ကိုဗစ်ကာလ ထိုင်းဘတ်ငွေ အရောင်းအဝယ်ပါး

0
173
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း ထိုင်းဘတ် ငွေလဲလှယ်သူနည်းပြီး အရောင်းအဝယ်ပါးနေကြောင်း ကော့သောင်းမြို့ပေါ်ရှိ ထိုင်းဘတ်ငွေလဲလှယ်နေသည့်ဆိုင် အချို့ထံမှ သိရသည်။

ငါးဖမ်းလှေအချို့ ပိတ်ထားပြီး ထိုင်းနိုင်ငံသို့ သွားလာမှု ပိတ်ထားသည့်အတွက် ဘတ်ငွေလဲလှယ်သူ အနည်းငယ်သာရှိကြောင်း ထိုင်းဘတ်ငွေ အရောင်းအဝယ်လုပ်နေသည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ငါးဖမ်းလှေလုပ်ငန်းတွေ၊ လမ်းခရီးတွေနဲ့က ဆက်နွယ်နေတော့ ဘတ်လဲတဲ့ဆိုင်တွေအတွက် အဆင်မပြေဘူးပေါ့။ အဲဒီလုပ်ငန်းတွေလမ်းခရီးတွေ ပြန်ဖွင့်မှပဲ အရင်လိုအဆင်ပြေပြေ ပြန်လည်ပတ်နိုင်လိမ့်မယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် ထိုင်းဘတ်ငွေ အရောင်းအဝယ်ပါးနေသော်လည်း မြန်မာငွေ လဲလှယ်နှုန်း မြင့်တက်နေပြီး အရောင်းအဝယ်မှာလည်း သုံးချိုးတစ်ချိုးခန့်ကျ ဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ဘတ်ဈေးကတော့တစ်နေ့နဲ့ တစ်နေ့မတူညီဘဲ အမြဲပြောင်းလဲနေပါတယ်” ဟု ဘတ်ငွေရောင်းဝယ်နေသည့် အသက် ၄၅ အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

နိုဝင်ဘာလတတိယပတ် ဈေးကွက် ပေါက်ဈေးအရ ထိုင်းဘတ် ၁၀ဝ လျှင် မြန်မာငွေ ၄၂၆၀ ကျပ် ဝန်းကျင်ရှိနေသည်။

ကော့သောင်းမြို့ရှိ ဈေးဆိုင်၊ စတိုးဆိုင်များတွင် ပစ္စည်းဝယ်ယူရာ၌ မြန်မာကျပ်ငွေအပြင် ထိုင်းဘတ်ငွေဖြင့်လည်း ပေးချေနိုင်သည်။

ထိုင်းဘတ်ငွေ လဲလှယ်ရောင်းဝယ် ရေးလုပ်ငန်းမှာ တရားမဝင်သော်လည်း ဒေသလိုအပ်ချက်အရ တွင်ကျယ်စွာ လုပ်ကိုင်နေကြသည်။