တူရကီအစ္စတန်ဘူမြို့လယ် လူစည်ကားရာနေရာတွင် ဗုံးပေါက်၊ လူ ၆ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရ

0
3452

မြို့တော်အစ္စတန်ဘူ၏ လူစည်ကားရာနေရာတခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ လူ ၆ဦးသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းက အာဏာပိုင်များကို ကိုးကားပြီး ဖော်ပြထားသည်။

ဒေသစံတော်ချိန် ညနေ ၄နာရီကျော်တွင် တက်ဆင်ရင်ပြင်အနီး လူစည်ကားရာ စျေးဝယ်နေရာတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု အစ္စတန်ဘူမြို့တော်ဝန် အလီယာလီကာယာ က ပြောကြားသည်။

ပေါက်ကွဲမှုသည် အမျိုးသမီးတစ်ဦးက လုပ်ဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ကြောင်း ဒုတိယသမ္မတ ဖော့အော်တေ က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ရာနေရာ အနီးမှ ခုံတန်းတွင် အမျိုးသမီးတစ်ဦး အတော်ကြာအောင် မိနစ် ၄၀ ခန့် ထိုင်နေခဲ့ပြီးနောက် ပေါက်ကွဲမှု မဖြစ်ခင် ထထွက်သွားခြင်း ဖြစ်သည်ဟု တရားရေး ဝန်ကြီးကလည်း ပြောကြားသည်။

ကျူးလွန်သူများကို အပြစ်ပေးမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် က ပြောကြားခဲ့သည်။

အခင်းဖြစ်ရာ နေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်ပေါင်းများစွာ နေရာချထားပြီး ၊ ရဟတ်ယာဉ်များလည်း ပျံသန်းနေကြောင်း အဆိုပါနေရာနားရှိ BBC သတင်းထောက်က သတင်းတင်ဆက်သွားသည်။

အကြမ်းဖက်တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်း ရှိနေခြင်းကိုမူ မသိရသေးပေ။