မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဓမင်းဆိပ်ကျေးရွာမှ လူငယ်သုံးဦးမှာ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်အတွင်းရှိ ရော်ဘာခြံတစ်ခုအတွင်း အသတ်ခံလိုက်ရကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က သတင်းထုတ်ပြန်ထားသည်။

အသက် ၁၄၊ ၂၂ နှင့် ၂၉ နှစ်အရွယ် အသီးသီးရှိသော ယင်းလူငယ်သုံးဦးမှာ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခန့်တွင် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းမှ ဦးထူးချစ်က ဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအစိုးရကို အကူအညီတောင်းထားကြောင်း ယင်းကဆိုသည်။
ထိုအလုပ်သမားသုံးဦးကို သတ်သည်ဟု ယူဆရသူများကို ဖမ်းဆီးထားပြီး အလုပ်သမားများကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သြင်္ဂုလ်မည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံရှိ ရော်ဘာခြံများတွင် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများ မကြာခဏ အသတ်ခံရလေ့ရှိသော်လည်း တရားခံကို ဖမ်းမိခြင်းမရှိလေ့ပေ။