တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3269

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ

ကမ္ဘောဒီးယားမှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ဆန္ဒပြ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဒေသတွင်း ထိပ်သီးအစည်းအဝေး ကျင်းပနေချိန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစုက Freedom Park မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တပတ်ကြာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

အကျဉ်းကျနေတဲ့ ကမ္ဘောဒီးယား-အမေရိကန် ရှေ့နေ တက်ကြွလှုပ်ရှားသူ သီယာရီဆိုင်း (Theary Seng) နဲ့ တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ နိုဝင်ဘာ ၁၀ ရက်က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် သူတို့ရဲ့ ဆန္ဒပြတွန်းအားပေးမှုကို ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ ခမာသဝရက်ခ်လို့ လူသိများတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကနေ မျှော်လင့်ထားတာပါ။

သူတို့ ဒီ Freedom Park မှာ အစာငတ်ခံ ဆန္ဒပြနေသလိုမျိုး အကျဉ်းထောင်ထဲမှာလည်း မစ္စ ဆိုင်းသီယာရီက အလားတူ ဆန္ဒပြနေပါတယ်။

 ဆိုင်းသီယာရီကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ဖို့ ပူးပေါင်းကြံစည်တဲ့ ပြစ်မှုနဲ့ အတိုက်အခံပါတီဝင် ၆၀ နဲ့အတူ ဇွန်လက ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။

Ref: RFA

………………………………..

ချားစ်ဘုရင်ကို ကြက်ဥဖြင့်ပေါက်သူအဖမ်းခံရ

အင်္ဂလန်မြောက်ပိုင်းကို ‌ရောက်ရှိနေတဲ့ တတိယမြောက်ချားလ်စ်ဘုရင် နဲ့ ကြင်ယာတော် ကင်မ်မလာတို့ကို နိုဝင်ဘာလ ၉ ရက်နေ့က ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လူမှုကွန်ရက်ရဲ့ ဗီဒီယိုတွေအရ တော်ဝင်ခရီးစဉ်နဲ့ ယော့ခ်ကို ရောက်ရှိလာတဲ့ ဘုရင်ကြီးနှင့်မိဖုရားထံကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ပေမဲ့ မထိပဲလွတ်သွားခဲ့တာ တွေ့ရှိရပါတယ်။

အများပြည်သူဥပ‌ဒေချိုးဖောက်မှုဆိုင်ရာပြစ်မှုနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: DW

………………………………..

ထိုင်းမှာ နိုင်ငံခြားသားတွေကို မြေကွက်ရောင်းမည့် ဥပဒေမူကြမ်း ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ နိုင်ငံခြားသားတွေကို မြေကွက် ရောင်းချပေးမယ့် ဥပဒေမူကြမ်းကို အတည်ပြုဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပေမယ့် ကန့်ကွက်သူတွေ များနေတာကြောင့် ပြန်လည်ရုပ်သိမ်းထားလိုက်ရပါတယ်။

ဥပဒေမူကြမ်းဆိုင်းငံ့ထားဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစိုးရဝန်ကြီးများအဖွဲ့ကို တင်ပြထားရာ နိုဝင်ဘာ ၈ ရက် အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး နောက်ပြန်ဆုတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စဟာ ထိရှလွယ်ကြောင်း၊ နိုင်ငံခြားသားတွေကို မြေကွက်ရောင်းပေးမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် လူမှုစီးပွါးကောင်းကျိုးဆိုးကျိုးတွေကို ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

ဥပဒေမူကြမ်းအရ ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၄၀ အထက် အနည်းဆုံး ၃ နှစ်တာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသူ ချမ်းသာကြွယ်ဝသူ၊ ပင်စင်စားဝန်ထမ်း၊ လုပ်ငန်းရှင်၊ အတတ်ပညာရှင်တွေကို မြေကွက်ဝယ်ယူခွင့်ပြုဖို့ ဆုံးဖြတ်ထားရာကနေ အတိုက်အခံပါတီက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

Ref: The Straits Times

………………………………..

နီပေါငလျင်ကြောင့် လူ ၆ ဦးထက်မနည်းသေဆုံး

နီပေါနိုင်ငံ အနောက်ပိုင်း ဒိုတီခရိုင်မှာ ရက်ချစ်တာစကေး ပြင်းအား ၅ ဒသမ ၆ ရှိတဲ့ မြေငလျင်တစ်ခု နိုဝင်ဘာ ၉ ရက်နေ့ အစောပိုင်းက လှုပ်ခတ်ခဲ့လို့ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မြေငလျင်ကြောင့် နေအိမ်ရှစ်လုံးပြိုကျခဲ့ကာ အခြားလူငါးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ငလျင်က အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာတောင် လှုပ်ခတ်မှုရှိတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောကြားထားပါတယ်။

နီပေါနိုင်ငံဟာ ၂၀၁၅ ခုနှစ်က ကြီးမားတဲ့ မြေငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲပြီးတဲ့နောက် လူပေါင်း ၉,၀၀၀ နီးပါး သေဆုံးခဲ့သလို သက်တမ်းရာစုနှစ်နဲ့ချီတဲ့ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့ရပြီး ဒေါ်လာ ၆ ဘီလီယံနီးပါး ထိခိုက် ဆုံးရှုံးခဲ့ပါသေးတယ်။

Ref: CNN

………………………………..

ခင်ပွန်းလောင်းနဲ့ အလုပ်အတူတွဲလုပ်ဖို့ တော်ဝင်ဘွဲ့ကို နော်ဝေမင်းသမီး စွန့်လွှတ်

နော်ဝေးနိုင်ငံ မင်းသမီး မာသာ လူးဝစ် (Martha Louise) က စေ့စပ်ထားသူနဲ့အတူ ကိုယ်ပိုင် သဘာဝကုထုံး ဆေးဝါးလုပ်ငန်းတွေမှာ အာရုံစိုက်နိုင်ဖို့ မင်းသမီးဘွဲ့ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နန်းတော်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

မင်းသမီးလေးဟာ တော်ဝင် အမှုထမ်းဆောင်တဲ့ ရာထူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာတော့ တော်ဝင်နန်းတော်ကို ကိုယ်စားပြုတော့မှာ မဟုတ်ပါဘူးလို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါပေမဲ့လည်း ဘုရင့်အလိုတော်အရ မင်းသမီးကို သူ့ရဲ့ ဘွဲ့ဂုဏ်ပုဒ်အား ဆက်လက် ဆက်ခံခွင့်ပေးထားတယ်လို့ မင်းသမီးက ဆိုပါတယ်။

သူတို့နှစ်ဦးက နန်းတော်ပိုင် ဆိုရှယ်မီဒီယာ ရုပ်သံလှိုင်းတွေ ရုပ်သံ ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တော်ဝင်မိသားစုနဲ့ ပေါင်းသင်းဆက်ဆံခြင်းကနေ ရှောင်ကြဉ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

Ref: The New York Times

………………………………..

နာဆာဒုံးပျံလွှတ်တင်မှု မုန်တိုင်းကြောင့် ရွှေ့ဆိုင်းရပြန်

ပြီးခဲ့တဲ့ လတွေကနေစလို့ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရတဲ့ လပေါ်ကို စုံစမ်းစစ်ဆေးမဲ့ နာဆာရဲ့ Artemis I လူမဲ့ ဒုံးပျံစမ်းသပ်လွှတ်တင်မှုကို ယခုအကြိမ်မှာလည်း မုန်တိုင်းကြောင့် ထပ်မံရွှေ့ဆိုင်းလိုက်ရပြန်ပါတယ်။

နာဆာရဲ့ ဒုံးပျံလွှတ်စခန်းတည်ရှိရာ ဖလော်ရီဒါပြည်နယ်ကို အင်အားပြင်း ဟာရီကိန်းမုန်တိုင်းတစ်ခု မကြာမီ ရက်ပိုင်းမှာ ဝင်ရောက်မှာဖြစ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လွှတ်တင်ဖို့ စီစဉ်ထားရာကနေ နိုဝင်ဘာ ၁၆ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ရတာပါ။

ထိုဒုံးပျံကို စက်တင်ဘာ ၃ ရက်နေ့က လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမဲ့လည်း ချွတ်ယွင်းမှုတွေကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး နိုဝင်ဘာ ၁၆ ရက်မှာ လွှတ်တင်ဖို့ အဆင်မပြေပါက ၁၉ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းမယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

ပြင်သစ်မှာ အလုပ်သမားသပိတ်ကြောင့် ရထားလိုင်းတွေ ပိတ်ထားရ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ မက်ထရိုလုပ်သားတွေ သပိတ်မှောက်မှုကြောင့် ရထားလိုင်း တစ်ဝက်နီးပါး လုံးဝပိတ်ထားရတယ်လို့ သိရပါတယ်။

ကျန်မီးရထားလိုင်းတွေကလည်း လူစီးအများဆုံးနာရီတွေမှာပဲ ပြေးဆွဲခဲ့ကြတာကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပုံမှန်ရထားစီးခရီးသည်တွေနဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေဟာ အနှောင့်အယှက် ဖြစ်ခဲ့ကြရပါတယ်။

ခရီးသွားတွေဟာ ရထားစီးဖို့ အချိန်အတော်ကြာအောင် စောင့်ခဲ့ကြရပြီး တချို့ခရီးသည်တွေဟာ ငွေပိုကုန်မယ့် အငှားကား ပြောင်းစီးခဲ့ရပါတယ်။

အလုပ်သမားရေးရာအဖွဲ့ချုပ် (CGT) သမဂ္ဂဟာ စံချိန်တင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေချိန် လုပ်ခလစာ တိုးလာအောင် တွန်းအားပေးပြီး ပင်စင်ငွေ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ တနိုင်ငံလုံးရှိ အလုပ်သမားတွေကို လုပ်ငန်းခွင်ကနေ ထွက်ခွာဆန္ဒပြကြဖို့ တောင်းဆိုခဲ့တာပါ။

Ref: REUTERS

………………………………..

ဗြိတိန်နဲ့ ကုန်သွယ်ခွင့်လက်မှတ်ရေးထိုးနိုင်ဖို့ ထိုင်ဝမ်မျှော်လင့်

ထိုင်ဝမ်ဟာ ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေပြီး အစိုးရအသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဗြိတိန်ကုန်သွယ်ရေးဝန်ကြီး ဂရက်ဟန်းစ်ကို နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ဗြိတိန်ဝန်ကြီးဟာ သူ့ရဲ့ ဒီခရီးစဉ်ကို ရပ်တန့်လိုက်ဖို့ တရုတ်ရဲ့ တောင်းဆိုမှုတွေကို ဖီဆန်ပြီး တိုင်ပေကို လာရောက်ခဲ့တာပါ။

ထိုင်ဝမ်ရဲ့ နိုင်ငံတကာ ပူးပေါင်းပါဝင်နိုင်မှုနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဗြိတိန်ရဲ့ ရေရှည်ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိတယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ၂ နိုင်ငံဟာ အနီးကပ် စီးပွားရေးနဲ့ အလွတ်သဘော ဆက်ဆံရေးတွေ ရှိထားကြပါတယ်။

Ref: REUTERS

………………………………..

စံချိန်တင် ထီဆုကြီးကို ရောင်းချပေးခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင် ဒေါ်လာ ၁ သန်း ရရှိ

ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးထီဆုကြေးဖြစ်ခဲ့တဲ့ အမေရိကန် Powerball အလယ်ပုံ ထီဆုကြီးရဲ့ ပေါက်မဲလက်မှတ်ကို ရောင်းချပေးနိုင်ခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင်ဟာ ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဒီတစ်ပတ်အတွက် အမေရိကန် Powerball အလယ်ပုံ ထီဆုကြေးက အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလျံအထိ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ အများဆုံး ထီဆုကြေးအဖြစ် စံချိန်တင်ခဲ့တာပါ။

ဒီလက်မှတ်ကို ဘယ်သူဝယ်ခဲ့လဲဆိုတာ မသိဘူးလို့ ချာဟာယတ်က ဆိုပါတယ်။

ချာဟာယတ်ဟာ ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရမှာ ဖြစ်ပေမဲ့ အနားယူဖို့ မရှိသေးဘဲ ထုံးစံအတိုင်း မနက် ၆ နာရီထိုးတာနဲ့ ဆိုင်ဖွင့်ပြီး အလုပ်ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

ရထားတစ်စီး မြောက်ကိုးရီးယားကနေ ရုရှားကို ဖြတ်ကျော်ဝင်ရောက်

မြောက်ကိုရီးယားကနေ ရုရှားနိုင်ငံဆီကို ရထားတစီး ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ 38 North အစီအရင်ခံစာကနေ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားအစိုးရက ရုရှားအစိုးရကို အမြောက်ကျည်တွေ လျှို့ဝှက်ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က ပြောကြားပြီးတဲ့နောက် နှစ်ရက်အကြာမှာ အခုလို တွေ့ရှိလာတာပါ။

မြောက်ကိုရီးယားကို စောင့်ကြည့်လေ့လာတဲ့ 38 North ပရောဂျက်ဟာ နှစ်ပေါင်းများစွာအတွင်း လမ်းကြောင်းပေါ်မှာ ခုလို ရထားလှုပ်ရှားမှုကို ပထမဆုံးအကြိမ် တွေ့မြင်ရတာလို့ ပြောပါတယ်။

ပစ္စည်းတွေ လွှဲပြောင်းတင်ဆောင်တာ ရှိ၊ မရှိကို မဆုံးဖြတ်နိုင်ဘူး လို့ 38 North အစီရင်ခံစာက ဆိုပါတယ်။

Ref: Bloomberg

………………………………..