မောင်းမကန်တွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

0
464

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး ယနေ့ (ဇွန် ၁၀) မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

မောင်းမကန်ရွာ ၁၃ ရက်ကွက်၊ ကွက်သစ်ပိုင်းတွင် နေထိုင်သူ ဦးအောင်မင်းထွန်းနှင့် ဒေါ်စန်းစန်းဌေးတို့ ဇနီးမောင်နှံကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပေါက်ကွဲသံတစ်ချက်ကြားတယ်။ သေနတ်သံတွေလည်း ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းဇနီးမောင်နှံမှာ နေအိမ်နှင့် တွဲလျက်ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်အတွင်း သေဆုံးနေသည်ကိုတွေ့ရကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကြားရသလောက်တော့ သူတို့လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုပြောတယ်။ ပြီးမှ ဗုံးကွဲတယ်ဆို ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါဇနီးမောင်နှံ၏ ကလေးနှစ်ဦးမှာ မည်သည့်နေရာကို ထွက်ပြေး တိမ်းရှောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

အသက် ၄၀ ကျော်အရွယ် ဦးအောင်မင်းထွန်းတို့ ဇနီးမောင်နှံကို မည်သည့်အဖွဲ့က မည်သည့် အကြောင်းအရင်း ကြောင့် ပစ်သတ်ခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် နှစ်လခန့်ကလည်း မောင်းမကန်ကျေးရွာ ကွက်သစ်ရပ်ကွက်ရှိ အလောင်းကစားဝိုင်းတွင် ဗုံးပေါက်ကွဲခဲ့ဖူးပြီး အဆိုပါကွက်သစ်ရပ်ကွက်တွင် လောင်းကစားဝိုင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မောင်းမကန် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံတင်ကို ပစ်သတ် ခံခဲ့ရသေးသည်။ ၎င်းကို Dawei Guerrilla Revolutionary Force က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။