ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၃၀ နီးပါးကို ကော့သောင်းသို့ ပြန်လွှဲ

0
183
ဓာတ်ပုံ - FED

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၂၉ ဦးကို မတ်လ ၁ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် FED သည် မြန်မာရွှေ့ပြောင်းအလုပ်သမာများအရေးကို ဆောင်ရွက်ပေးနေသည့် ဖောင်းဒေးရှင်းဖြစ်သည်။

အထက်ပါ ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များ ကျခံပြီးသူများဖြစ်ကြကြောင်း FED ထံမှ သိရသည်။

ကော့သောင်းဘက်သို့ လွှဲပြောင်းပေးလိုက်သူများတွင် အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၂၉ ဦး ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းထံမှ သိရသည်။

ပြန်လည်ရောက်ရှိလာသူတို့ကို ကွာရန်တင်းစခန်း ဝင်ရောက်ခြင်းနှင့် သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပို့ဆောင်ပေးရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း FED ထံမှ သိရသည်။

မြန်မာနိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင် ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းနှင့် လုံခြုံမှု မရှိခြင်းတို့ကြောင့် မောတောင်-စင်ခွန်းနယ်စပ်၊ ကော့သောင်း-ရနောင်းနယ်စပ်တို့မှတစ်ဆင့် ထိုင်းသို့ တရားမဝင် သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။