ကျောင်းတွင် ကိုဗစ်အစုလိုက်ကူးစက်မှုရှိပြီး တိုင်းအတွင်း ကျောင်းသား၊ ဆရာ ၁၆၀ကျော် ကူးစက်ခံရ

0
488
ပုံဟောင်း

ဘုတ်ပြင်းမြို့နယ်က အထက ကျောင်းတစ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၆၃ဦး ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်ခံရပြီး တိုင်းတစ်ခုလုံးတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၆၀ ကျော် ကူးစက်ခံထားရကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

တိုင်းအတွင်း ကျောင်းသူ၊ ကျောင်းသား ၁၂၃ ဦးနှင့် ဆရာ၊ ဆရာမ ၄၃ ဦး စုစုပေါင်း ၁၆၆ တို့မှာ ကိုဗစ် ကူးစက်ခံထားရကြောင်း အထက်ပါဌာန (စီမံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းယုက ပြောသည်။

ယင်းအနက် အများဆုံးတွေ့ရှိမှုမှာ ဘုတ်ပြင်းမြို့နယ် အထက တောင်ဒဂုန်ကျောင်းတွင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးနှင့် ဆရာ၊ ဆရာမ ခြောက်ဦး စုစုပေါင်း ၆၃ ဦး အစုလိုက်အပြုံလိုက် တွေ့ရကြောင်း ဦးဇော်မင်းယုက ပြောဆိုသည်။

ယင်းကျောင်းတွင် မတ်လ ၁ ရက်နေ့က စစ်ဆေး တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ထားဝယ်မှာ သိပ်မတွေ့ဘူး။ မြိတ်ဘက်ခြမ်းမှာပဲ အတွေ့များတယ်။ (ကျောင်းတွေမှာ) စစ်မယ်ဆိုရင် တွေ့မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းများတွင် ဖျားနာသူများ ရှိသော်လည်း ကိုဗစ် စစ်ဆေးခံယူခြင်း အားနည်းသဖြင့် ကိုဗစ် ကူးစက်ခံထားရခြင်း ရှိမရှိ မသိရကြောင်း ဦးဇော်မင်းယုက ဆက်လက်ပြောဆိုသည်။

“အများစုက အဲဒီလိုပဲ နေကြတာ” ၎င်းက ပြောသည်။

ထားဝယ်တွင် ဖျားနာနေသည့် ကျောင်းသူ၊ ကျောင်းသား အများအပြားရှိနေကြောင်း ကျောင်းသား၊ ကျောင်းသူအချို့ကို မေးမြန်းချက်အရ သိရသည်။

ထားဝယ်မြို့က အထက်တန်းကျောင်းသူ တစ်ဦးကမူ ၎င်းမှာ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရ ကြောင်း ပြောသည်။

ကိုဗစ်ဖြစ်နိုင်သည်ဟု ယူဆသော်လည်း ကိုဗစ်စစ်ဆေးမှု ခံယူထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင်း စာမေးပွဲ နီးကပ်လာပြီဖြစ်သဖြင့် ကျောင်းလည်း ဆက်လက်တက်ရောက်နေပြီး ကျောင်းသား၊ ကျောင်းသူအချို့မှာလည်း ဖျားနာသော်လည်း ကျောင်းတက်ရောက်နေကြသည်ကို တွေ့ရကြောင်း အထက်ပါ ကျောင်းသူက ပြောသည်။

တိုင်းအတွင်း အခြေခံပညာကျောင်း ၁၅၀၀ ကျော်ရှိသည့်အနက် အာဏာသိမ်းကာလတွင် CDM လုပ်ကြသဖြင့် ကျောင်း ၁၃၅၀ ဝန်းကျင်သာ ဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူ ၇၈,၂၃၀ ဦးနှင့် ဆရာ၊ ဆရာမ ၆၆၀၀ ကျော် သင်ကြားပေးနေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။