ပုလော ရှမ်းဒွတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

0
455
ယနေ့ တိမ်းရှောင်ထွက်ပြေးလာသည့် ပုလော ဒေသခံများ။ ဓါတ်ပုံ - KIC

ပုလောမြို့နယ်၊ အရှေ့မြောက်ဖက် ရှမ်းဒွတ်ကျေးရွာတွင် ယနေ့ (ဇွန် ၁၀) တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက်တွင် ရှမ်းဒွတ်ကျေးရွာအနီးသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ရှမ်းဒွတ်ရွာတွင် ထိပ်တိုက်တွေ့ပြီး ယနေ့ မွန်းလွဲ တစ်နာရီခွဲဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

“ရွာသားတွေအားလုံး ပြေးကုန်ပြီ။ ကျွန်တော်တို့လည်း ထွက်ပြေးနေရတယ်” ဟု ရှမ်းဒွတ်ရွာက တိမ်းရှောင် ထွက်ပြေးလာသည့် အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ နံနက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် ပုလောကုန်း၊ နတ်အိမ်တောင်နှင့်
ရှမ်းဒွတ်ကျေးရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု KIC (Karen Information Center) က ယနေ့ညနေ ၄ နာရီခန့်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၈ ရက် နံနက်မှစတင်ကာ စစ်ကြောင်းထိုးလာပြီး နန်းတောင်ကျေးရွာအုပ်စု၊ ဂျက်ဂါရွာမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဂျက်ဂါရွာသားများ ထွက်ပြေးခဲ့ရသေးကြောင်း ယင်းရွာက ဒေသခံများထံမှ သိရသည်။