မြိတ်ခရိုင် ပုလောမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်၊ မြ၀တီလမ်းနှင့် ဗိုလ်အောင်ချိုလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်နောက်ဖေး မီးဖိုချောင်မှ တဆင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ခုနှစ်ဆယ်ကျော် ပါသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အမှတ်(၁) နှင့် အမှတ် (၂) ရပ်ကွက်တို့ရှိ မီးမကူးစေရန် ဓနိမိုး၊ ထရံကာ၊ ပျဉ်ကာဖျက်ဆီးခဲ့ရသော နေအိမ်များ အပါအ၀င် စုစုပေါင်း နေအိမ် ၇၂ လုံး ပျက်စီးခဲ့ကြောင်း ပုလောမြို့နယ် ရဲစခန်းမှ ရဲအုပ် စိုးကြည်က ပြောသည်။
ယင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၈ ခု၊ အိမ်ထောင်စု ၃၄ စု မှ လူဦးရေ စုစုပေါင်း ၁၆၇ ဦး မီးဘေးဒုက္ခကြုံတွေ့ရပြီး ပုလောမြို့ အမှတ်(၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိကမ်းရိုးတန်းရတနာခမ်းမနှင့် လယ်ဝဲကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားကြောင်း ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“မီးလောင်တာကတော့ လျှပ်စစ်မီး ရေနွေးအိုးတည်ရာမှ ပေါက်ကွဲပြီး ထလောင်တယ်လို့တော့ ပြောသံကြားတယ် အတိအကျတော့ မပြောနိုင်သေးဘူး”ဟု ပုလောမြို့ခံ ဦးသန်းနွယ်က ပြောသည်။
ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ခန့်မှန်း သိန်း ၉၀ ကျော်ဖိုး ဆုံးရှုံးသွားခဲ့ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဋ္ဌာနက ထုတ်ပြန်သည်။
ထို မီးလောင်မှုကြောင့် မီးအားပေါ့ဆစွာ သုံးစွဲခဲ့သည်ဟုဆိုသူ ဦးဇော်ငယ်(ခ) ခင်ဇော်အား (ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပုလောမြို့နယ် ရဲစခန်းမှ သိရသည်။
![20150201_163641 [Max Width 640 Max Height 480]](http://206.189.85.235/wp-content/uploads/2015/02/20150201_163641-Max-Width-640-Max-Height-480-533x400.jpg)
![20150201_163717 [Max Width 640 Max Height 480]](http://206.189.85.235/wp-content/uploads/2015/02/20150201_163717-Max-Width-640-Max-Height-480-533x400.jpg)