ကမ်းနားဈေးဝန်းကျင်ရှိ ပျံကျဈေးသည်များအား ဈေးရုံအတွင်း ရွှေ့ မည်

0
492

ထားဝယ်မြို့ရှိ ကမ်းနားဈေး အနီး တစ်ဝိုက်တွင် လမ်းပိတ်ဆို့မှုများ နေ့စဉ် နီးပါး ဖြစ်ပေါ်နေခြင်းကြောင့် လမ်းမ ပေါ် ရောင်းချနေသည့် ပျံကျ ဈေးသည် များနှင့် ကုန်စိမ်းဆိုင်များအား မေလ ဒုတိယအပတ်တွင် ဈေးရုံ အတွင်း နေရာ ပြောင်းရွှေ့ပေးသွားမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။


လက်ရှိ ငါးဈေးတန်း နေရာတွင် ကုန်စိမ်းဆိုင်များအား နေရာချထားမည် ဟု အထက်ပါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ငါးရောင်းချနေသည့် ဈေးသည် များအား ဈေးအနောက်ဘက်ရှိ အသစ် တည်ဆောက်ထားသည့်   ဈေးရုံများသို့ ပြောင်းရွှေ့ နေရာချထားပေးမည်ဟု အ ထက်ပါ တာဝန်ရှိသူက ပြောသည်။
” လမ်းမပေါ် တင်ရောင်းနေတဲ့ ဆိုင်တွေကို ဈေးရုံအတွင်း စနစ်တကျ လုပ်လိုက်ရင် လမ်းက ပွင့်သွားလိမ့်မယ်”   ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

dawei_market
ထို့အပြင် ပျံကျဈေးသည်များ ကိုလည်း အဆိုပါ ဈေးရုံသစ်နံဘေးရှိ မြေကွက်လပ်တွင်     နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။
ယာဉ်များကိုလည်း အာဇာနည် လမ်းပေါ်တွင် မရပ်စေဘဲ ဆိပ်ကမ်း သာလမ်းဘက်တွင် ယာဉ်ရပ်နားစေရေး အတွက် ယာဉ်ထိန်းရဲများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။
ကမ်းနားဈေးတွင် နံနက် ၆ နာရီခန့်မှ စတင်ကာ လမ်းပိတ်ဆို့မှုများ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေပြီး သုံးဘီး ဆိုင်ကယ်များ လမ်းမပေါ်ရပ်နားကာ ပစ္စည်းအတင်အချ လုပ်ဆောင်နေခြင်း များက လမ်းပိတ်ဆို့မှု ဖြစ်စေသည့် အဓိက အကြောင်းအရာ ဖြစ်သည်ဟု ကမ်းနားဈေးအနီး ဆိုင်ရောင်းချနေသည့် အသက်  ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။