မြဝတီ-မဲဆောက်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်ကပြင်ဆင်

0
807
ဓာတ်ပုံ - မဲဆောက်မြို့မှ မြင်တွေ့ရသည့် မြဝတီ-မဲဆောက် တံတား

တာခ့်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် အဆင့်သင့်ဖြစ်နေစေရန် ပြင်ဆင်ရှင်းလင်းမှုများကို ပြီးခဲ့သည့် မေလ ၁ ရက် တနင်္ဂနွေနေ့မှစ၍ ဆက်တိုက်လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ နယ်စပ်တာဝန်ရှိသူများ ထံမှသိရှိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ နယ်စပ်ဂိတ်များကို မေလ ၁ ရက်နေ့က စတင်ဖွင်လှစ်ခဲ့ပြီးနောက် တာခ့်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ် ၂ ခုတွင် သန့်ရှင်းရေးလုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လာနေကြသည်။

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်များစတင်ဖွင့်လှစ်သည်နှင့် အဆင်သင့်ဖြစ်နေစေရန်အတွက် တာခ့်ခရိုင် မဲဆောက်မြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်များဖြစ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ် (၂) တံတားတို့တွင် ထိုင်းဘက်မှ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ထိုင်းတာဝန်ရှိသူများမှာ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိနေပြီး ညွှန်ကြားချက်တစ်စုံတစ်ရာကို စောင့်နေကြောင်း ပြောကြားထားသည်။

ကိုဗစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး ယခု ၂ နှစ်ကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် passport ကိုင်ဆောင်ထားသူများအနေဖြင့် Thailand Pass လျှောက်ရမည်ဖြစ်ပြီး ကာကွယ်ဆေးအပြည့် ထိုးနှံ‌ထားကြောင်းလက်မှတ်၊ ကိုဗစ်စစ်ဆေးချက်ရလဒ်၊ ကျန်းမာရေးအာမခံများပြုလုပ်ရမည်ဖြစ်ပြီး ကိုဗစ်ပိုးမတွေ့ရှိပါက ကွာရန်တင်းဝင်ရန်မလိုကြောင်း ထိုင်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရသိရသည်။

အကယ်၍ ကာကွယ်ဆေး မထိုးနှံရသေးပါက သတ်မှတ်နေရာတွင် ကွာရန်တင်း ၅ ရက် အပြည့်ဝင်ရမည်ဖြစ်သည်။

Border pass ကိုင်ဆောင်ပြီး ဝင်ရောက်သူများအနေဖြင့် Thailand Pass နှင့် ကျန်းမာရေးအာမခံ လျှောက်ရန်မလိုပဲ ကာကွယ်ဆေးအပြည့်ထိုးနှံထားကြောင်းလက်မှတ်နှင့် ကိုဗစ်မရှိ‌‌ေကြာင်း စစ်ဆေးချက်ရလဒ်ဖြင့် ဝင်ရောက်နိုင်ပြီး ခွင့်ပြုထားသောနေရာများတွင်သာ လည်ပတ်ခွင့်ပြုမည်ဖြစ်ကာ ၃ ရက်ထက်ပို၍ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကိုးကား THE NATION THAILAND ၊ Ministry of Foreign Affairs (Thailand)