မြန်မာ နိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့ အနီး ပါချန်မြစ်လယ် မြန်မာရေပိုင်နက်အတွင်း ဘင်္ဂါလီ လူမျိုးများအား ထိုင်းဘက်မှ လာရောက်စွန့်ပစ်မှုများ ယနေ့အချိန်ထိ ရှိနေသေးကြောင်း တာဝန်ရှိသူနှင့် ဒေသခံအချို့ ထံမှသိရသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း အချုပ်တွင် ဖမ်းဆီးခံထားရသော ခိုးဝင် ဘင်္ဂါလီများကို ပါချန်မြစ်အတွင်းသို့ စက်လှေဖြင့် လာရောက်ပို့ဆောင်ပြီး ယင်းမှတဆင့် ရေလယ်ရှိ ပွဲစားများမှ တဆင့် ငွေပေးနိုင်သူ အချို့ကို ထိုင်းဘက်သို့လည်းကောင်း၊ အချို့ကို ကော့သောင်းမြို့နယ် အတွင်းရှိ ကျွန်းများသို့ လည်းကောင်း ပို့ဆောင်တတ်ကြောင်း ကော့သောင်းမြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့မှူး တစ်ဦးက ရှင်းပြသည်။
“တခါတလေ ထိုင်းဘက်က ရေလယ်မှာ လာသွန်တဲ့ ဘင်္ဂါလီတွေ ကျွန်းတွေပေါ်မှာ ခိုအောင်းနေထိုင်တယ်ဆိုတာသိရတယ်
၎င်း တို့သည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ငွေမပေးနိုင်ပါက အလုပ်ပွဲစားများက ခေါ်ဆောင်သွားခြင်မရှိဘဲ ကော့သောင်းမြို့ အနီး ပတ်ဝန်ကျင် ကျွန်းများပေါ်တွင် ရက်ပေါင်းများစွာ ပုန်းအောင်းနေ ထိုင်ကြရသည်ဟု ကော့သောင်း-ရနောင်း ပြေးဆွဲနေသော ပဲ့ချိတ်သမားဟောင်း ဦးလှိုင်ဝင်းကဆိုသည်။
အစာရေစာ မစားရသည့်ရက် များလာပါက ကျွန်းနှင့်အနီးရှိ ရွာများပေါ်သို့တင်ကာ ဗလီ လိုက်မေးခြင်း ထမင်းတောင်းစားခြင်းများပြု လုပ်တတ်ကြကြောင်း ကော့သောင်း ဒေသခံ အချို့ကဆိုသည်။
ထိုင်းသို့ ကူးမည်ဟုဆိုကာ ရောက်လာတတ်သော ဘင်္ဂါလီများကို တနင်္သာရီကမ်းရိုးတန်းအတွင်း မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။