ကျွန်းစုတွင် ကမာကောင် အထွက်နှုန်းကျ

0
614

မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှထွက်ရှိသည့် ကမာကောင်များမှာ ယခုနှစ်တွင် အထွက်နှုန်းကျဆင်းလာနေကြောင်း ကမာရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ 

ကမာကောင် နှစ်စဉ်ထုတ်ယူမှုများနေကြသဖြင့် အထွက်နှုန်းကျဆင်းလာခြင်းဖြစ်ပြီး ယခင်နှစ်ထက် ကမာကောင်ရာဂဏန်းအထိ ရရှိမှုနည်းပါးသွားကြောင်း ကမာရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။ 

ယင်းကဲ့သို့ ကမာထွက်ရှိမှုနည်းလာသဖြင့် ဈေးလည်း မြှင့်တက်သွားကြောင်း၊ ပြီးခဲ့သည့်နှစ်က ကမာသောင်းပြောင်း(ကြီး၊ငယ်၊လတ်) တစ်ကောင်လျှင် ငါးရာကျပ်မှ ယခုနှစ်တွင်

တစ်ထောင်ကျပ်နှုန်းအထိ ပေးဝယ်‌ေနရကြောင်း ပဲ့တိုင်ရွာနေ ကမာရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။ 

“ကမာလည်းသေးသွားတယ် အကောင်ကြီးတွေများမှပဲ အမြတ်ပိုကျန်တာ” ဟု ၎င်းက ပြောသည်။ 

အဆိုပါ ကမာကောင်တို့အား မြိတ်နှင့် ရန်ကုန်မြို့တို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့ကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။ 

လက်ရှိ မြိတ်ဈေးကွက်တွင် ကမာအကြီးတစ်ကောင်လျှင် နှစ်ထောင်ကျပ်အထိ ရောင်းချနေကြကြောင်း  သိရသည်။ 

“ကမာငုတ်ဖမ်းတာက စရိတ်တွေကများတယ် အထွက်လည်းနည်းတော့ တွက်ခြေမကိုက်တော့ဘူး” ဟု ထိုင်းသို့ ကမာကောင်များ တင်ပို့ရောင်းချသူတစ်ဦးက ပြောသည်။ 

ပင်လယ်ရေအောက်ရှိ ကျောက်တုံးကျောက်ခဲတို့တွင် တွယ်ကပ်နေသည့် ကမာကောင်တို့ကို ရေထဲဆင်းငုတ်ကာ ခွာယူရကြောင်း ကမာဖမ်းသူတစ်ချို့က ပြောပြသည်။ 

ကမာကောင်တို့အား နှစ်စဉ် တော်သလင်းလမှ ကဆုန်လအထိ ဖမ်းယူလေ့ရှိကြသည်။ 

ပြီးခဲ့သည့် အစိုးရလက်ထက်က နိုင်ငံခြားကုမ္ပဏီတစ်ခုမှ ကမာကောင်မွေးမြူရေး လုပ်ကိုင်နိုင်ရန် ပဲ့တိုင်ရွာရှိ ကမာထွက်ရာနေရာများသို့ လေ့လာစမ်းမှု လာရောက်ပြုလုပ်ခဲ့ကြောင်း ယင်းရွာသားတစ်ချို့က ပြောပြသည်။ 

ကမာကောင်တို့သည် ရေချို၊ ရေငန်အစပ်ဖြစ်သည့် ပဲ့တိုင်ရွာတွင် အများဆုံးထွက်ရှိပြီး၊ ဘန်ဒနဲ၊ မန်းကြီးချောင်း၊ ကျောက်သင်္ဘောချောင်း၊ မင်းခေါင်းဆေး၊ သင်္ဘောပျက်ကျောက်ပုံ လိမ်ကယ်ကျောက်ပုံ၊ စစ်ဘုနှင့် ဘောင်းတောင်ကျေးရွာတို့တွင် အနည်းငယ်ထွက်လေ့ရှိကြသည်။