တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
326

Dawei Watch၊ (ဇွန် ၄ – ၁၀)

ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေအမှု အထူးအယူခံ ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို အမွေရယူလိုမှုဖြင့် ဦးအောင်ဆန်းဦး၏ တရားစွဲဆိုထားမှုအပေါ် အထူးအယူခံ လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန် ၂၇ ရက်တွင် ကြားနာမည်ဟု သတင်းရရှိသည်။

အနှစ် ၂၀ ကျော်ကြာပြီဖြစ်သည် ယင်းအမွေအမှုတွင် ဦးအောင်ဆန်းဦးဘက်က တရားရုံး အဆင့်ဆင့်တွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်သော်လည်း ယခု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုခေါ်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

ဦးအောင်ဆန်းဦး၏ အယူခံကို ၂၀၁၈ ခုနှစ်က နေပြည်တော်တရားလွှတ်တော်ချုပ်မှ ပလပ်ထားပြီးဖြစ်သည်။

အိန္ဒိယအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီကို မဖိတ်

အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာမည်အပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြကြသည်။

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီဟု NUG ကြေညာ

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ရဲများဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၇ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက လူထုအပေါ်ကျူးလွန်ထားသည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တာဝန်ရှိသူများကို အရေးယူရန်၊ တရားဥပဒေစိုးမိုးရန်နှင့် ဒုစရိုက်မှုများကို လူထုနှင့် ပူးပေါင်းတားဆီးရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းဆိုသည်။

သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ၂၀၉ ဦးအထိရှိ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းပူးတွဲ ချမှတ်ခံရသူအပါအဝင် သေဒဏ်ချမှတ်ခံရသူ၊ ထောင်ဒဏ်တစ်သက် တစ်ကျွန်းချမှတ်ခံရသူ စုစုပေါင်း ၂၀၉ ဦး ရှိပြီဖြစ်ကြောင်း ISP Myanmar ကသတင်းထုတ်ပြန်လိုက်သည်။

အမြင့်ဆုံးပြစ်ဒဏ်ချခံရသူ ၂၀၉ ဦးထဲတွင် ရန်ကုန်တိုင်းအတွင်းမှ ၂၀၂ ဦး (ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၇ ရာခိုင်နှုန်း) ပါဝင်ပြီး ကျန်ခုနစ်ဦး (ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၃ ရာခိုင်နှုန်း) မှာ ဧရာဝတီတိုင်းအတွင်းမှ ဖြစ်သည်။

ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ယောင်္ကျားလေး နှစ်ဦးလည်း ပါဝင်သည်။

မစ္စတာ ရှောင်တားနဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စွဲချက်တင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သည့် ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုဖြင့် ဇွန်လ ၉ ရက်တွင် နေပြည်တော် အထူးတရားရုံးက စွဲချက်တင်လိုက်သည်။

ယင်းအမှုတွင် NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနှင့် စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုလည်း ပူးတွဲစွဲချက်တင်ခဲ့သည်။

တပ်စခန်း ၃ ခုကို ဆုတ်ခွာပေးမည်မဟုတ်ဟု SSPP-SSA တုံ့ပြန်

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ် မြောက်ဘက်ရှိ တပ်စခန်းသုံးခုမှ ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်က တောင်းဆိုထားမှုကို လက်ခံမည်မဟုတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP-SSA) SSPP-SSA က တုံ့ပြန်လိုက်သည်။

စစ်ကောင်စီဘက်က SSPP-SSA ၏ တပ်စခန်း သုံးခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ဇွန်လ ၄ ရက်နေ့တွင် တောင်းဆိုထားသည်။

အဆိုပါ တပ်စခန်းနေရာများသည် SSPP-SSA ၏ တပ်မဟာ (၇၀၂) /တပ်ရင်း  (၄၂၄) မှ ဆယ်စုနှစ်တစ်ခုစာ အခြေပြုလှုပ်ရှားသွားလာနေသည့် စစ်စခန်း သုံးခု ဖြစ်သည့်အတွက် တပ်ဆုတ်ပေးရန် မဖြစ်နိုင်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် တုံ့ပြန်ပြောဆိုခဲ့သည်။

ညောင်နှစ်ပင်ကို စစ်ကောင်စီဥက္ကဋ္ဌသွားရောက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် ညီလာခံကျင်းပခဲ့သည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ကျေးရွာနားမှ ပြည်ထောင်စုခန်းမကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၈ ရက်နေ့ကသွားရောက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးချိန်မှစ၍ ယင်းခန်းမကို အသုံးပြုခြင်း မရှိတော့ဘဲ ယခုယင်းခန်းမကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်းလည်း သိရှိရသည်။

WHO ဝန်ထမ်း အသတ်ခံရခြင်း

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒလန်ဟုဆိုကာ ပစ်ခတ်သတ်ခံရသူ ဦးမျိုးမင်းထွဋ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဝန်ထမ်းဖြစ်နေကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

WHO ၏ ယာဉ်မောင်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ရက် ညနေပိုင်းတွင် ရုံးမှ အိမ်သို့ ဆိုင်ကယ်စီး၍ ပြန်ရာလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ပြီး ဖြစ်ရပ်အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း WHO က ထုတ်ပြန်သည်။

၎င်းကို မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထား သည်။ ဦးမျိုးမင်းထွဋ်သည် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဆွေမျိုးတော်စပ်သူဖြစ်ပြီး ဧည့်စာရင်းစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တတ်ခြင်း၊ CDM ဝန်ထမ်း မိသားစုများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ သက်ငယ်မုဒိမ်းကျူးလွန်ခြင်းတို့ကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးက သတ်ဖြတ်မှုကို ရှုတ်ချပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများကို တာဝန်ခံရန် မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။