ပုဂံဘုရားဖူးထွက်သည့် ကျွန်းစုဒေသခံအမျိုးသား ပစ်ခတ်ခံရပြီးသေဆုံး

0
438

ပုဂံသို့ ဘုရားဖူးထွက်သွားသည့် ကျွန်းစုဒေသခံအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအဝိုင်းများထံမှ သိရသည်။

ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ပုဂံသို့ ဘုရားဖူးသွားရာ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရားသို့အသွား တောင်တက်လမ်းတွင် သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူအသိုင်းအဝိုင်းထံမှသိရသည်။

ဇွန်လ ၇ ရက်နံနက်က ဧည့်လမ်းညွှန်အပါအဝင် မိသားစုရှစ်ဦး ကားဖြင့်တောင်တက်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကားမောင်းသူနှင့်အတူ ကားခေါင်းခန်းတွင် လိုက်ပါလာသည့် အသက် ၇၀ အရွယ် ဦးမြင့်သန်း ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကားပေါ်လိုက်ပါလာသည့် အခြားသူများကိုမူ ထိခိုက်မှု မရှိခဲ့ကြောင်း ဆွေမျိုးများထံမှ သိရသည်။

ဦးမြင့်သန်းသည် မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ကျေးရွာသို့ ခရီးသည်လှေ ပြေးဆွဲသည့် အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“အလောင်းကို သယ်ပြီး ဆင်းလာနေပြီ။ ဒီနေ့ (ဇွန် ၈) ညနေ ရောက်မယ်။ မြိတ်ပါရမီရပ်က သူ့အိမ်မှာပဲထားပြီး အသုဘချမယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးမြင့်သန်းအား နာရေးကားဖြင့် ညောင်ဦးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။

ဘုရားဖူးခရီးသည်ကားအား ပစ်ခတ်သည့်အဖွဲ့နှင့် မည်သည့်အကြောင်းကြောင့်
ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။