သာယာကုန်းရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားအလောင်းတွေ့

0
470
စွန်ရဲပုံအမှတ်အသားတံဆိပ် လည်ပင်း၌ဝတ်ပေးထားသော အလောင်းကို တွေ့ရစဉ်

လောင်းလုံးမြို့နယ် သာယာကုန်းရွာအနီး ကားလမ်းမဘေးတွင် အမျိုသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီး စွန်ရဲပုံတံဆိပ် လည်ပင်း၌ဆွဲပေးထားသည်ကို တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါအလောင်းကို ယနေ့(မေ ၃) နံက်ပိုင်းက ဒေသခံများစတင်တွေရှိရခြင်းဖြစ်ပြီး လက်ပြန်ကြိုးတုတ်ထားကာ ဦးခေါင်းနှင့် လက်တွင်လည်း သေနတ်ဒဏ်ရာများတွေ့ရသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို ဒေသခံများက မသိရှိဟုဆိုသည်။

“ညက ‌ကားသံလည်းကြားရတယ်။ သေနတ်ဖောက်သံလည်း ကြားရတယ်”ဟု အဆိုပါဒေသခံကပြောသည်။

သေဆုံးသူ၏ လည်ပင်းတွင်‌ တွေ့ရသော ပုံမှာ လောင်းလုံးမြို့နယ်ရှိ ပြူစောထီး အဖွဲ့တစ်ဖွဲ့၏ အမှတ်တံဆိပ်ပုံဖြစ်ပြီး ယင်းအဖွဲ့က ပစ်ခတ်သတ်ဖြတ်ပြီးနောက်တွင် အလောင်းဘေး၌ ချထားလေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ‌ဧပြီ ၂၈ ရက်က ပန်းဒလဲကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦး ပစ်သတ်ခံရမှုတွင်လည်း အဆိုပါအမှတ်တံဆိပ် မျိုးချန်ထားခဲ့သည်ကို တွေ့ရပြီး အပြာရောင်အဝိုင်းဝန်းပေါ်တွင် “လေဟုန်ပြင်းပြင်းအနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” ဟူသောစာတန်းနှင့် တနင်္သာရီကျွန်းဆွယ်ကို စွန်ကုတ်ထားပုံ ရေးဆွဲထားသည်။

အဆိုပါအမျိုးသားအား မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ သိရှိရခြင်းမရှိသေးပေ။

ယင်းနောက် အဆိုပါ အမျိုးသား၏ရုပ်အလောင်းကို ယနေ့နံနံက် ရှစ်နာရီခွဲ ခန့်တွင် ထားဝယ်အခြေစိုက် ပရဟိတအသင်းဖြစ်သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာ သယ်‌ဆောင်ရေးအဖွဲ့၏ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။