ပေါင်တွင် ကျောင်းဆရာမနှင့် ကျောင်သားများအပါအဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

0
377
ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှု ခံယူနေသည့် ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲက ကျောင်းသားများ

မွန်ပြည်နယ် ပေါင်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၁၀ ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။

ပေါင်မြို့နယ် ကျားဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ဆရာမတစ်ဦး နေမကောင်းသဖြင့် ကိုဗစ် ရောဂါပိုး ရှိ မရှိ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုး စတင်တွေ့ရှိ ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ ကျောင်းဆရာမနှင့် ထိတွေ့ဆက်စပ်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် စစ်ဆေးခဲ့ရာ နဝမတန်းကျောင်းသူ တစ်ဦးနှင့် ကျောင်းသား နှစ်ဦးတို့တွင် ရောဂါပိုးထပ်မံတွေ့ရှိ ကြောင်း မြို့နယ် ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။

၎င်းပြင် ပိုးတွေ့ဆရာမနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်များကို စစ်ဆေးရာတွင်လည်း မိသားစုဝင် ခြောက်ဦးတွင်လည်း ထပ်မံ ပိုးတွေ့ရှိခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“ပိုးတွေ့ ဆရာမနဲ့ ထိတွေ့ခဲ့တဲ့ ကျောင်းသား သုံးဦးရယ်၊ နောက် ဆရာမရဲ့ မိသားစုဝင်တွေထဲက ၆ ဦးရယ် ပိုးထပ်တွေ့တယ်” ဟု မြိုနယ် ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုပေးနေကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကျားဘို အထက်တန်းကျောင်းခွဲကို ပိုးသတ်ဆေးဖြန်းထားပြီး ယာယီပိတ်ထားလိုက်ကြောင်း အထက်ပါဌာနမှ သိရသည်။

ကိုဗစ်ပိုးတွေ့ ဆရာမနှင့် ထိတွေ့ခဲ့သူများကို ဇန်နဝါရီ ၁၄ ရက်တွင် ရောဂါပိုး ရှိ မရှိ ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဟုလည်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။