ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကတ်များ ဈေးမတက်သေး

0
345
economictimes

အင်တာနက် အသုံးပြုမှုအတွက် စစ်ကောင်စီက အခွန်တိုးကောက်နေပြီဖြစ်သော်လည်း ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်များ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဖုန်းဆင်းကတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်မည့် သုံးလခံ ဥပဒေတစ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

သို့သော်လည်း ထားဝယ်ဈေးကွက်တွင် ဖုန်းဆင်းကတ် တစ်ကတ်ကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြင့် ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့အတွင်းက ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။

သို့သော် မှတ်ပုံ မတင်ရသေးသည့် ဖုန်းဆင်းကဒ်များဆိုလျှင် ဆော့ဝဲလ်ထဲဝင်ကာ မှတ်ပုံတင် မရဖြစ်နေသဖြင့် ဆင်းကဒ် လက်ဆောင်ပေး၍ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့၊ ဦးကျော်ရင်လမ်းရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“မှတ်ပုံတင် ပိတ်ထားတယ်။ ဆင်းကတ် တစ်ကတ်ရဲ့ တန်ဖိုးကို ၂၁၀၀၀ တွေ၊ ၂၂၀၀၀ တွေ ဖြစ်သွားပြီ ဆိုပြီး အတိအကျတော့ မထွက်လာသေးဘူး” ဟု အဆိုပါ ဖုန်းဆိုင်ပိုင်ရှင်က ဆိုသည်။

ဝယ်ယူစဉ်က မှတ်ပုံတင်ထားပေးသည့် ဆင်းကဒ်များကို လက်ရှိတွင် ယခင်ဈေးနှုန်း အတိုင်းသာ ရောင်းချနေပြီး ဖုန်းအသစ်ဝယ်သူများကိုလည်း မှတ်ပုံတင်ထားသည့် ဆင်းကဒ်များကိုသာ လက်ဆောင် ပေးနေကြောင်း ထားဝယ်မြို့ ဖုန်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်တုန်းက ကျန်တဲ့ ကတ်တွေပဲ လက်ရှိမှာတော့ ဒီတိုင်းပေးနေတယ်။ ကုန်သွားရင်တော့ မပြောတတ်ဘူးပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။

အော်ရီဒူးအော်ပရေတာကမူ ဆင်းကတ်မှတ်ပုံတင်မည်ဆိုပါက ငွေကျပ် ၂၁၁၀၀ ကို ဆင်းကဒ်အတွင်း‌ငွေဖြည့်သွင်းကာ မှတ်ပုံတင် အသုံးပြု၍ရမည်ဖြစ်ကြောင်း စာတိုပို့ အကြောင်းကြားလာကြောင်း ၎င်းက ပြောသည်။

ဆင်းကတ်အတွင်း မှတ်ပုံတင်ရန် ဖြည့်သွင်းလိုက်သည့် ငွေကျပ် ၂၁၁၀၀ ကျပ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ကျပ်ကို ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖုန်းအတွင်း ဆုကြေး ၁၀၀၀ နှင့် ဖုန်းဘေလ် ၁ ကျပ် ကျန်ခဲ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖုန်းဆင်းကတ် တစ်ကတ်လျှင် ငွေကျပ် ၂၁၀၀၀၊ ၂၂၀၀၀ ကျပ် ဖြစ်သွားပြီဆိုသည့် သတင်းများထွက် ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ဖုန်းအော်ပရေတာအချို့က တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးဟု ထားဝယ် ဖုန်းဆိုင်ဈေးကွက်အတွင်းမှ သိရသည်။