ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား

0
154
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မား‌နေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။

အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

“အမြန်ရေယာဉ်က နားထားတယ်။ စက်လှေက ပုံမှန်အတိုင်းသွားနေရတယ်” ဟု ကျွန်းစုမြို့ အမှတ် ၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

အမြန်ရေယာဉ်တို့ရပ်နားသော်လည်း မြိတ်မှ ကျွန်းစုမြို့သို့ လူဆယ်ဦးခန့် တင်ဆောင်သည့် ကုန်တင်သစ်သားစက်လှေမှာနေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ယခင်က မြိတ်မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ် သုံးစီးကို အလှည့်ကျစနစ်ဖြင့် နေ့စဉ် အသွားအပြန် နှစ်ခေါက် ပြေးဆွဲလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျွန်းစု၌ ကိုဗစ်ပိုးတွေ့သူ ၁၁ ဦးနှင့် မြိတ်တွင် ၂၆ ဦးရှိကြောင်း သိရသည်။