစ်ရပ်ဖြင့် သဘောထားကာ ကောင်းစွာ အားထုတ် လုပ်ဆောင်နေသည် ကို ကြားတွေ့ရခြင်း မရှိသည်မှာ ဝမ်းနည်းစရာ။ထိုအခါ ဘောလုံးပွဲများတွင် ကြားရလေ့ရှိသော အမိနိုင်ငံတော် သီချင်းအား နှစ်နှစ်ကာကာ တခဲနက် သီကျူးသံသည်သာ စိတ်ဘဝင်ကို ထိခတ်နိုင်တော့သည်။
အဝေးရောက် မြန်မာများလည်း ထိုဘောလုံးပွဲများတွင် အမိနိုင်ငံတော် သီချင်းကို အားပါးတရ သီဆိုအား ပေးရင်း ဇာတိမာန်များ နိုးကြား ကြလိမ့်မည်။ အမိမြေကို တမ်းတ လွမ်းဆွတ်ရင်း အမိ နိုင်ငံတော် အကျိုးကို အဝေးမှ သယ်ပိုးနိုင်ရေး တွေးဆတတ်လာ ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။  ၁၉၄၈ ခုနစ် ဇန်နဝါရီ ၄ ၇က် မိနစ် ၂၀ အချိန် ယူနီယံဂျက်အလံ တိုင် ထိပ်ဖျားမှ တဖြေးဖြေး နိမ့်ဆင်းသွားချိန်..၊ မြန်မာနိုင်ငံ တော်အလံ တိုင်ထိပ်သို့ မြင့်တက် သွားစဉ်အခါတွင် စတင်ထွက်ပေါ် လာခဲ့သော “ကမ္ဘာ..မကြေ၊ မြန်မာပြေ..” အစချီ အမိနိုင်ငံ၏ ဂုဏ်ယူဖွယ် တေးသွား..၊ ယခုအခါတွင် ကမ္ဘာတလွှားမှ ကြားသိ ကြလေပြီ။

ကျမ်းကိုး –
– မြန်မာ့လွတ်လပ်ရေးနှင့် တေးဂီတ- မေမြို့မိုးကြည်၊ ၁၉၇၈- စာပေဗိမာန်။