လောင်းလုံး ပန်းဒလဲရွာ သေနတ်ပစ်မှု နှစ်ဦး သေဆုံး

0
305
ပုံစာ- သေနတ်ပစ်ခံရပြီး သေဆုံးသွားသူ ဦးအုန်းနီ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ကို အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အရပ်ဝတ်၊ နှာခေါင်းစည်းအနက်တပ်၊ ဦးထုပ်ဆောင်းပြီး ရုပ်ဖျက်ထားသူတစ်ဖွဲ့သည် Vigo ကားတစ်စီးဖြင့် ရောက်လာပြီး လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ဆိုသည်။

ယင်းပစ်ခတ်မူကြောင့် အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ် ကိုနေနေ၊ အသက် ၆၀ ကျော်အရွယ် ဦးအုန်းနီ တို့နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် အခြားအမျိုးသားတစ်ဦးနှင့် လက်ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတွင်လည်း ဒဏ်ရာအနည်းငယ်စီရရှိခဲ့သည်ဟုဆိုသည်။ မည်သို့သော အကြောင်းရင်းကြောင့် ပစ်ခတ်သည်ကို မသိရပေ။

လာရောက်ပစ်ခတ်ခဲ့သည့် Vigo ကားထဲတွင် လူငါးဦးခန့်ပါနိုင်ပြီး သုံးဦးက ခုန်ဆင်းလာကာ ဆိုင်ပေါက်ဝမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးအနက်တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံ‌ရောက်မှ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။