ကျိုက်ထိုက လူမှုကယ်ဆယ်ရေးယာဉ်တစ်စီး ပစ်ခတ်ခံရ၊ အသင်းဝင် တစ်ဦးသေဆုံး

0
456

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာက စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အသင်းဝင်တစ်ဦး သေဆုံးသွားကြောင်း ယင်းအသင်းနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်သည် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျိုက်ထိုမြို့သို့ လူနာပို့ပြီး စစ်တောင်းရွာသို့ အပြန် အင်္ဂဘိုကျေးရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသင်းဝင် သုံးဦးအနက်မှ ဆီးအိမ် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ကိုပြည့်ဖြိုးအောင်ဆိုသူ သေဆုံးသွားကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။

ကိုပြည့်ဖြိုးအောင်ကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့သည်ဟု သထုံခရိုင် PDF က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တောင်းနာရေးကူညီမှုအသင်းယာဉ် ပစ်ခတ်ခံရသည့် အင်္ဂဘိုကျေးရွာ ဝန်းကျင် ရန်ကုန် – မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ နှင့် စစ်ကောင်စီတပ်အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်။  

ပြီးခဲ့သည့် ဇွန်လ ၇ နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံထားရသည်။