မြိတ်နှင့်ပုလောတွင် အမျိုးသမီးအချို့ အဖမ်းခံထားရ

0
2404

စစ်ကောင်စီတပ်က မြိတ်မြို့နှင့်ပုလောမြို့တို့တွင် ဒေသခံအမျိုးသမီးလေးဦးထက် မနည်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ (၂၂) နံနက်တွင် ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာနေ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

“အဖမ်းခံရတာက ဦးလွင်ဦး သမီးနဲ့ချွေးမလို့ သိရတယ်။အဖေကို မတွေ့လို့သမီးကို ဖမ်းတယ်ကြားရတယ်။ ဘာအတွက်ဖမ်းတာလည်းတော့ မသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဦးလွင်ဦးသည် မြဒေါင်ရွာတွင် ကုန်စုံဆိုင်ရောင်းချခြင်းလုပ်ငန်း၊ လယ်လုပ်စက် အငှါးလုပ်ကိုင်ခြင်းလုပ်ငန်းနှင့် ခရီးသည်တင်ကား ပြေးဆွဲသည့်လုပ်ငန်းများ ကိုလုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမသိရသေးဟု ဒေသခံများက ပြောဆိုခဲ့ကြပြီး လက်ရှိတွင် အဆိုပါအမျိုးသမီးနှစ်ဦးကို ပုလောမြို့ ၂၈၅ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံမှသိရသည်။

အလားတူ တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်ကမ်းကျေးရွာမှ မြိတ်မြို့သို့ လာရောက်ခဲ့သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် ၎င်းနှင့်အတူပါလာသူအမျိုးသမီးတစ်ဦးကိုလည်း ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“မြို့ကမင်္ဂလာပွဲအလာမှာ သူတို့သူငယ်ချင်းနှစ်ဦးစလုံး အဖမ်းခံရတယ်ကြားရတယ်။ သူတို့ကကြောင်ငယ်ရပ်ကွက်မှာ တည်းကြတယ်လို့သိရတယ်။ ဘာကြောင့် အဖမ်းခံရလည်းဆိုတာတော့ သေချာ မသိရသေးဘူး”ဟု ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ဒေသခံအချို့ကမူ အမျိုးသမီးတစ်ဦးသာ အဖမ်းခံရသည်ဟု ကြားရကြောင်း ပြောဆိုခဲ့ပြီး Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လယ်သစ်အနောက်ကမ်း ကျေးရွာသို့ စစ်ကောင်စီတပ်များ မကြာခဏဝင်ရောက်လေ့ရှိပြီး တိုက်ပွဲများဖြစ်သည့်အတွက် အနောက်ကမ်းကျေးရွာနေ ဒေသခံအများစုမှာ နီးစပ်ရာ ကျေးရွာများနှင့်မြိတ်မြို့တို့တွင် လာရောက် စစ်ဘေးရှောင် နေထိုင်နေကြပြီး အနည်းစုသာ ရွာတွင်နေထိုင်နေကြသည်ဟု ဒေသခံများ ကပြောသည်။

အဆိုပါ အမျိုးသမီးများ အဖမ်းခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ သတင်းချန်နယ်များနှင့် တယ်လီဂရန်များတွင် ရေးသားထားခြင်းမျိုး မတွေ့ရသေးပေ။

စစ်ကောင်စီက ပုလောနှင့်တနင်္သာရီမြို့တို့ကို ဖေဖော်ဝါရီ ၂ ရက်ကစစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဒေသအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးလာနေသလို ပြည်သူများအပေါ် ဖမ်းဆီးစစ်ဆေးမှုများလည်း များပြားလာနေသည်။