သစ်အလုံအလောက်မရ၍ လှေတည်ဆောက်ရေးလုပ်ငန်းများ အလုပ်နားရက်များ

0
463

သစ်အလုံအလောက်မရသဖြင့် ထားဝယ်မြို့ရှိ လှေတည်ဆောက်ရေး လုပ်ငန်းများ အလုပ်နားရသည့်ရက် များနေကြောင်း လှေတည်ဆောက်ရေး လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။


သစ်မလုံလောက်သည့်အတွက် အချို့လများတွင် ဆယ်ရက်ခန့် အလုပ် နားရသည်မျိုးရှိ၍ လုပ်ငန်းတွင် အခက် တွေ့လျက်ရှိသည်ဟု သိရသည်။
ယခင်က လှေ ဝမ်းဗိုက်အကျယ် ၂၆ ပေအထိ တည်ဆောက်ခဲ့ရသော်လည် လက်ရှိတွင် သစ်အခက်အခဲကြောင့် ၁၆ ပေအထိသာ အကြီးဆုံး တည်ဆောက် နိုင်သည်ဟု ထားဝယ်မြို့မှ လှေတည် ဆောက်ရေးလုပ်ငန်းရှင် ဦးအောင်က ပြောသည်။
“လှေလက်သမား လုပ်ရတာ အဆင်မပြေဘူး၊ အလုပ်မရှိတဲ့နေ့တွေ ရှိတော့ မိသားစုစားဝတ်နေရေး အဆင်မ ပြေလို့ ဆိုင်ကယ် ကယ်ရီပဲ ဆွဲနေတော့ တာ”  ဟု နှစ် ၂၀ ခန့်လှေတည်ဆောက်ရေး လက်သမား လုပ်ကိုင်ခဲ့ဖူးသည့် အိုးလုပ် ရပ်ကွက်မှ ကိုဝင်းနိုင်က ဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၃ – ၂၀၀၄ ခုနှစ်က ထားဝယ်ဒေသတွင် လှေတည်ဆောက်ရေး လုပ်ငန်းရှင် ၅ ဦးရှိရာမှ လက်ရှိတွင် တစ်ဦးသာ ကျန်တော့ကြောင်း လှေတည်ဆောက်ရေး လုပ်သားအချို့ထံမှ သိရသည်။
၂၀၀၃ခုနှစ်တုန်းက အလုပ်သမား အင်အား ၁၅၀ ခန့် အလုပ်အကိုင်ပေးနိုင် ခဲ့သော်လည်း အခုချိန်မှာ သစ်ရှားပါး လာခြင်းကြောင့် အလုပ်သမားဦးရေ ၄၀ကျော်သာရှိတော့ပြီး မနည်းရုန်း ကန်လုပ်ကိုင်နေရသည်ဟု ဦးအောင်က ရှင်းပြသည်။
လက်ရှိတွင် လက်သမားတစ်ဦး၏ အနိမ့်ဆုံးလုပ်အားခမှာ ၆၀၀၀ ကျပ်မှ အမြင့်ဆုံးလုပ်အားခမှာ ၁၃၀၀၀ကျပ် အထိရှိကြောင်း အလုပ်သမား အသိုင်း အဝိုင်းမှ သိရသည်။
ထားဝယ်ခရိုင်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သစ် ၅၀၀၀ တန် ထုတ်ခဲ့ပြီး၂၀၁၅-၂၀၁၆ဘဏ္ဍာ ရေး နှစ်တွင်လည်း သစ် ၅၀၀၀တန်ထုတ် ယူရန် လျာထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ထုတ် ပြန်ထားသော စာရင်းများအရ သိရ သည်။