တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2228

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၁၆ ရက်နေ့ မှ ၂၂ ရက်နေ့အထိ

လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံနေရတဲ့ ပဇီကြီး

လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာဟာ ဧပြီလ ၂ဝရက်နေ့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရပါတယ်။

ပဇီကြီးရွာဖြစ်ရပ်ဟာ အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေထဲမှာ လူဦးရေ အများဆုံး ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာမှာ ဧပြီလ ၁၁ ရက် မနက်က ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲမှာ ကျွေးမွေးဧည့်ခံနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့် ကလေးငယ် ၄၀ အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူတွေရဲ့ နာမည်တွေနဲ့တကွ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၁၂၀ ဦးဟာ ပဇီကြီးရွာသားတွေ ဖြစ်ပါတယ်။

Yak-130 တိုက်လေယာဉ်၊ A5 တိုက်လေယာဉ် နဲ့ Mi-35 ရဟတ်ယာဉ်တွေကို အသုံးပြုတိုက်ခိုက်သွားတာလို့လည်း ပြောဆိုထားပါတယ်။

သေဆုံးသူတွေထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြည်သူ့လုံခြုံရေး (ပလဖ) ၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင် ၁၇ ဦးပဲ ပါဝင်ပြီး ကျန်တာတွေက အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ဘက်ပစ်မှတ်တစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီဘက်က

ပြောဆိုထားပါတယ်။

NUG ဘက်ကတော့ အများပြည်သူ မြင်သာတဲ့ လမ်းမဘေးမှာ ဆောက်ထားတဲ့ အဆောက်အအုံဖြစ်ပြီး စစ်စခန်းလည်း မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။  

အဲဒီနောက် ဧပြီလ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ပဇီကြီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပါတယ်။

ဧပြီလ ၂ဝရက် မွန်းလွဲပိုင်းမှာတော့ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဇီကြီးအပါအဝင် အနီးဝန်းကျင် ရွာရှစ်ရွာက ဒေသခံ ခုနစ်ထောင်ကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒေသခံတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရသလို အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။

……………………………………

နိုင်ငံရေးအကျဉ်းသားသုံးဦးပဲပါတဲ့ စစ်ကောင်စီလွတ်ငြိမ်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသားသုံးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုရာမှာ နိုင်ငံရေးအကျဉ်းသားသုံးဦးပဲပါဝင်ပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ဦးကို ဧပြီလ ၁၇ ရက်မှာ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားသုံးဦးပဲ ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လွတ်ရက်ပြည့်ခါနီးနေပြီဖြစ်တဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းနဲ့ နောက်ထပ်အမျိုးသားနှစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက လွတ်ငြိမ်းခွင့်တွေပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါဝင်ပြီး ရာဇဝတ်မှုနဲ့ ထောင်ကျနေသူ အများစု ပါဝင်လေ့ရှိတာကြောင့် ပြည်သူလူထုအကြား ဝေဖန်မှုတွေရှိနေချိန် အခုတစ်ကြိမ်မှာလည်း နိုင်ငံရေးအကျဉ်းသားသုံးဦးပဲ ပါလာတာပါ။

လွတ်ငြိမ်းခွင့်ရသူအများစုဟာ မူးယစ်ဆေးဝါးအမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရသူတွေဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေ ဖြိုဖျက်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီး တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေလည်း လွတ်မြောက်တဲ့ စာရင်းထဲမှာ ပါတယ်လို့ ဘီဘီစီသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

လွတ်ငြိမ်းခွင့်မှာ ပါသူတွေဟာ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တာပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် ဧပြီလ ၂၁ရက်အထိ ဖမ်းဆီးခံထားရသူ ၁၇၅၀၀ ကျော်ရှိပြီး အဲဒီထဲက ၅၆၀၀ ကျော်ဟာ ထောင်ဒဏ်ကျခံနေရတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၅၂ ဦးရှိတယ်လို့ ဆိုပါတယ်။

……………………………………

ဆက်တိုက်လုပ်ဆောင်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

ယခုသီတင်းပတ်အတွင်း မကွေးတိုင်း၊ ချင်း၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ် လောင်းဘိုလေးရွာမှာရှိတဲ့ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဧပြီလ ၂၀ ရက်နေ့ မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ရုံးအဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသလို ရုံးလည်း ပျက်စီးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်တာပြီးတဲ့နောက်မှာ စစ်ကြောင်းထိုးလာလို့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်ထဲက မန်ကျည်းကန်ရွာလည်း လေကြောင်းတိုက်ခိုက်တာခံရပြီး ဆေးရုံပါ ပျက်စီးသွား ပါတယ်။ တိုက်ပွဲတွေ မရှိဘဲ စစ်ကောင်စီတပ်က ဧပြီလ ၁၈ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ရဟတ်ယာဉ်နဲ့ စစ်အင်အားချသလို မြေပြင်ကလည်းစစ်ကြောင်း ဝင်လာတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က လှူဒါန်းထားတဲ့ ဆေးရုံ ပျက်စီးတယ်လို့ ဆိုပါတယ်။ အသက် ၁၆နှစ်အရွယ် ရွာသားတစ်ဦး အသတ်ခံရသလို ရွာသား ၃၀ ဝန်းကျင်လည်း ဖမ်းခေါ်ခံရတယ်လို့ ဖော်ပြကြပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ တိုက်နယ် (၁) က ပန်ပါရွာကို ဧပြီလ ၁၆ရက်မှာ လေကြောင်းကနေ ဗုံး ၁၇လုံးချပြီး တိုက်ခိုက်တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာလို့ ချင်းကာကွယ်ရေးအဖွဲ့ (မင်းတပ်) က ထုတ်ပြန်ပါတယ်။

အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အရပ်သား အမျိုးသမီးနှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်သို့ စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းတွေ လမ်းတစ်လျှောက် တိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာပါ။

ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း (၆) ကိုလည်း စစ်ကောင်စီက ဧပြီလ ၁၉ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာ လူထိခိုက်သေဆုံးတာမရှိပေမယ့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု ရှိတယ်လို့ KIA ဘက်က ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ရွာဘက်မှာလည်း ကရင်လွတ်မြောက်ရေးတပ် KNLA မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကောင်စီတပ်က ဧပြီလ ၂ဝရက်နဲ့ ၂၂ ရက်နေ့တွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

……………………………………

မြန်မာ့အရေးဆွေးနွေးဖို့ ဂျပန်ကိုသွားတဲ့ ကုလအထူးကိုယ်စားလှယ်

မြန်မာနိုင်ငံမှာ ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး ဂျပန်နိုင်ငံသို့ သွားရောက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဂျပန်ရဲ့ဦးဆောင်မှုဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာလည်း ဆက်လက်တိုးလာနေသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ကြီးမားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို အထီးကျန်အောင်လုပ်ဖို့၊ စစ်ကောင်စီရဲ့ အာဏာတွေကို ဖယ်ရှားနိုင်ဖို့အတွက် ဂျပန်အစိုးရကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ အထူးကိုယ်စားလှယ်ဟာ ဂျပန်နိုင်ငံသို့ ဧပြီလ ၁၉ ရက်ကနေ ၂၈ ရက်အထိ ဆယ်ရက်ကြာ သွားရောက်နေတာဖြစ်ပါတယ်။

……………………………………

သတင်းစာဆရာဦးကျော်မင်းဆွေ၊ အနုပညာရှင် ရွှေရည်သိန်းတန်၊ မေပန်းချီ၊ မေလသံစဉ်တို့ ဖမ်းဆီးအမှုဖွင့်ခံရ

The Voice Weekly Journal အယ်ဒီတာချုပ် သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ အဆိုတော်ရွှေရည်သိန်းတန်၊ သရုပ်ဆောင်မေပန်းချီနဲ့ အဆိုတော်မေလသံစဉ်တို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထား ပါတယ်။

ပဇီကြီးဖြစ်ရပ်နဲ့ ပတ်သက်လို့ Facebook လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း အနက်ရောင်ပရိုဖိုင်ပြောင်းတာ၊ ရေးသားတာတွေကြောင့် အခုလို ဖမ်းဆီးအမှုဖွင့်ခံရတာပါ။

ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့က နေအိမ်တွေမှာ လိုက်လံဖမ်းဆီးပြီး အောင်သပြေရဲရိပ်သာ စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဆယ်ရက်လောက်အကြာမှာ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေကို လွှဲပြောင်းပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တာပါ။

အဆိုတော်ရွှေရည်သိန်းတန်နှင့် သရုပ်ဆောင် မေပန်းချီကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အဆိုတော်မေလသံစဉ်ကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဦးကျော်မင်းဆွေကို စမ်းချောင်းမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဦးကျော်မင်းဆွေဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာလည်း အတွင်းရေးမှူးတာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

……………………………………

နေပြည်တော်မှာ လေဆင်နှာမောင်းတိုက်လို့ လူရှစ်ဦးသေဆုံး

နေပြည်တော် လယ်ဝေးမြို့နယ်မှာ လေဆင်နှာမောင်းတိုက်တာကြောင့် လူရှစ်ဦးသေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေကြရပါတယ်။

တံတားဦးနဲ့ အောင်မြင်ကုန်းရွာတွေမှာ ဧပြီလ ၂၁ ရက် ည ၆နာရီခွဲဝန်းကျင်လောက်မှာ လေဆင်နှာမောင်းတိုက်တာ ကြောင့် တစ်ရွာလုံးနီးပါးက နေအိမ်တွေ ပြိုလဲတာ၊ အမိုးလန်ပျက်စီးတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

တံတားဦးမှာ အိမ်ခြေ ၇၇လုံးပျက်စီးပြီး အောင်မြင်ကုန်းမှာ ၁၅၅လုံး ပျက်စီးတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာထားသူတွေမှာ စိုးရိမ်ရတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကနီနဲ့ ဘုတလင်မြို့နယ်တွေမှာလည်း ဧပြီလ ၂၁ရက် ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။ ကနီမြို့နယ်ထဲက ကျေးရွာ ရှစ်ရွာက နေအိမ် ၁၅၀ ကျော် ပျက်စီးပြီး ဘုတလင်မြို့နယ်ထဲက ရွာတစ်ရွာမှာ ၅၀ လောက် ပျက်စီးတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

……………………………………

အပူဒဏ် ပိုခံစားလာရ

လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေချိန် နွေနေအပူချိန်မြှင့် တက်လာမှုကြောင့် အပူဒဏ်ကို ပြည်သူတွေ ပိုမိုခံစားနေကြရပါတယ်။

ပြီးတဲ့သီတင်းပတ်က စပြီး အပူချိန်တွေ မြင့်တက်လာတာကြောင့် အပူဒဏ်ကို သိသိသာသာ ခံစားလာကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ အပူဒဏ်ကို ပိုမိုခံစားနေကြရတာပါ။

မကွေးတိုင်းမှာ ၄၅ ဒီဂရီ စင်တီဂရိတ်အထိရှိမြင့်တက်ခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ မကွေးက ပြည်သူတွေကတော့ မလုံခြုံမှုကြောင့် ပူပန်ကြရ၊ ထွက်ပြေးတိမ်းရှောင်ကြရသလို အပူဒဏ်ကိုပါ ခံစားလာကြရတာပါ။ 

ဧပြီလထဲမှာ ပျမ်းမျှအပူချိန်ထက် ကျော်လွန်နေတယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မိုးရွာရင် အပူချိန်လျော့လာမှာဖြစ်ပေမယ့် နေရာအများစုမှာ မိုးရွာနိုင်ခြေမရှိသေးတဲ့အတွက် မုတ်သုံမဝင်ခင် အထိ အပူဒဏ်ကို ခံစားရနိုင်တယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ဒါကြောင့် အပူဒဏ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာနေထိုင်ကြဖို့ တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။

……………………………………

ဝန်ထမ်းလစာ တိုးပေးဖို့မရှိ

နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဝန်ထမ်းတွေကို လစာနှုန်းထားတိုးမြှင့်ပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီက ပြောဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို လစာ တိုးမြှင့်ပေးမယ်ဆိုတဲ့ သတင်းတွေ ယခုသီတင်းပတ်အတွင်း ထွက်ပေါ်နေတာပါ။

အဲဒီသတင်းဟာ ကောလာဟလသာ ဖြစ်ပြီးတော့ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားကတော့ အခုရရှိနေတဲ့အတိုင်းပဲ ဆက်လက်ရရှိမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ပြောတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ ဧပြီလ ၂၂ ရက်က ဖော်ပြပါတယ်။

တခြားတစ်ဖက်မှာတော့ စစ်အာဏာသိမ်းကာလအတွင်း ကာကွယ်ရေးအသုံးစရိတ်တွေကို စံချိန်တင်သုံးစွဲနေတာပါ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ကျော် သုံးစွဲမှာဖြစ်ပါတယ်။

……………………………………