မြိတ်မြို့ ကမ်းနားအမှိုက် နှင့် သူတို့အမြင် သူတို့အတွေး . . .

0
755
ဓါတ်ပုံ - ဇော်ဇော်

ဦးအောင်မျိုး
သန့်ရှင်းရေးအရာရှိ၊ သန့်ရှင်းရေးဌာန၊
မြိတ်မြို့နယ်စည်ပင်သာယာရေးရုံး

အမှိုက်မပစ်ရလို့ ရေးထားတဲ့သတိပေး ဆိုင်းဘုတ် စိုက်ထူထားတာတောင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် နေကြတာက သက်သက်မဲ့လား၊ အပြစ်မြင်လို့လား မသိပါဘူး။ အမှိုက်ပစ်တဲ့အပြင် ဆိုင်းဘုတ်ကိုလည်း ခဲနှင့် ပစ်ဖောက်တယ်။  အဲလို အမှိုက်မပစ်ရနေရာတွေမှာ အမှိုက်တွေလာရောက်စွန့်ပစ်ရင် ပထမအကြိမ် ဒဏ်ငွေ ၂ ထောင်ကနေ ၂ သောင်းကျပ် ဒဏ်ဆောင်ရ မယ်။


ဒုတိယအကြိမ်ဆိုရင် တရားစွဲဆိုသွားမှာ ဖြစ်ပြီး ဒဏ်ငွေ ၂ သောင်းကျပ်ကနေ ၂ သိန်းကျပ် အထိ ဒဏ်ပေးဆောင်ရမယ်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး တစ်ပတ်ကို တစ်ကြိမ်လောက် ဖမ်းဆီးအရေးယူတာ မျိုး ရှိပါတယ်။
အရေးယူတာ၊ အမှိုက်သိမ်းတာရောအတွက် တမြို့လုံးအနေထားနဲ့ ရတဲ့ဘတ်ဂျတ် အနေထားကို အချိုးကျ ခွဲဝေလုပ်နေရလို့ အမှိုက်သိမ်းစနစ်မှာ အားနည်းချက်တစ်ချို့ရှိတယ်။လူအင်အားနည်းနေတဲ့အတွက်သိပ်ပြီး မလုပ် နိုင်ရတာပါ။
နေ့တိုင်း ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နိုင် မယ်ဆိုရင် စည်းကမ်းမဲ့ အမှိုက်ပစ်စနစ်လည်း ပပျောက်သွားနိုင်ပါတယ်။

myeik-thoughts
ဓါတ်ပုံ – ဇော်ဇော်

 

ဦးသန်းနိုင်
ထော်လာဂျီအငှားယာဉ်မောင်း၊ မြိတ်တောင်ရပ်ကွက်

ကမ်းနားလမ်း တလျှောက်မှာအမှိုက်တွေ လာစွန့်ပစ်နေကြလို့ လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေသလို၊ ကြည့်ရမြင်ရတာလည်း မကောင်း ပါဘူး။
ရုပ်ဆိုး အကြည်းတန်စေပါတယ်။ လာပစ်တဲ့ သူတွေမှာ  အဓိက တာဝန်ရှိပါတယ်။ စည်ပင်က အမှိုက်သိမ်းယာဉ်တွေလည်း သိမ်းပေးနေပေမယ့် လူတွေက စည်းကမ်းမဲ့နေလို့ ဒီလိုမျိုးဖြစ်နေရတာပါ။
ဥပဒေအရ ထိထိရောက်ရောက် အရေးမယူတာ လည်းပါတယ်။ အရေးမယူတဲ့ ကာလပတ်လုံး လစ်ရင်လစ်သလို လာပစ်နေကြမှာပဲ။ အမှိုက်ပုံ လို့ သတ်မှတ်ထားလို့ အမှိုက်သိမ်းယာဉ် လာသိမ်းနေရင် အကြောင်းမဟုတ်ပါဘူး။
အခုက သတိပေး ဆိုင်းဘုတ်ကိုတောင် ဂရုမစိုက်ဘဲ ပစ်နေကြပါတယ်။

 

စီးပွားရေး လုပ်ငန်းရှင်
ကန်ခေါင်းရပ်ကွက်
အမှိုက်ပစ်မယ့် နေရာကို တိတိကျကျ သတ်မှတ်မပေးတဲ့အပြင် အမှိုက်သိမ်းယာဉ်တွေ လည်း ပြည့်ဝလုံလောက်စွာ မရှိဘူး။ စည်ပင်ကအမှိုက်သိမ်းယာဉ်အစီးရေလည်း နည်းတယ်။
လူတွေကိုယ်တိုင်က စည်းကမ်းရှိဖို့ လိုအပ် တယ်။ အမှိုက်မပစ်ရလို့ စာရေးထားတောင် သက်သက်မဲ့ သွားပစ်သလို ဖြစ်နေပါတယ်။
အမှိုက်သိမ်းယာဉ် ရှိနေရက်သားနဲ့ သွားပစ်ကြ တာ သိပ်ပြီး သဘာဝမကျပါဘူး။

 

ဦးတင့်လွင်
ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်
ဆိပ်ငယ်ရပ်ကွက်
ကျွန်တော်တို့ လမ်းမှာတစ်နေ့ကို တစ်ကြိမ် အမှိုက်ကား ပုံမှန်လာပေးမယ်ဆိုရင်တောင် အဆင် မပြေနိုင်ပါဘူး။
ဥပမာ ဝန်ထမ်းမိသားစုဆိုရင် ရုံးသွားနေရတာ နဲ့ အမှိုက်သိမ်းယာဉ်လာတဲ့ အချိန်နဲ့လွဲချော်မှုရှိနိုင် ပါတယ်။ အခုခေတ် အနေအထားအရ ရေမြောင်းထဲ အမှိုက်မပစ်ဘဲ ကမ်းနားလမ်းမှာ သွားပစ်နေတာကို ကျေးဇူးတင်နေရတယ်။ မြောင်းထဲပစ်မယ်ဆိုရင် အနံဆိုးထွက်တာနဲ့ ရေမြောင်းပိတ်ဆို့တာတွေ ဖြစ်နေတာကို တွေ့နေရတယ်။
အဓိကကတော့ စည်ပင်နဲ့ဆိုင်ပါတယ်။ စည်းကမ်းမဲ့ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှဖြစ်လာဖို့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဒေသက သက်ဆိုင်ရာ ဝန်ကြီးတွေတောင် ဒေသအတွက် ကောင်းအောင်လုပ် ပေးတာဆိုလို့ ဘာတစ်ခုမှ မတွေ့ရတဲ့အတွက် ကြောင့်ပါ။

 

ဦးမြင့်လွင်
အတွင်းရေးမှူး
အလယ်ကျွန်းနယ်မြေပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း

အဲလိုမျိုး စည်းကမ်းမဲ့အမှိုက်တွေ မစွန့်ပစ်ရ အောင် အမှိုက်သိမ်းယာဉ် လုပ်ငန်းကို လုပ်နေတာပါ။
ဒါတောင် လူတွေကိုတော်တော်လေး စည်းရုံး ပြောဆိုပြီး လုပ်နေရတယ်။ အခုထိ မြစ်ချောင်း နားကပ်လျက် နေထိုင်သူတွေက အမှိုက်တွေကို မြစ်ချောင်းထဲကို ပစ်နေတာ ရှိနေပါတယ်။လက်ရှိရှိနေတဲ့ အမှိုက်သိမ်းယာဉ်တွေက တမြို့လုံး အနေထားနဲ့ဆိုရင် လုံလောက်မှုမရှိပါဘူး။ အမှိုက်သိမ်းယာဉ်တွေသာ လုံလုံလောက်လောက် ရှိလာမယ်ဆိုရင် စည်းကမ်းမဲ့ အမှိုက်ပစ်စနစ်လည်း  ပပျောက်သွားနိုင်ပါတယ်။

 

အသက် ၄၀ ကျော် အမျိုးသားတစ်ဦး
ဆိပ်ကမ်းရုံးလမ်း၊ ဆိပ်ငယ်ရပ်ကွက်

အမှိုက်မပစ်ရလို့ ဆိုင်းဘုတ်ရေးထားတာ သွားပစ်တဲ့သူတွေရှိနေတာက ပစ်တဲ့သူစည်းကမ်း မရှိလို့ မဟုတ်ပါဘူး။ အမှိုက်သိမ်းယာဉ်က တစ်လကို တစ်ကြိမ်တောင် မရောက်ဘူးဆိုတော့ စည်းကမ်းရှိချင်ရင်တောင် ရှိလို့မရဘူး ဖြစ်နေပါ တယ်။ သတ်မှတ်ပေးထားတဲ့ နေရာတွေက ဝေးလွန်း တဲ့အတွက် ဘေးတွဲဆိုင်ကယ်တွေကို ငွေတစ်ထောင် နှစ်ထောင်လောက် ပေးငှားရမ်းပြီး  အမှိုက်တွေကို သွားပစ်ခိုင်း နေရပါတယ်။