ထားဝယ်ခရိုင်တွင် စစ်ဆေးမှုတင်းကြပ်

0
291

ထားဝယ်ခရိုင်၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးမြို့နယ်က နေ‌ရာအများစုတွင် တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း လမ်းသွား၊ လမ်းလာ ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့ထဲနေရာအချို့နှင့် လမ်းဆုံလမ်းခွများ၊ မြို့ဝင်ထွက်နေရာများတွင် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကမှ ညနေပိုင်းအထိ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။

မြို့ပြင်နေရာဖြစ်သည့် မောင်မယ်ရှောင်ကျေးရွာနှင့် ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းအဝင်လမ်းနေရာတို့တွင်လည်း စစ်ဆေးမှုများရှိနေကြောင်း ယင်းလမ်းပိုင်းကို သွားခဲ့သည့် မြို့ခံတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင် ပြောသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်သွား တောင်ပေါ်လမ်းတစ်နေရာဖြစ်သည့် ဒေသအခေါ် သုံးထပ်လမ်းတွင်လည်း စစ်သားအများအပြားက ယနေ့ညနေပိုင်းတွင် လမ်းသွား လမ်းလာများအား တားဆီးစစ်ဆေးနေကြောင်း စစ်ဆေးခံရသူတစ်ဦးက ပြောသည်။

“သုံးထပ်လမ်းမှာ တစ်ခါမှ မစစ်ဖူးဘဲနဲ့ အခုစစ်နေတာအများကြီးပဲ။ သုံးထပ်လမ်းက သိတဲ့အတိုင်းပဲအ‌ကွေ့၊ အကောက်တွေများတာဆိုတော့ သူတို့စစ်နေတာ အဝေးကနေမမြင်ရဘူး” ဟု အစစ်‌ဆေးခံခဲ့ရသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမူကြောင့် လမ်းသွားလမ်းလာအချို့ အဖမ်းခံခဲ့ရသော်လည်း အတိအကျကိုမူ စုံစမ်းမေးမြန်းနိုင်ခြင်းမရှိသေးပေ။

ထားဝယ်ခရိုင်စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးမြို့ထဲတွင် သေနတ်ပစ်ခံရပြီး လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင်လည်း ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

ယင်းအပြင် ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့ ခြံစည်းရိုးတွင်လည်း လူခေါင်းပြတ်တစ်ခုကို လာရောက်ချိတ်ဆွဲသည့် ဖြစ်စဉ်တို့ အောက်တိုဘာလ ၂၂ ရက်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။