အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
455

အခန်း(၁၈)

“ရှာဖွေရေးလည်းလွတ်ပါစေ..အဖမ်းအစီးလည်းကင်းပါစေ..‌စျေးပိုလေးလည်းရပါစေ..သွားလမ်းသာ လာလမ်းဖြောင့်ပါစေ”

တောင်းရမ်းစားသောက်သူအဘွားအို၏ အသံက မုတ္တမဘူတာကြီးထဲ ပျံ့လွင့်နေသည်။

မကြာမီ ရထားထွက်တော့မည့် ဂလိုင်ခေါက်သံထွက်ပေါ်လာပြီး ဘူတာကြီးက ရုတ်ချည်းဆူညံသွားသဖြင့် အဖွားအို၏ အသံပင် ပျောက်ကွယ်သွားတော့၏။

စင်္ကြန်ပလက်ဖောင်းတံခါးများ ကို ဘူတာရုံဝန်ထမ်းများက ပိတ်လိုက်ကြသည်။

မီးစိမ်းပြီ။ အလံချိုးပြီ။ ရန်ကုန်သို့ စုန်မည့် ရထားထွက်တော့မည်။

တနည်းအားဖြင့် မှောင်ခိုကုန်အပြည့်ပါသည့် ရထားကြီး။

ရထားက ဥသြဆွဲပြီ။

မုတ္တမဘူတာမှ အထွက်တွင် ရထားက အရှိန်ရစပြုလာ၏။

ရထားအတက်အဆင်းအပေါက်များ၊ ပြတင်းပေါက်များမှ လူအများကိုယ်တစ်ပိုင်းထွက်လာကြသည်။

“လိုင်းဂီယာဆွဲပြီးတာနဲ့ ခေါင်မိုးပေါ်တက်ရှောင်နော်…ရှေ့ဘူတာမှာ စစ်ဆေးရေးရှိတယ်…မင်းတို့မျက်ခွက်တွေ မြင်တာနဲ့ သေချာပေါက်စစ်မှာပဲ”

သတိပေးအော်ဟစ်လိုက်သူက မှတ်ကြီး (ခေါ်) နိုင်ကိုဝင်း။

စံသိန်း၏ တပည့်။ မုတ္တမ – မော်လမြိုင် ရထားကို မုပ္ပလင်ဘူတာအထိ အပိုင်စားရသော တွဲပိုင်လူမိုက်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် လူသုံးကုန်ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများကို ချုပ်ချယ်ကန့်သတ်လိုက်မှုကြောင့် လူအများစုမှာ ထိုင်းနိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်းများကို တရားမဝင်မှောင်ခိုလမ်းကြောင်းမှ တင်သွင်းလာကြသည်။

အထူးသဖြင့် မဲဆောက်မြို့မှ မော်လမြိုင်မြို့သို့ မှောင်ခိုပစ္စည်းများကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် သယ်ယူကြသည်။

ဂျိုင်းမြစ်ကြောင်းတစ်လျှောက် ကျုံဒိုး သံလယ် ကော့ဘိန်း ဇာသပြင်ရွာများအား ရေကြောင်းဖြင့် စုံဆင်းပြီး မော်လမြိုင်အရှေ့ဘက် ညောင်ပင်ဆိပ်ရွာသို့ ဝင်ကြသည်။

ညောင်ပင်ဆိပ်ရွာမှတဆင့် အတ္တရံမြစ်ကိုဖြတ်ကာ ကုန်းကြောင်းဖြင့် လယ်ကွင်းများကို အထပ်ထပ်ဖြတ်ကျော်ပြီး မော်လမြိုင်သို့ ဝင်ကြသည်။

မော်လမြိုင်၊ ရွှေမြိုင်သီရိရပ်ကွက်ရှိ မှောင်ခိုဒိုင်များဆီသို့ ရောက်လာသောပစ္စည်းများကို ရန်ကုန်နှင့် အခြားမြိုကြီးများသို့ ဖြန့်ကျက်ရန် ပြင်ကြသည်။

မော်လမြိုင်မှ ရထားလမ်းဘူတာရုံရှိသော မုတ္တမသို့ ဇက်များ၊ ပဲ့တောင်များဖြင့် ပစ္စည်းများတင်ကြရသည်။

မော်လမြိုင်စျေးနှင့် ဇက်ဆိပ်ရှိ ရဲအကောက်အခွန်များကို လွတ်အောင်ရှောင်လာနိုင်သော မှောင်ခိုကုန်များမှာ မုတ္တမဘူတာသို့ တိုက်ရိုက်သွားကြသည်မဟုတ်။

မုတ္တမဘူတာတွင် ရှာဖွေရေးက စီးဖမ်းလိုက်သဖြင့် နယ်စပ်က သယ်လာသမျှ ဆုံးရှုံးခဲ့ပေါင်းများခဲ့သည်။

ထို့ကြောင့် မုတ္တမဘူတာအကျော်လယ်ကွင်းများထဲသို့ ပို့ကြသည်။

ထိုလယ်ကွင်းများထဲမှ လူများက ရထားပေါ်တွင် ပါလာသောမှောင်ခိုသမားများနှင့် ချိတ်ဆက်ကာ လိုင်းဂီယာနည်းဖြင့် ပစ္စည်းများကို ရထားပေါ်သို့ တင်လေ့ရှိကြသည်။

လိုင်းဂီယာဆိုသည်မှာ မီးရထားဌာနအခေါ်အားဖြင့် Line Clear Certificate လမ်းကြောင်းရှင်းစာရွက် မှ ဆင်းသက်လာခြင်းဖြစ်သည်။

အမြန်ရထားများသည် ကြားဘူတာများတွင် မရပ်သဖြင့် ကြားဘူတာမှ ဝန်ထမ်းများသည် ရှေ့တွင် လမ်းကြောင်းရှင်းမရှင်း တာဝန်ခံအကြောင်းကြားသည့် လမ်းကြောင်းရှင်းစာရွက်ကို မီးရထားဥပဒေအရ အမြန်ရထားပေါ်ပေးပို့သည့် နည်းလမ်းရှိသည်။

ထိုနည်းလမ်းမှာ အချင်းနှစ်ပေခန့်ရှိသော ကြိမ်ကွင်းတွင် လမ်းကြောင်းရှင်းစာရွက်ကို ပတ်ချည်ကာ ဘူတာရုံဝင်ထမ်းက ရထားလမ်းဘေးရပ်ကာ ထောင်ထားရသည်။

ရထားလာသောအခါ ရထားပေါ်မှ ဝန်ထမ်းက ရထားအတက်အဆင်းပေါက်တွင် တွဲလဲခိုကာ သူ၏ လက်မောင်းကို ကြိမ်ကွင်းတွင် လျှိုသွင်းကာယူလိုက်ခြင်းဖြင့် လမ်းကြောင်းရှင်းစာရွက်ကို ယူရသည်။

မှောင်ခိုသမားများကလည်း ထိုနည်းကို မီးရထားဝန်ထမ်းများထံမှ အမွေရလိုက်ကြသည်။

ဘူတာနှင့်ခပ်လှမ်းလှမ်းလယ်ကွင်းများတွင် မှောင်ခိုပစ္စည်းအထုတ်များကို အလောတော်အနေအထား ထုပ်ကာ ကြိမ်ကွင်းများတွင် သိုင်းချည်ကြသည်။

ထို့နောက် လူတန်းရှင်ကြီးက မှောင်ခိုထုတ်များချည်ထားသည့် ကြိမ်ကွင်းများကို ကိုင်ကာ ရထားသံလမ်းနဘေး စောင့်ကြရသည်။

ရထားအရှိန်ဖြင့်လာသောအခါ ကြိမ်ကွင်းများကို မြောက်ပေးထားကြ၏။

ရထားတွဲများပေါ်တွင် ပါလာသော မှောင်ခိုသမားများက ပြတင်းပေါက်များ၊ အတက်အဆင်းပေါက်များမှ ကိုယ်တစ်ပိုင်းထွက်ကာ လက်မောင်းဖြင့် ကြိမ်ကွင်းကို ရအောင်လျှိုသွင်းကာ အထုပ်များကို ရထားပေါ်တင်ကြသည်။

ရထား၏အရှိန် ကြိမ်ကွင်းထုပ်၏အလေးချိန်ဖြင့် ရထားပေါ်မှ ပြုတ်ကျသူများရှိခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျွမ်းကျင်ရာလိမ္မာလာကြတော့သည်။

ထိုသို့ လိုင်းဂီယာဆွဲပြီးသည်နှင့် ပစ္စည်းများကို မီးရထားပေါ်တွင် သေချာအထိုင်ချကြသည်။

ကြားဘူတာများတွင် စစ်ဆေးရေးရှိသည်ဆိုပါက မှောင်ခိုသမားများမှာ မီးရထားခေါင်မိုးများပေါ်မှ လိုက်စီးကြရသည်။

စစ်ဆေးရေးများသည် မှောင်ခိုသမားများ မျက်နှာကို မြင်သည်နှင့် သိနေကြပြီဖြစ်သဖြင့် ရှောင်နေကြသည့်သဘောဖြစ်သည်။

ယခုလည်း မုတ္တမဘူတာကို ကျော်လာသည်နှင့် မှောင်ခိုသမားအားလုံး လိုင်းဂီယာဖြင့် ပစ္စည်းများကို ရထားပေါ် အထိုင်ချပြီးပြီဖြစ်သည်။

ရထားအရှိန်ခေတ္တလျော့သည့်အချိန်တွင် အတော်များများမှာ ရထားခေါင်မိုးပေါ်သို့ တက်လာကြတော့၏။

တွဲပိုင်လူမိုက် မှတ်ကြီးသည်လည်း ရထားခေါင်မိုးပေါ်သို့ ရောက်လာပေပြီ။

မှောင်နှင့်မဲမဲမို့ တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရသော်လည်း ရထားခေါင်မိုးပေါ် ရှိနေသူအားလုံးသည် မှောင်ခိုသမားတွေချည်းမှန်းသော သိထားကြသည်။

ရထားအရှိန်ကြောင့် တဖြူးဖြူးတိုက်နေသောလေတွင် မှတ်ကြီးက ကွမ်းယာကို အားစိုက်ဝါးနေသည်။

လူမိုက်မှတ်ကြီး တက်ထိုင်နေသော ခေါင်မိုးဖြစ်သဖြင့် မည်သူမှ အနားမကပ်ပဲ ခပ်လှမ်းလှမ်းကပင်လိုက်ပါလာကြသည်။

မှတ်ကြီး၏ မလှမ်းမကမ်းတွင် မှောင်ခိုသမားနှစ်ယောက်သာရှိနေ၏။

ရှေ့တွင် ချောင်းကူးတံတားရှိသဖြင့် အားလုံးက ရထားခေါင်မိုးပေါ်တွင် ဝမ်းလျားလှဲမှောက်လိုက်ကြသည်။

တံတားအနီးသို့အရောက်တွင် မှတ်ကြီး၏ အနီးတွင် မှောက်နေသော လူတစ်ဦးမှ ရှေ့သို့ ဝမ်းလျားမှောက်တက်ကာ မှတ်ကြီး၏ တလပ်လပ်လွင့်နေသော ပလေကပ်ပုဆိုးကြားသို့ လက်ကို လျှိုသွင်းလိုက်သည်။

ခြေသလုံးတံခေါက်ကွေးကို ရုတ်တရက်ဖိလှီးခံလိုက်ရသည့် နာကြင်မှုကြောင့် မှတ်ကြီးသည် အမှတ်တမှတ် မှောက်နေရာမှ ကုန်းထလိုက်သည်။

“ဘန်း….ဝရုန်း….”

မှတ်ကြီး၏ ခေါင်းနှင့် ရထားချောင်းကူးတံတားသံပေါင်အမိုးတို့ ရိုက်မိပြီး မှတ်ကြီး၏ ခန္ဓာကိုယ်မှာ ရထားပေါ်မှ အရှိန်ဖြင့် လွင့်ကျသွားတော့သည်။

“တစ်ယောက်ကျသွားပြီဟေ့”

“အား..သေပြီထင်တယ်”

မှောင်ခိုသမားတို့အတွက် ထိုကိစ္စမှာ အထူးအဆန်းတော့မဟုတ်။

ထို့ကြောင့် ထိုအာမေဋိတ်သံများလောက်နှင့်ပင် ပြီးသွားခဲ့သည်။

ရှေ့ဘူတာအရောက်တွင် ရထားအရှိန်လျော့သွား၏။

မှတ်ကြီးတက်ထိုင်ခဲ့သော ရထားခေါင်မိုးပေါ်မှ လူနှစ်ယောက်က အသာလေးခိုဆင်းလာသည်။

ဘူတာသို့ စဝင်သည်နှင့် ရထားပေါ်မှ သူတို့ ဆင်းလိုက်ကြသည်။

“တွေ့လား..ကိုစန်းထွန်း..ကျွန်တော့်ဘယ်လိုလုပ်လိုက်လဲဆိုတာ”

“ခက်တာပဲ..မောင်ကြေး..ငါက မင်းလို ဘလိတ်ဓါးမကိုင်တတ်ဘူး..ဓားမနဲ့ပဲ ခုတ်တတ်တာ”

“အဲ့ဒါဆိုလည်း အချွန်တစ်ခုခုဆောင်ထားပြီး တံတားနားနီးမှ ခြေထောက်ကိုဖြစ်ဖြစ် စောင့်ထိုးလိုက်ပေါ့ဗျာ”

ကိုစန်းထွန်းက ကြေးမုံကို ခေါင်းညိတ်ပြလိုက်သည်။

………………………………..

မတ်လ (၁၇)ရက်နေ့။

ကြေးမုံ အိမ်ပြန်နောက်ကျသည်။

“အကို…ခင်ဗျားအတွက် ကြေးနန်းရောက်နေတယ်”

“ဘယ်ကလဲ..မြိုင်”

“ကျိုက်ထိုက”

မြိုင်က ကြေးမုံ၏ လက်ထဲသို့ ကြေးနန်းစာကို ပေးလိုက်သည်။

“စံသိန်း ငါ့အိမ်လာသွား.. ကျိုက်ထိုကို မင်းလာခဲ့စေချင်…ဘိုပြား”

“ဘာဟင်းချက်လဲ..မြိုင်”

“ငါးသလဲထိုးအိုးကပ်”

“အကို..မနက်ဖြန်ခရီးသွားမယ်..ပြင်စရာရှိတာ ပြင်ပေးထားတော့”

………………………………..

“ကဲ..ဘိုပြား..ဘယ့်နှယ်လဲ…ကျွန်တော့်ကို စောက်ကြီးစောက်ကျယ်ပြောတယ်ဆို..”

“အေးပါ..ငါ့ကောင်ရာ..‌ပြောမှားဆိုမှားရှိလည်း ခွင့်လွှတ်ပါ…ခဏနေ..စံသိန်း ရောက်လာလိမ့်မယ်”

မကြာမီ ဘိုပြား၏ အိမ်ရှေ့သို့ သုံးဘီးကားတစ်စီး ထိုးရပ်လာသည်။

ကားပေါ်မှ စံသိန်း နှင့် သူ့တပည့်နှစ်ဦး ဆင်းလာ၏။

ကိုစံသိန်းက ယိုးဒယားထုတ်တက်ထရွန်ရှပ်နှင့် မွန်ပုဆိုးအနီကို တွဲဖက်ဝတ်ထားသည်။

အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး၊ လုယက်မှုများနှင့် ထောင်ကျဖူးသူ။ ရန်ကုန် -‌ မုတ္တမရထားမှောင်ခိုလောက၏ ဘုရင် ကိုစံသိန်း။

ဘိုပြားက ပြာပြာသလဲ ထကြိုသည်။

ကြေးမုံ နှင့် ကိုစန်းထွန်းက ဘိုပြားဝယ်ပေးထားသည့် လက်ဖက်ရည်နှင့် ဆီချက်ခေါက်ဆွဲကို စားနေကြ၏။

စံသိန်းက ကြေးမုံတို့ရှေ့ စားပွဲတွင် ဝင်ထိုင်သည်။ သူ့တပည့်နှစ်ယောက်က နောက်တွင် မတ်တပ်ရပ်နေကြ၏။

“ဟိုအကိုတွေလည်း..ထိုင်ပါဗျ..ခင်ဗျားတို့ဟာက ဟောင်ကောင်ရုပ်ရှင်ထဲက လူဆိုးဂိုဏ်းပုံစံပေါက်နေတယ်”

ကြေးမုံက ပြောသဖြင့် စံသိန်းက မျက်ရိပ်ပြလိုက်သည်။ သူ့တပည့်နှစ်ဦးက လွတ်နေသောခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည်။

“မင်းနာမည် ကြေးမုံနော်”

“ဟုတ်တယ်လေ”

“ဟေ့ကောင်လေး…မင်း အခုလို လုပ်နေတာ ဘာသဘောလဲကွ”

စံသိန်းက ရှေ့သို့ ခါးကိုင်းပြီး မေးလိုက်သည်။

ကြေးမုံဘေးတွင် ထိုင်နေသော ကိုစန်းထွန်းက ခါးကြားမှ ဓါးမကြီးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ကြေးမုံက ဆီချက်နှင့် တွဲပေးထားသော ဟင်းချိုကို တစ်ငုံသောက်လိုက်သည်။

“ဘာကိုပြောတာလဲ..ကိုစံသိန်း..ပြောချင်ရင် တည့်တိုးပြော”

“လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း မုတ္တမ ကနေ ပဲခူးအထိက ငါ့လူ (၄)ယောက် ရထားပေါ်က ပြုတ်ကျပြီး အသတ်ခံခဲ့ရတယ်.. အဲ့ဒါ မင်းလက်ချက်မဟုတ်လား”

“ခင်ဗျားကို ဘယ်သူပြောလဲ”

“ဟေ့ကောင်..မင်းငါ့ကို အစကတည်းက ရန်ကုန်က ကိုထွန်းရင်တို့ လွှတ်လိုက်တဲ့လူလို့ ရှင်းရှင်းပြောလေကွာ”

“ဟ…ခင်ဗျားကို ကျွန်တော်လာတွေ့တာပဲလေ..ကိုစံသိန်းရဲ့..ခင်ဗျားအိမ်အောက်ထိ ရောက်လာတာ..ခင်ဗျားကမှ အတွေ့မခံတာ”

စံသိန်းက အံကိုကြိတ်ထားသည်။

ကြေးမုံက ဘေးမှ လက်သုပ်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်၏။

“ကဲ..ကျွန်တော်ဘယ်သူဆိုတာလည်း သိသွားပြီဆိုတော့…အလုပ်ကိစ္စပြောလို့ရပြီလား”

“ပြော..ဘာလဲ..ကျော်ဝင်းဆိုတဲ့ကောင် လာတုန်းက ကိစ္စပဲ မဟုတ်လား”

“ဟုတ်တယ်…ကျွန်တော်က ကြေးမုံနော်..ကျော်ဝင်းလို ရန်ကုန်ကို ကုပ်ချောင်းချောင်းပြန်သွားခဲ့တာ မဟုတ်ဘူးဆိုတာ ခင်ဗျားသိလောက်ပါပြီ..အဲ့ဒီကျော်ဝင်းကိုလည်း ကျွန်တော်ပဲ ပစ်သတ်လိုက်တာ”

ကြေးမုံစကားကြောင့် အခန်းဝတွင် ရပ်ကာ နားထောင်နေသည့် ဘိုပြားပင် မျက်လုံးပြူးသွားသည်။

စံသိန်းက ကြေးမုံကို ကြည့်ရင်း အသက်ရှုသံများမြန်လာသည်။

“ကိုစန်းထွန်း..ခင်ဗျား ဓါးမကြီး ပြန်သိမ်းထားစမ်းပါဗျာ..ဧည့်သည်တွေရှေ့ မကောင်းပါဘူး”

ကြေးမုံပြောစကားကြောင့် ကိုစန်းထွန်းက ဓားမကို ပြန်သိမ်းကာ ခါးကြားထိုးလိုက်သည်။

စံသိန်းက သက်ပြင်းချလိုက်၏။

“ဒါ ငါ့နယ်မြေနော်..ကောင်လေး…ဒီကနေ့ ဟိုဘက်ဆို မုတ္တမ..ဒီဘက်ဆိုပဲခူးအထိက ငါ့အပိုင်တွေပဲကောင်လေး.. မင်းငါ့ကို လာမခြိမ်းခြောက်နဲ့”

“ခင်ဗျားကို ကျွန်တော်ဘာများခြိမ်းခြောက်မိလို့လဲဗျာ…ကျွန်တော်က စကားသိပ်မပြောဘူး..လုပ်စရာရှိတာပဲ ပြတ်အောင်လုပ်တယ်..ပြီးတော့ ကျွန်တော်က ကိုယ့်နယ်မှ ကျယ်ရဲတဲ့ကောင်လည်းမဟုတ်ဘူး”

ကြေးမုံက စံသိန်း၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်သည်။ ကြေးမုံ၏ ဘယ်ဘက်လက်တို့က တဆတ်ဆတ်တုန်လာ၏။

စံသိန်း၏ ဘေးခုံရှည်တွင်ထိုင်နေသော တပည့်နှစ်ဦးက ထရန်ဟန်ပြင်လိုက်သည်။

စံသိန်းက မျက်ရိပ်ပြလိုက်၏။ ထို့နောက် သက်ပြင်းချလိုက်သည်။

“မင်းတို့ ငါ့လူတွေကို ရထားပေါ်မှာ သတ်နေတာတွေရပ်ပေးပါ။ မင်းတို့ပစ္စည်းတွေအတွက် ငါ့ကိုပေးရမယ့်အခွန်ကို တစ်ဆယ်ပဲ ယူမယ်..ကျေနပ်ပြီလား”

ကြေးမုံက ခေါင်းခါသည်။

“မရဘူးဗျ…အဲ့ဒီတစ်ဆယ်လည်းမရဘူး..ခင်ဗျားတို့ကို တပြားမှ မပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်”

“မင်းက ဘာလဲကွ..ဟေ့ကောင်”

“ဘာမှ မဟုတ်ဘူး…ခင်ဗျားတပည့်တွေထဲ သိမ်ဇရပ်က အာဂျစ်ဆိုတဲ့ကောင်ရယ်…ပဲခူးဘူတာက အရှည်ကြီး ဆိုတဲ့ကောင်ရယ် က တော်တော်အားကိုးရတယ်ကြားတယ်ဗျ”

စံသိန်းက စားပွဲကို လက်သီးနှင့် ထုချလိုက်သည်။

“ဒုန်း..ဟေ့ကောင်…မင်းသူတို့ကို မထိနဲ့”

“ဟဲ..ဟဲ..မထိပါဘူးဗျ…သိပ်လည်းစိုးရိမ်မနေပါနဲ့….ခုန စီးပွားရေးကိစ္စပဲ ဆက်ဆွေးနွေးပါဗျာ”

စံသိန်းက ခေါင်းငိုက်စိုက်ကျသွားသည်။

“အေး..မင်းတောင်းဆိုတာ ငါသဘောတူတယ်..‌ဟေ့ကောင်..ဒီနေ့ကစပြီး မင်းတို့ဆီက ငါတို့လူတွေ ဘာမှမကောက်ဘူး..ရထားရဲတွေ၊ ရှာဖွေရေးတွေနဲ့တော့ မင်းတို့ဟာမင်းတို့ ဇာတ်လမ်းရှင်းကြ”

“ဒါပေါ့..ကိုစံသိန်းရဲ့ ဇာတ်လမ်းတွေက ဆက်ရှင်းရဦးမှာပါပဲ”

………………………………..

မုတ္တမ မှ ရန်ကုန်သို့ တင်ဆောင်လာသည့် မှောင်ခိုပစ္စည်းများတွင် ကြေးမုံ အမည်ကပ်ထားသည့် ပစ္စည်းမှန်သမျှမှာ စံသိန်းတို့အုပ်စုထံ မည်သည့်အခွန်အခမှ ပေးစရာမလိုခဲ့။

ထို့ပြင် ထောက်လှမ်းရေး၏ နောက်ကွယ်မှ ထောက်ပံ့ပေးမှုနှင့် ကုန်အများစုမှာ စစ်ဆေးရေးလက်မှ လွတ်ကင်းခဲ့သည်ချည်းပင်။

နောက်ပိုင်းတွင် အချို့ကုန်သည်များက စံသိန်းတို့အုပ်စုရန်မှ ရှောင်ရန် ကြေးမုံဆီ ပစ္စည်းများ အပ်ကြသည်။

ထိုပစ္စည်းများအတွက် ကြေးမုံက အခကြေးငွေများရရှိခဲ့သည်။ ငွေကြေးရလာသည်နှင့်အမျှ မုတ္တမ နှင် ရန်ကုန်အကြား ရထားလိုင်းပေါ်တွင် ကြေးမုံ၏ လက်‌ရွေးစင်တပည့်များကို မွေးထားလာနိုင်ခဲ့သည်။

မှောင်ခိုကုန်ပစ္စည်းအများစုကို စစ်ထောက်လှမ်းရေးမှ လွှတ်ထားသည့် ဒလံများမှတဆင့် ရန်ကုန်ရှိ စစ်ဗိုလ်အသိုင်းအဝိုင်း၊ တော်လှန်ရေးကောင်စီအသိုင်းအဝိုင်း နှင့် သူဌေးအသိုင်းအဝိုင်းများထံ ရောင်းချကြသည်။

မော်လမြိုင်ပစ္စည်းမှောင်ခိုလိုင်းသာမက..ရေကြောင်းနှင့်လေကြောင်းမှ ဝင်လာသည့် မှောင်ခိုလိုင်းများကိုပါ စစ်ထောက်လှမ်းရေးက နောက်ကွယ်မှချုပ်ကိုင်ကာငွေရှာခဲ့ကြသည်။

မော်လမြိုင်လိုင်းမှ ရရှိလာသောအကျိုးအမြတ်ကို ထောက်လှမ်းရေးက အရံရံပုံငွေအဖြစ် ခေါင်းစဥ်တပ်က ယူပြီး ၊ အမှောင်ထဲမှမင်းသားများက တဝက် ခွဲဝေယူကြရသည်။

ထောက်လှမ်းရေးမှ အရံရံပုံငွေသည် ဦးနေဝင်း၏ ပိုင်ဆိုင်မှုများထဲက တစ်ခုဖြစ်ခဲ့ပြီး တရားမဝင်စစ်ဆင်ရေးများအတွက်လည်း ရံဖန်ရံခါ အသုံးပြုလေ့ရှိသည်။

ကြေးမုံသည်လည်း အမှောင်ထဲမှ မင်းသားများအုပ်စု၏ အိမ်‌ရှေ့စံမင်းသားလေးဖြစ်လာခဲ့သည်။

မော်လမြိုင် မှောင်ခိုတန်းမှ နောက်ဆုံးပေါ် အဝတ်အစားအသုံးဆောင်မှန်သမျှသည် ကြေးမုံ၏ ကိုယ်ပေါ်သို့ ရောက်ရှိလာကြသည်။

ကြေးမုံထံမှ မှောင်ခိုပစ္စည်းအထူးအဆန်းလေးများ ရတတ်သဖြင့် ရန်ကုန်၏ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကြေးမုံ ဝင်ဆန့်လာသည်။

ကြေးမုံ၏ နေအိမ်သည်လည်း မှောင်ခိုပစ္စည်းအချို့ကို စတိုးဆိုင်များသို့ သွင်းရာ ဂိုထောင်ဖြစ်လာပြီး မြိုင် က ဦးစီးသည်။

ကြေးမုံသည် မော်တော်ကားတစ်စီးကို ဝယ်စီးလာနိုင်ပြီး ကြေးမုံ၏ လက်ရုံးဖြစ်လာသူ ကိုစန်းထွန်းသည်ပင်လျှင် ဆိုက်ကားကို စွန့်လွှတ်ပြီး ကိုယ်ပိုင်မော်တော်ဆိုင်ကယ်နှင့်ဖြစ်လာပြီဖြစ်သည်။

ဧရာ သည် ကြံတော့သင်္ချိုင်းတွင် အရက်ပုန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ခဲ့သည်။

မမဝင်း နှင့် သားကလေးတစ်ယောက်ပင် မွေးထားခဲ့ပြီဖြစ်သည်။

ယခင် ကျော်ဝင်းကြီးနှင့် မိုးကျော် တို့မရှိတော့သော ပန်းဆိုးတန်းနယ်မြေကို အလီက တပိုင်း ၊ အီဆာ၊အီဆတ်ညီအစ်ကိုက တပိုင်း ခွဲဝေယူထားကြသည်။

စံဘနှင့် ထွန်းရင်က လည်း အလုပ်ကိစ္စအတော်များများကို ကြေးမုံနှင့် လွှဲထားပြီး စစ်ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်ကြီးကို ကလဲ့စားချေရန် အခါအခွင့်ကို စောင့်နေကြသည်။

တစ်နိုင်ငံလုံးက အာဏာရှင်စနစ်၏ တစစဝါးမြိုမှုနှင့်အတူ လူသုံးကုန်များ ရှားပါးလာသည်။ ငွေကြေးများ ရှားပါးလာသည်။ ဆင်းရဲတွင်း နက်သည်ထက် နက်လာသည်။

မှောင်ခိုလုပ်ငန်းသည်သာ အမှောင်ယံထဲ တောက်ပနေသည့် အတုအယောင်မီးပွင့်လေးတစ်ခု အဖြစ်ရှိနေတော့၏။

………………………………..

၁၉၆၉ ခုနှစ်။ ဒီဇင်ဘာလ ၆ ရက်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရသည် ငါးကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ကို လက်ခံကျင်းပခဲ့သည်။

ကျင်းပရာတွင် အားကစားပွဲများကို နေရာခွဲကျင်းပပြီး ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်ခန်းမများကိုလည်း ဂျူဒိုပြိုင်ပွဲအားကစားရုံများအဖြစ် အသွင်ပြောင်းခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အဦကို လည်း အားကစားရုံအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဘွဲ့နှင့်သဘင် ပတ်ပတ်လည်တွင် ယာယီအိမ်သာများဆောက်လုပ်စေခဲ့သည်။

တက္ကသိုလ်ကျောင်းသားများအထွဋ်အမြတ်ထားဂုဏ်ယူကြသော ဘွဲ့နှင်းသဘင်ကြီးမှာ ချီးနံ့ သေးနံ့တလောင်းလောင်းဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကြရသည်။

ထိုကိစ္စကို တက္ကသိုလ်ကျောင်းသားအများစု မကျေနပ်ကြ။

ဒီဇင်ဘာလ ၉ ရက်နေ့ ၊ သမိုင်းကောလိပ်တွင်ကျင်းပသည့် လက်ဝှေ့ပွဲတွင် လက်မှတ်များကို မှောင်ခိုသမားများထံ အများအပြားကြိုတင်ရောင်းချလိုက်ကြသည်။

လက်မှတ်ဝယ်မရသောကျောင်းသားများနှင့် မတန်တဆစျေးတင်ရောင်းသည့် မှောင်ခိုသမားများပြဿနာစတင်တက်ကြသည်။

မှောင်ခိုသမားများကို ကာကွယ်ပေးသော ရဲက ကျောင်းသားများကို ခါးပတ်နှင့် ချွတ်ရိုက်ရာမှ အဓိကရုဏ်းစဖြစ်ကြသည်။

လူထုက ကျောင်းသားများကို ဝင်ရောက်ကာကွယ်ရာမှ ရဲကလည်း အလုံးအရင်းနှင့် ဝင်ရောက် ရိုက်နှက်ကြသည်။

အောင်ဆန်းအားကစားကွင်းရှိ ဘောလုံးပွဲတွင်လည်း ထိုနည်းလည်းကောင်းပင် မှောင်ခိုလက်မှတ်များ ဖောင်းပွနေသည့်ကိစ္စဖြင့် လူစုလူဝေးဖြစ်ကြသည်။

မကြာမီ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကိစ္စမကျေမနပ်ဖြစ်ကြသော ကျောင်းသားထုမှ စုဝေးပြီး ရန်ကုန်မြို့လယ်ခေါင်သို့ ချီတက်လာကြသည်။

စစ်အစိုးရ၏ ဖိနှိပ်မှု၊ ပိတ်ပင်မှုများ၊ စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုများကြောင့် အစစအရာရာ ဆင်းရဲချို့တဲ့နေကြသော ပြည်သူလူထုကြီးကလည်း ကျောင်းသားထုနှင့်အတူပါလာကြသည်။

ထိုသို့ဖြင့် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းကြီး ဖြစ်ပွားလာခဲ့သည်။

လူအုပ်ကြီးမှာ ဒီမိုကရေစီပြန်လည်ရရှိရေး ကြွေးကြော်သံများ ကြွေးကြော်ကြသည်။

အချို့လူငယ်များမှာ ဗိုလ်ချုပ်နေဝင်း၏ နာမည်ကို တပ်ကာ ဆဲဆို ကြွေးကြော်ကြ၏။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှုဂုဏ်သိက္ခာကို လိုချင်သဖြင့် ပြုလုပ်သော ပွဲတွင် နိုင်ငံခြားဧည့်သည့်များရှေ့ ပြည်သူများ၏ ဆန့်ကျင်ခြင်းကို ခံလိုက်ရသော ဗိုလ်ချုပ်နေဝင်းမှာ အမျက်ဒေါသ ချောင်းချောင်းထွက်ခဲ့သည်။

အဓိပတိလမ်းမပေါ်တွင် ဦးနေဝင်းအလောင်းကောင်ဟုရေးထားသော အခေါင်းကို ကျောင်းသားများက မီးတင်ရှို့ခဲ့ကြသည်။

စစ်တပ်က ဆန္ဒပြမှုများကို ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဆန္ဒပြသူ (၁၅)ဦးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

ကျွန်းဆွယ်အရေးအခင်း ကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းပြီးနှစ်ရက်အကြာတွင် “အမှောင်ထဲမှ မင်းသားများ” ကို စစ်ထောက်လှမ်း‌ရေးမှ ရေကြည်အိုင်စခန်းတွင် အရေးပေါ် အစည်းအဝေးခေါ်ခဲ့သည်။

ထိုအစည်းအဝေးသို့ စံဘ မတက်ရောက်ခဲ့။

ထွန်းရင်နှင့် ကြေးမုံသာ တက်ရောက်ခဲ့သည်။ အထူးအနေဖြင့် ဆေးရုံကြီးလူမိုက် ပီတာ ပါဝင်သည်။

“ဒီကောင့်ကို မင်းတို့သိတယ်မဟုတ်လား”

မျက်မှန်ကြီးက သူ့လက်ထဲရှိ ဖိုင်တွဲမှ ဓာတ်ပုံတစ်ပုံကို ထွန်းရင်ထံ ထိုးပေးလိုက်သည်။

ထွန်းရင်က ဓာတ်ပုံကို ကြည့်သည်။ ကြေးမုံ နှင့် ပီတာ ဆီ လက်ဆင့်ကမ်းလိုက်သည်။

“သိပါတယ်..ရေခဲပါ”

“အဘိုးကြီးက သမိုင်းအားကစားရွာမှ စဖြစ်တဲ့ကိစ္စ ဒီကောင်တွေ ကြောင့်ဆိုပြီး ရေလည် ဒေါခွီးနေတယ်..ဒီကောင့်ကို ငါမမြင်ချင်တော့ဘူး”

ပီတာ နှင့် ကြေးမုံ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ထွန်းရင်က ဓာတ်ပုံကို မျက်မှန်ကြီးထံ ပြန်ကမ်းပေးလိုက်၏။

“လွယ်တော့မလွယ်ဘူးဗျ….ဒီကောင်က ပန်းဆိုးတန်းနဲ့ ဖဆပလကို အတော်ကြီး စီးမိထားပြီ..အကောင်တော်တော်ကြီးနေပြီ”

မျက်မှန်ကြီးက မျက်လုံးတို့ကို မှေးစင်းထားသည်။

“ဟုတ်ပြီ….ပန်းဆိုးတန်းကို အခု ဘယ်သူထိန်းနေတာလဲ”

“ဘယ်သူမှ မရှိပါဘူး..အရင် ကျော်ဝင်းတပည့်သုံးယောက်ပဲရှိပါတယ်”

“မင်းတို့ ဒီရေခဲ ဆိုတဲ့ကောင်ကို ဘယ်လိုကိုင်မလဲ…ငါသိချင်တယ်”

“ရေခဲက အခုဆို ပါတီကောင်စီဝင် ထိပ်ပိုင်းနဲ့ပါ ပေါက်ရောက်နေတယ်….ရုပ်ရှင်အထူးပွဲတွေဆို သူ့ကို တကူးတကဖိတ်ရတဲ့အထိပဲ…လူကြီးပိုင်းမိသားစုတွေ ရုပ်ရှင်ကြည့်ချင်ရင်လည်း အထူးတန်းတစ်စင်လုံး အပြတ်ငှားပြီး ပြတာတွေဘာတွေအထိ လုပ်ပေးတယ်…ဒီကောင့်အင်အားကလည်း မနည်းတော့ဘူး..ကျွန်တော့်လူတွေတောင် သူတို့နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်နေရတယ်”

ပီတာက မတ်တပ်ရပ်ပြီး ခါးကိုင်းကာ ပြောသည်။

“မင်းတို့က ရေဗူးပေါက်တဲ့ကိစ္စတွေပြောနေတာလား..ငါက ရေခပ်ခိုင်းနေတာ..ကြေးမုံ..မင်းရော”

“ကျွန်တော်က မော်လမြိုင်ကိစ္စတွေ ရှိနေတယ်..ဒီဘက်ကို လိုင်းမပူးချင်ဘူးဗျ..မြို့ပေါ်က လူတွေရှိနေတာပဲမဟုတ်လား”

“ကဲ..ထွန်းရင်..မင်းကရော”

“ကျွန်တော်ပြောစရာရှိတယ်…စံဘရော..ကျွန်တော်ပါ..ဒီကိစ္စတွေကနေ တဖြည်းဖြည်း နောက်ဆုတ်တော့မယ်…အသက်တွေလည်း ကြီးပြီ…သတ်ရဖြတ်ရတာတွေလည်း တော်လောက်ပြီဗျ”

မျက်မှန်ကြီးက လှောင်ရယ်ရယ်လိုက်သည်။ ထို့နောက် တိတ်ဆိတ်သွား၏။

“မင်းတို့ ဘာကောင်တွေလဲ….မင်းတို့ ရထားတဲ့နေရာက ငါအချိန်မရွေးကန်ချလို့ရတယ်ဆိုတာ သိလား..ဒီဘာမဟုတ်တဲ့လက်မှတ်မှောင်ခိုကောင်ကိုလည်း ငါ့နည်းငါ့ဟန်နဲ့ရှင်းလို့ရတယ်..ဒါပေမယ့်..ဒီအသေးအမွှားကိစ္စအတွက် ငါတို့ ဝင်မပါချင်လို့….အေးလေ…မင်းတို့ တာဝန်မယူနိုင်ဘူးဆိုတော့လည်း တာဝန်ယူနိုင်တဲ့သူ ငါရှာတာပေါ့..သွားကြတော့”

အားလုံးက ပြန်ရန် ထလိုက်ကြသည်။

“ကြေးမုံ…မင်း ခဏ နေခဲ့ဦး”

ကြေးမုံက အခန်းထဲတွင် ကျန်ခဲ့သည်။

မျက်မှန်ကြီးက ကြေးမုံအနီးသို့ ခုံကို ဆွဲယူကာ ဝင်ထိုင်လိုက်၏။

“မင်းကို ခေါ်လာခဲ့တဲ့ ဟိုလူအိုကြီး နှစ်ကောင်ကတော့…. တစ်ခုခုဖြစ်နေတာသေချာပြီ..ကြေးမုံ.. မင်း..ဘာသိထားသေးလဲ..ငါ့ကို ပြောပြ”

ကြေးမုံက ခေါင်းခါပြသည်။

“ကျွန်တော် မော်လမြိုင်နဲ့ ရန်ကုန်အသွားအပြန်ကိစ္စတွေနဲ့ပဲ ရှုပ်နေတာ..သူတို့နဲ့တောင် သိပ်မတွေ့ဖြစ်ပါဘူး..ဝေစုပေးတဲ့အချိန်လောက်ပဲတွေ့တာပါ”

“တကယ်လား..ငါမင်းကို ယုံရမှာလား”

“ဟုတ်ကဲ့”

“အေး..ဒါဆို..နောက်တကြောင်းကျရင် ဒီကောင်တွေကိုပေးမယ့်ဝေစုကို သွားမပေးနဲ့တော့”

“ဒါဆို ကျွန်တော်က ဘယ်သူ့ပေးရမှာလဲ”

“လောလောဆယ်..မင်းပဲ ယူထားလိုက်..သူတို့မေးရင် ငါကမပေးခိုင်းတာလို့ပြော”

ကြေးမုံက မျက်မှန်ကြီးကို စိုက်ကြည့်လိုက်သည်။

“မဟုတ်သေးဘူးလေဗျာ”

မျက်မှန်ကြီးက သူ့ခါးကြားမှ ပစ္စတိုကို ထုတ်ကာ ကြေးမုံ၏ နားထင်ကို ချိန်လိုက်သည်။

“ဒီမယ်..ကောင်လေး…မင်းတို့ ဘုရားလို့ထင်နေတဲ့ကောင်တွေဆိုတာ ဘာမှမဟုတ်ဘူး..သူတို့ထက် အဆတရာ သာတဲ့ ထက်တဲ့လူတွေကို ဟော့ဟိုဝန်းနောက်မှာ ငါ မြေမြုပ်ပစ်ထားတာအများကြီးပဲ.. မင်းတို့လည်း ဒီဝန်းထဲက မြေကြီးအောက် မရောက်အောင်နေကြပေါ့ကွာ”

ခက်ဇော်

အပိုင်း(၂) ပြီးပါပြီ။

အမှောင်ထဲမှ မင်းသားများ အပိုင်း ၃ အခန်း ( ၁၉ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>