မောတောင်နယ်စပ်တွင် နှာခေါင်းစည်း တစ်သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီး

0
140

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က နှာခေါင်းစည်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် သစ်သီးများသယ်ဆောင်လာသည့် တိုရိုတာဟိုင်းလတ် အမျိုးအစား မော်တော်ယာဉ်တစ်စီး၏ သစ်သီးများအောက်ဘက်တွင် စက္ကူကြုပ်တို့ဖြင့် ထုတ်ပိုးထားသည့် နှာခေါင်းစည်းတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပရာကျွတ်ခီရီခန်မှလာသော သတင်းများအရ သိရသည်။

ထိုသို့ နှာခေါင်းစည်းသယ်ခြင်းမှာ တရားမဝင်ဟုဆိုကာ ထိုင်းဘက်မှ ဖမ်းဆီးခြင်း ဖြစ်သည်။

“မျက်နှာစည်းတွေက ထိုင်းဂိတ်မှာပဲ ဖမ်းမိတာ အမှန်ပါပဲ” ဟု မြိတ်-ပရာကျွတ် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းဘက်မှ မြန်မာဘက်သို့ သယ်ယူမည့် နှာခေါင်းစည်းတို့အား ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် KF94 တံဆိပ်နှင့် သုံးလွှာမျက်နှာစည်း စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်အား စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်းအား ထိုင်းဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။