ရွှေဈေးတက်ချိန် ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါး

0
190

ရွှေဈေးတက်နေချိန်တွင် ထားဝယ်ဈေးကွက်၌ အရောင်းအဝယ် အေးစက်နေကြောင်း ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။

လက်ရှိ ထားဝယ်ဈေးကွက်တွင် ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းနှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ထိုသို့ရွှေဈေးတက်နေပြီး အတက်အကျ မငြိမ်သဖြင့် အရောင်းရော အဝယ်ပါ နည်းပါးနေကြောင်း ထားဝယ်မြို့ ဈေးကြီးအရှေ့ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အရင်က (ဇန်နဝါရီလ) နဲ့ စာရင် အတော်လေးပါးတယ်။ ရွှေဈေးကလည်း လုံးဝမငြိမ်ဘူးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းသုံးသောင်းကျော်ဖြင့် ရောင်းချနေကြသည်။

ထားဝယ်ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်ကမူ အခေါက်ရွှေ ဝယ်သူထက် ပြန်ရောင်းသူက များနေကြောင်း ဆိုသည်။

“အခုချိန်က အလှူတွေ မင်္ဂလာဆောင်တွေလည်း နည်းသွားပြီဆိုတော့ ဝယ်တဲ့သူက အရမ်းနည်းတယ်” ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ရွှေဆိုင်တွင် ပြန်လည်ရောင်းချပါက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခန့် ဈေးကွာကြသည်။

လက်ရှိထားဝယ်ဈေးကွက်တွင် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့်ရှစ်သိန်းနှစ်သောင်းခွဲကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

သို့ရာတွင် ၁၅ ပဲရည်ရွှေမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်နေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင် အချို့က ဆိုသည်။

ထားဝယ်မြို့တွင် ရွှေဆိုင်ပေါင်း တစ်ရာနီးပါးရှိပြီး ဆိုင်အများစုတွင် အရောင်းအဝယ် နည်းပါးနေသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်းများ မြင့်တက်နေပြီး လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မြင့်တက်နေခြင်းကြောင့်လည်း ထပ်မံ ဈေးတက်နေသည်။ ရုရှား -ယူကရိန်း အရေးကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေးများ မြင့်တက်နေသည်။